Print

သောက်ဆေးနှင့်ထိုးဆေး (အပိုင်း ၁)

  01-Mar-2017
Preview Image

ဆရာဝန်တစ်ယောက်အနေနဲ့ လူနာကို ဆေးပေးတော့မယ်ဆိုရင် ထည့်စဉ်းစားရတဲ့ အချက်အလက်တွေက အများသား။ ခံစားနေရတဲ့ ဝေဒနာကို ကုသပေးနိုင်မယ့် ဆေးတွေထဲကမှ လူနာရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ အလုပ်အကိုင်၊ နဂိုရှိရင်းစွဲ ရောဂါတွေ၊ လက်ရှိသောက်နေတဲ့ ဆေးဝါးတွေ စသဖြင့် အခြေအနေအားလုံးနှင့် အဆင်ပြေမယ့် ဆေးမျိုးကို အသေးစိတ် ချင့်ချိန်ရွေးချယ်ရပါတယ်။ ဆေးအမျိုးအမည် ရွေးပြီးသွားပြန်ရင်လည်းဆေးကိုသောက်ခိုင်းမှာလား၊ ထိုးပေးလိုက်မှာလား၊ ရှူခိုင်းမှာလား၊ လိမ်းဆေးအနေနဲ့ ပေးမှာလားဆိုတာ နောက်တစ်ဆင့်တက်ပြီး စဉ်းစားရပါတယ်။

 

တချို့လူနာတွေက သောက်ဆေးကို အထင်မကြီးဘဲ ဆေးထိုးလိုက်ရမှ ကျေနပ်တတ်ကြပါတယ်။ တချို့ကျပြန်တော့လည်း ဆေးထိုးရမှာ အရမ်းကြောက်ပြီး ငြင်းဆန်တတ်ကြပါတယ်။ သောက်ဆေးနဲ့ ပြီးသွားနိုင်တဲ့ ဝေဒနာတွေရှိသလို၊ မဖြစ်မနေဆေးထိုးရမယ့် အချိန်အခါမျိုးလည်း ရှိတတ်ပါတယ်။ တကယ်တော့ သောက်ဆေးမှာပဲဖြစ်ဖြစ် အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိပါတယ်။ 

 

ဆေးပေးတဲ့နည်းတွေထဲမှာ သောက်ဆေးက အသုံးအများဆုံးနဲ့ အန္တရာယ်အကင်းဆုံးပါပဲ၊ မနာမကျင် ကရိကထမများဘဲ ကာယကံရှင်အတွက် အရမ်းကို အဆင်ပြေလွယ်ကူပါတယ်။ အော့အန်နေတဲ့အချိန်၊ သတိလစ်နေတဲ့အချိန်၊ ဝက်ရူးပြန်နေတဲ့ အချိန်မျိုးကလွဲလို့ ဆေးသောက်ရတာ ဘာအခက်အခဲမှ မရှိပါဘူး။ နှစ်ရှည်လများ စွဲသုံးရမယ့်ဆေးတွေ၊ တစ်နေ့လေးငါးကြိမ်လိုတဲ့ ဆေးတွေဆိုလည်း သောက်ဆေးမှဖြစ်မှာပါ။ ကာယကံရှင်လူနာက အချိန်မှန်မှန် မမေ့မလျော့ သောက်တတ်ဖို့၊ လိုက်နာတတ်ဖို့ပဲဖြစ်ပါတယ်။ သောက်ဆေးနဲ့ ထိုးဆေးယှဉ်ရင် သောက်ဆေးတွေက စျေးပိုသက်သာပါတယ်။ သောက်ဆေးတွေမှာ ခဏခဏ သောက်စရာမလိုဘဲ အာနိသင်ကြာကြာခံနိုင်အောင် ပြုပြင်ဖန်တီးထားတဲ့ ဆေးမျိုးတွေ (Modified release, Sustained release) လည်း ရှိပါတယ်။

 

