Print

သောက်ဆေးနှင့်ထိုးဆေး (အပိုင်း ၂)

  01-Mar-2017
Preview Image

ထိုးဆေးမှာ အဓိကအားဖြင့် သွေးကြောထဲကို ထိုးတဲ့အကြောဆေးနှင့် ကြွက်သားထဲကိုထိုးတဲ့ အသားဆေးဆိုပြီးရှိပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းမှာ မစုပ်ယူနိုင်တဲ့ဆေးတွေ၊ အစာအိမ်ထဲမှာ ဖျက်စီးခံရတဲ့ဆေးတွေ၊ သတိလစ်နေတဲ့ လူနာမျိုးတွေအတွက် ထိုးဆေးပဲသုံးရပါတယ်။ အကြောဆေးက ကိုယ်လုံးဖြန့်သွေးလည်ပတ်မှုထဲတန်းရောက်သွားတာဆိုတော့ လိုတဲ့နေရာကို မြန်မြန်ရောက်ပြီး အရမ်းထိရောက်ပါတယ်။ ထိုးလိုက်တဲ့ ပမာဏတိုင်းလည်း သွေးကြောထဲကို အကုန်ရောက်သွားပါတယ်။

 

ဒါကြောင့်အရေးပေါ်အခြေအနေတွေအတွက် အထူးသင့်တော်ပါတယ်။ လူနာရဲ့တုံ့ပြန်မှုနဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ဆေးပမာဏကို လိုသလိုချက်ချင်း အတိုးအလျှော့ လုပ်နိုင်ပါတယ်။ ပြင်းလွန်းတဲ့ ဆေးတွေဆိုရင်လည်း သကြားရည်၊ ဆားရည်ပုလင်းတွေထဲ ရောထည့်ပြီး အားပျော့သွားအောင် လုပ်နိုင်ပါတယ်။ သွေးထဲကို ဖြည်းဖြည်းမှန်မှန် အဆက်မပြတ် ရောက်စေချင်ရင် ပိုက်နဲ့ အစက်ချပြီး သွင်းလို့ရပါတယ်။ ပိုက်နှင့်ပုလင်းချိတ်ပြီး ပေးမယ်ဆိုရင် ဆေးကိုလီတာနဲ့ချီပြီး ပေးလို့ရပါတယ်။

 

သွေးကြောထဲ တန်းဝင်သွားတာဆိုတော့ ဆေးအာနိသင် များများနှင့်မြန်မြန် ရသလို ဘေးထွက်ဆိုးကျိုးတွေလည်း တစ်ပြိုင်တည်းပေါ်လာလေ့ရှိပါတယ်။ ဒါကြောင့် အကြောဆေးထိုးတဲ့အခါ ဆေးအများစုကို ဖြည်းဖြည်းပဲ သွင်းရပါတယ်။ တချို့ဆေး (ဥပမာ ရင်ကျပ်ရောဂါများထိုးတဲ့ အမိုင်နို) တွေဆို အကြောဆေးသွင်းတာမြန်သွားရင် အသက်အန္တရာယ်ဆောင်ရှိနိုင်ပါတယ်။ 

 

အဆီပါတဲ့ ဆေးတွေကိုလည်း အကြောဆေးအနေနဲ့ သုံးလို့မရပါဘူး။ အကြောဆေးထိုးတဲ့အခါ သွေးကြောရောင်ရမ်းတာတို့ သွေးကြောရဲ့ အပြင်ဘက်ကို မှားထိုးမိလို့ တစ်သျှူးတွေပုပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဆေးပမာဏလိုတာထက် များသွားခဲ့ရင်လည်း သွေးကြောတွေထဲကနေ ပြန်ထုတ်ယူဖို့ ပြန်ကယ်ဖို့ အရမ်းခက်သွားပါပြီ။ ဒါကြောင့် မလိုအပ်ဘဲ အကြောဆေးမထိုးသင့်ပါ။

 