ဆေးသောက်ရတာ ထိုးဆေးတွေနဲ့ယှဉ်ရင် အတော်အသင့် ဘေးကင်းပါတယ်။ဆေးသောက်မယ့် ပမာဏ မှားယွင်းပြီး အများကြီး သောက်မိသွားရင်တောင် အချိန်မီသိခဲ့ရင် အော့အန်အောင် လုပ်ပြီးပဲဖြစ်ဖြစ်၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဆေးကြောပြီးပဲဖြစ်
ဖြစ်၊ အူထဲက မစုပ်ယူနိုင်အောင် ဆေးတိုက်ပြီးပဲဖြစ်ဖြစ် ကယ်တင်နိုင်ပါတယ်။ ဆေးနဲ့ဓာတ်မတည့်တဲ့ ပြဿနာဖြစ်လာခဲ့ရင်လည်း ထိုးဆေးတွေက ပိုပြင်းထန်ပြီး အန္တရာယ်များပါတယ်။ 

 

သောက်ဆေးနဲ့ ကုသတဲ့အခါ လိုအပ်တဲ့ တစ်သျှူးတွေ၊ အင်္ဂါအစိတ်အပိုင်းတွေဆီရောက်ဖို့ သွားရတဲ့ ခရီးက ရှည်လျားပါတယ်။ ချက်ချင်းပျောက်ချင်လို့ မရပါဘူး။ ဆေးပြားတွေ၊ ဆေးတောင့်တွေက ရေနှင့်မျိုချလိုက်ပြီးရင် အစာအိမ်နှင့် အူလမ်းကြောင်းထဲက အရည်တွေထဲမှာ အရင်ပြိုကွဲ ပျော်ဝင်ရပါတယ်။ ဝါးစားရတဲ့ဆေးတွေ၊ ဆေးအမှုန့်တွေ၊အရည်တွေဆိုရင် ပျော်ဝင်ဖို့ ပိုလွယ်ပါတယ်။ ပြီးမှ အူလမ်းကြောင်းနံရံက သွေးကြောတွေရဲ့ စုပ်ယူခြင်းကို ခံရပါတယ်။ ဆေးသောက်ပြီး ၁ နာရီကနေ ၃ နာရီအတွင်းမှာ သောက်လိုက်တဲ့ ဆေးရဲ့လေးပုံတစ်ပုံလောက် စုပ်ယူခံရပါတယ်။

 

အဲဒီမှတစ်ဆင့် ကိုယ်လုံးဖြန်း သွေးပတ်လည်မှုထဲ မရောက်ခင် အသည်းကို ဖြတ်ရပါသေးတယ်။ အသည်းကို ဖြတ်တဲ့အချိန်မှာ အသည်းက ဆေးအချို့ကို ယူပြီး ခြေဖျက်လေ့ရှိတာကြောင့် သောက်လိုက်တဲ့ ဆေးပမာဏအတိုင်း အာနိသင်အပြည့်အဝမရနိုင်ပါဘူး။ အသည်းက ယူဖျက်စီးတဲ့ ပမာဏအနည်းအများက ဆေးအမျိုးအစားအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ အသည်းက အများကြီးယူဖျက်တတ်တဲ့ ဆေးမျိုးဆိုရင် လိုအပ်တဲ့ပမာဏထက် ပိုသောက်ရတာတို့၊ အသည်းကိုမဖြတ်ရအောင် ဆေးကိုတခြားနည်းပြောင်းပေးတာတို့ လုပ်ရပါတယ်။ ဥပမာ-နှလုံးသွေးကြောကျဉ်းရောဂါမှာ ရင်ဘတ်အောင့်လာရင် ပေးတဲ့ဆေးဆို အသည်းက ၉၀ ရာခိုင်နှုန်းကျော်လောက် ယူဖျက်တတ်တဲ့အတွက် မမျိုချခိုင်းဘဲ ငုံးခိုင်းရပါတယ်။ 

 

လျှာအောက်မှာ ငုံလိုက်တဲ့အခါ လျှာအောက်က ဆဲခြည်မျှင်သွေးကြော လေးတွေကတစ်ဆင့် ကိုယ်လုံးဖြန့်သွေးလည်ပတ်မှု ထဲကို တန်းရောက်သွားပါတယ်။ အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းစသဖြင့် အဆင့်ဆင့် ဖြတ်စရာမလို တော့တဲ့အတွက် အာနိသင်မြန်မြန်ရသလို အသည်းရဲ့ ခြေဖျက်ခြင်းကိုလည်း မခံရတော့ပါဘူး။ သောက်ဆေးရဲ့ အာနိသင်ရဖို့ အချိန်စောင့်ရသလို ဖြတ်ရတဲ့လမ်းကြောင်းမှာ အခက်အခဲ အတားအဆီးတွေလည်း ရနိုင်ပါတယ်။