အသားဆေးကတော့ ကြွက်သားတွေကတစ်ဆင့် သွေးကြောထဲကို သွားရတာဆိုတော့ ကြွက်သားတွေ လည်ပတ်စီးဆင်းမှုအပေါ် မူတည်ပါတယ်။ လက်မောင်း၊ ပေါင်၊ တင်ပါးတွေမှာ အသားဆေးထိုးလေ့ရှိပါတယ်။ တစ်နှစ်အောက်ကလေးတွေနဲ့ တွတ်တီးတွတ်တာ လမ်းလျှောက်တတ်ကာစ အရွယ်တွေမှာ ပေါင်ထဲကို ထိုးပေးလေ့ရှိပါတယ်။ အသက်သုံးနှစ်အထက် ကလေးတွေနဲ့ လူကြီးတွေမှာ ဆေးပမာဏနည်းရင် လက်မောင်းထဲထိုးနိုင်ပြီး။ ဆေးပမာဏများရင်တော့ တင်ပါးထဲ ထိုးပါတယ်။ 

 

အသားဆေးကို ငါးမီလီမီတာ ပမာဏထက် ပိုမထိုးရပါဘူး။ အမျိုးသမီးတွေမှာ တင်ပါးထိုးတာထက်စာရင် ပေါင်နဲ့လက်မောင်းကိုထိုးတာ ဆေးစုပ်ယူမှု ပိုမြန်ပါတယ်။ ကြွက်သားကိုမရောက်ခင် အရေပြားအောက်မှာ အဆီတွေအများကြီးခံနေရင် ဆေးစုပ်ယူမှုမကောင်းပါဘူး။ ပိန်လွန်း၊ ဝလွန်းသူတွေမှာ အသားဆေးထိုးရင် ခန့်မှန်းရခက်ပါတယ်။ဆေးထိုးထားတဲ့နေရာကို နှိပ်နယ်ပေးရင်၊ အပူပေးရင် သွေးလည်ပတ်မှုကောင်းပြီး အာနိသင်မြန်မြန်ရပါတယ်။ ရေခဲကပ်မိရင်တော့ သွေးကြောတွေကျဉ်းသွားတဲ့အတွက် ဆေးစုပ်ယူမှု မကောင်းပါဘူး။ 

 

အသားဆေးရဲ့ အာနိသင်ရဖို့က သောက်ဆေးထက် မြန်ပေမယ့် အကြောဆေးလောက် မမြန်ပါဘူး။ အသားဆေးမှာ ဖြည်းဖြည်းချင်း အာနိသင်ထုတ်ပေးတဲ့ ဆေးမျိုးတွေရှိပါတယ်။ (ဥပမာ-ကိုယ်ဝန်တားဆေးတွေမှာ နှစ်လခံတဲ့ဆေး၊ သုံးလခံတဲ့ဆေးတွေရှိပါတယ်) အသားဆေးထိုးတဲ့အခါ ဆေးအမျိုးအစားပေါ် မူတည်ပြီး အနည်းနဲ့အများ နာကျင်ပါတယ်။ အဆီများတဲ့ဆေး၊ ပျစ်တဲ့ဆေးတွေဆို ပိုနာပါတယ်။ သွေးမခဲဆေးသောက်နေတဲ့ လူနာတွေမှာ အသားဆေးထိုးရင် ကြွက်သားထဲမှာ သွေးထွက်တာတို့၊ သွေးမတိတ်တာတို့ဖြစ်နိုင်ပါတယ်။ သံဓာတ်ပါတဲ့ ထိုးဆေးတွေဆိုရင်လည်း အရေပြားပေါ် အညိုအမည်းအရောင်တွေ စွန်းထင်းတတ်ပါတယ်။ 

 

တင်ပါးထဲထိုးတဲ့အခါ နေရာမှားယွင်းပြီး အာရုံကြောတွေ၊ အရိုးတွေကို ဒဏ်ရာရသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အသားဆေးထိုးတဲ့အခါ ကြွက်သားများပျက်စီးမှု ရှိတဲ့အတွက် creatain kinase (ck) ဆိုတဲ့အင်ဇိုင်း သွေးထဲမှာ တက်လာလေ့ရှိပါတယ်။ တချို့ရာဂါတွေ ရှာဖွေစစ်ဆေးတဲ့အခါ ဒီအင်ဇိုင်းကို တိုင်းရတဲ့အတွက် သွေးစစ်ထားတဲ့အဖြေကို အဓိပ္ပာယ်ဖော်ပြတဲ့အခါ မှားယွင်းမှုတွေရှိနိုင်ပါတယ်။

 

အသားဆေး၊ အကြောဆေးတွေအပြင် အရေပြားကိုဆွဲမပြီး ကပ်လျက်တစ်သျှူးထဲကို ထိုးတဲ့နည်းလည်းရှိပါတယ်။ ဒီနည်းက လွယ်ကူတဲ့အတွက် လူနာတွေကို ဆေးထိုးနည်း သင်ပေးထားလို့တောင်ရပါတယ်။ ဥပမာ ဆီးချိုသွေးချိုရောဂါမှာ သုံးတဲ့ အင်ဆူလင်ဆေးဆို လူနာတွေကိုယ်တိုင် ထိုးတတ်ကြပါတယ်။ ကာကွယ်ဆေးအချို့ကိုလည်း ဒီလမ်းကြောင်းအတိုင်း ထိုးလေ့ရှိကြပါတယ်။ ကိုယ်ဝန်တားဆေးတွေထဲမှာလည်း လက်မောင်းအရေပြားအောက်မှာ မြှပ်ထားပြီး ငါးနှစ်နီပါး အာနိသင်ရအောင် စီမံထားတာမျိုးရှိပါတယ်။ 

 

အရေပြားအောက် ဆေးထိုးတဲ့အခါ ဆေးပမာဏအများကြီး ထိုးလို့မရပါဘူး။ သွေးလန့်တဲ့ အခြေအနေမျိုးမှာ အရေပြားအောက်တစ်သျှူးတွေဆီ သွေးရောက်ရှိမှု မကောင်းတဲ့အတွက် ဆေးစုပ်ယူမှု မကောင်းနိုင်ပါဘူး။ တစ်သျှူးကို အန္တရာယ်ဖြစ်စေတဲ့ ဆေးမျိုးထိုးမိရင်လည်း နာကျင်တာတွေ၊ တစ်သျှူးသေဆုံးသွားတာတွေအထိ ဖြစ်နိုင်ပါတယ်။ 

 

အသက်ရှူလမ်းကြောင်းထဲ တိုက်ရိုက်ရောက်စေချင်တဲ့ ဆေးတွေကိုတော့ ရှူဆေးအနေနဲ့ ပေးလေ့ရှိပါတယ်။ ရှူရတဲ့ဆေးတွေထဲမှာ အငွေ့ (ဒါမှမဟုတ်) အငွေ့ပျံလွယ်တဲ့အရည် (ဥပမာ မေ့ဆေး) တွေရှိသလို လေဖိအားနဲ့ မှုတ်သွင်းရတဲ့ အမှုန်တွေအနေနဲ့ ရှူရတာမျိုး (ဥပမာ ရင်ကျပ်ပျောက်ဆေး) လည်းရှိပါတယ်။ အသက်ရှူလမ်းကြောင်းထဲ တိုက်ရိုက်ရောက်သွားတဲ့အတွက် အာနိသင်ရတာ အရမ်းမြန်ပါတယ်။ အခြားနေရာတွေကို ဆေးမရောက်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ များလွန်းလို့ ရှူဆေးအနေနဲ့ ပေးလေ့ရှိပါတယ်။ 

 

ဆေးရှူဖို့ ရှူဆေးဘူးတွေ၊ လေဖိအားနဲ့ မှုတ်ဖျန်းပေးမယ့် စက်ကိရိယာတွေ လိုပါတယ်။ ဒါ့အပြင် ရှူနည်းစနစ် မှန်ကန်ဖို့လည်းလိုပါတယ်။ မရှူတတ်ရင် အဆုတ်ထဲမရောက်ဘဲ ပါးစပ်ထဲမှာတင် ဆေးတွေကုန်သွားတတ်ပါတယ်။ လေပြွန်တွေ ပွင့်နေမှာလည်း ရှူဆေးရဲ့ အာနိသင်ရမှာပါ။ လေပြွန်ထဲမှာ သလိပ်ခဲတွေ၊ ကင်ဆာကျိတ်တွေ ပိတ်နေရင် ထိရောက်မှု မရှိနိုင်ပါဘူး။ သောက်ဆေး၊ ထိုးဆေး သုံးသင့်တဲ့ အခြေအနေတွေ၊ 
အားသာချက်၊ အားနည်းချက်တွေ ကို အကြမ်းဖျင်း သိထားခဲ့ရင် ဘာကြောင့်သောက်ဆေးတွေပဲ သောက်ရတယ်။ ဒီတစ်ခါတော့ ဘာကြောင့် ဆေးထိုးလိုက်ရတယ်ဆိုတာကို သဘောပေါက်နားလည်လာမှာပါ။


Credit:
ဒေါက်မေမွန်
Wellness magazine, February 2015, Pg. 65-67


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18