 

တချို့ပင်နစလင်ဆေးတွေဆို အစာအိမ်ထဲက အက်စစ်တွေက ဖျက်ဆီးတတ်တဲ့အတွက် ထိုးဆေးအနေနဲ့ပဲ ပေးရပါတယ်။ သွေးချိုဆီးချိုရောဂါမှာသုံးတဲ့ အင်ဆူလင် ဆေးဆိုရင်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အဖျက်ခံရလို့ သောက်ဆေးအနေနဲ့ပေးလို့မရပါဘူး။

 

ပါးစပ်ကမသောက်ခိုင်းဘဲ စအိုကနေ ထည့်ခိုင်းတဲ့ဆေးတွေလည်းရှိပါတယ်။ အစာအိမ်နှင့်အူလမ်းကြောင်းကနေ တစ်ဆင့်ပဲသွားတာပါ။ အော့အန်နေတဲ့ အချိန်တွေ၊ ခွဲစိတ်ပြီးခါစ ဆေးသောက်ဖို့ မသင့်တော်သေးတဲ့ အချိန်တွေမှာ သုံးလေ့ရှိပါတယ်။ အစာအိမ်ကို ဒုက္ခပေးနိုင်တဲ့ ဆေးမျိုးတွေဆိုရင်လည်း ဒီလမ်းကြောင်းက သင့်တော်ပါတယ်။ စအိုကနေ ထည့်လိုက်တဲ့ဆေးရဲ့ ၅၀ ရာခိုင်နှုန်းလောက်က အစာဟောင်းအိမ်မှာ စုပ်ယူခံရတဲ့အတွက် အသည်းကို ဖြတ်ကျော်စရာ မလိုတော့ပါဘူး။

 

အရေပြားတွေအတွက်တော့ လိမ်းဆေးတွေကို အသုံးများပါတယ်။ အဆီပါရင် အရေပြားက ပိုများများ စုပ်ယူနိုင်ပါတယ်။ ရောဂါဖြစ်နေတဲ့ အရေပြားနေရာကို ကွက်ပြီးလိမ်းရုံပါပဲ။ ဒါကြောင့် ဘေးထွက်ဆိုးကျိုး မရှိသလောက်ပါပဲ ဒါပေမဲ့ ဆေးနဲ့ဓာတ်မတည့်ခဲ့ရင်တော့ ယားယံတာတွေ၊ ပူစပ်ပူလောင်ဖြစ်တာတွေ ခံစားရတတ်ပါတယ်။ 

 

အရေပြားကို အလွယ်တကူ ဖြတ်နိုင်တဲ့ ဆေးအချို့ကို အရေပြားပေါ်မှာ ကပ်ပြီးပေးတာမျိုးလည်း ရှိပါတယ်။ ဥပမာ ဆေးလိပ်ဖြတ်တဲ့အခါသုံးတဲ့ Nicotine၊ ခရီးသွားရင်း မူးဝေအော့အန်တတ်သူတွေအတွက် Scopolamin ဆေးနဲ့၊ ကျား၊ မ ဟော်မုန်းဆေးတွေပဲဖြစ်ပါတယ်။ အရေပြားအခြေအနေပေါ် မူတည်ပြီး ဆေးစုပ်ယူမှုကွာခြားပါတယ်။ ပွန်းပဲ့ထားတဲ့နေရာ၊ အမွေးအမှင် မရှိတဲ့နေရာ၊ မီးလောင်ထားတဲ့နေရာ၊ ရောင်ရမ်းနေတဲ့နေရာတွေမှာ ဆေးစုပ်ယူမှု ပိုအားကောင်းပါတယ်။ 


Credit:
ဒေါက်မေမွန်
Wellness magazine, February 2015, Pg. 65-67



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18