Print

အစာအိမ်ကင်ဆာအကြောင်းသိကောင်းစရာ

  01-Mar-2017
Preview Image

ဖြစ်ပွားမှု
အစာအိမ်ကင်ဆာသည် ကမ္ဘာပေါ်တွင် အဆုတ်ကင်ဆာဖြစ်ပြီးလျှင် ဒုတိယအဖြစ် အများဆုံး ကင်ဆာဖြစ်သည်။ လူ့ခန္ဓာကိုယ်ရှိ အစာလမ်းကြောင်းတွင် ဖြစ်ပွားသည့် ကင်ဆာများအနက် အဖြစ်များသည့်ကင်ဆာလည်း ဖြစ်သည်။ အစာအိမ်ကင်ဆာသည် အသက် ၄၀ ကျော်အရွယ်တွင် အဖြစ်များသည်။ အသက် ၅၀ နှင့် ၇၀ ကြားတွင် အဖြစ်ပွားနိုင်ဆုံးဖြစ်သည်။ အသက်အရွယ် မရွေးဖြစ်နိုင်ချေရှိသည်။ 

 

ဖြပွားရသည့်အကြောင်းအရင်းစ်
အစာအိမ်ကင်ဆာဖြစ်ပွားမှုသည် အစားအသောက်နှင့် ဆက်နွှယ်နေသည်။အောက်ပါအစားအစာ တို့အား မကြာခဏကြာရှည်စွာ စားသုံးသူတို့တွင် အစာအိမ်ကင်ဆာဖြစ်နိုင်သည်။ 

 

(၁) ကြာရှည်ခံရန်ပြုလုပ်ထားသည့် ငါးပိ၊ ငါးပိကောင်၊ ဝက်ပေါင်ခြောက်
(၂) ကျပ်တင်ထားသည့် ဆတ်သားခြောက်
(၃) ချဉ်ဖတ်
(၄) သနပ်
(၅) ဆားစိမ်
(၆) ယမ်းစိမ်း၊ နိုက်ထရိတ်၊ ပါသည့် ငါးခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်း
(၇) အသားကင်
(၈) ဖုတ်ထားသည့်ငါးခြောက်

အောက်ပါအခြေအနေ ရှိသူတို့တွင် အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေများသည်။ 


(၁) နာတာရှည် အစာအိမ်ရောင်ရောဂါရှိသူ (Chronic Atrophic Gastritis)
(၂) အစာအိမ်တွင် အလုံးရှိသူ (Adenomatous Gastric Polpy) ရှိသူ 
(၃) ဗီတာမင်ဘီ (Vitamin B12 ) ချို့တဲ့၍ဖြစ်သော သွေးအားနည်းရောဂါ ရာဇဝင်ရှိသူ
(၄) အစာအိမ်အနာကြောင့် အစာအိမ်အစိတ်အပိုင်းအချို့ ဖြတ်ထုတ်ထားသူ
(၅) မိဘတွင် အစာအိမ်ကင်ဆာ ဖြစ်ခဲ့သည့် မျိုးရိုးရှိသူ 
ဆေးလိပ်သောက်သူတို့တွင် အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေ တစ်ဆခွဲမှ ၃ ဆအထိ ပိုမိုများသည်။ 

 

ရောဂါလက္ခဏာများ
အစာအိမ်ကင်ဆာသည် စတင်ဖြစ်ပွားချိန်တွင် ရောဂါလက္ခဏာ မပြသဖြင့် စောစီးစွာ ကြိုတင်သိရှိနိုင်ရန် ခက်ခဲသည်။ နောက်ကျမှ ရောဂါလက္ခဏာ ပေါ်ပေါက်သဖြင့် ကုသရန် နောက်ကျမှုဖြစ်ရသည်။ စတင်ပေါ်ပေါက်လေ့ရှိသည့် ရောဂါလက္ခဏာများမှာလည်း လေပွခြင်း၊ လေတက်ခြင်း၊ ဗိုက်ပြည့်ခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း စသည့်အခြားအစာအိမ် အနာကဲ့သို့ ထင်မှတ်ပြီး ဆရာဝန်ထံမပြခြင်း၊ သင့်လျော်သလို ဆေးသောက်ခြင်းတို့ကြောင့် ရောဂါတွေ့ရှိမှု ပိုမိုနောက်ကျရသည်။ အစာအိမ်အထက်ပိုင်းတွင် ကင်ဆာဖြစ်လျှင် အစာမျိုပြွန်ကင်ဆာ၏ ရောဂါလက္ခဏာများနှင့် တူညီသည်။ အစာစားသည့်အခါ နင်တတ်သည်။ အစာသီးနိုင်သည်။

 

အစာမျိုရ ခက်လာနိုင်သည်။ အခြေအနေ ဆိုးလျှင်သွေးအန်ခြင်း၊ ဝမ်းအမည်းရောင်သွားခြင်းတို့ ဖြစ်သည်။ အစာအိမ်အောက်ပိုင်းတွင် ကင်ဆာဖြစ်လျှင် အစာလမ်းကြောင်းပိတ်သဖြင့် အစာများ ပြန်အန်တတ်သည်။ အစာအိမ်ကိုယ်ထည်ပိုင်းတွင်ဖြစ်သည့် ကင်ဆာသည် ဗိုက်နာခြင်း၊ ဗိုက်အောင်ခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်နိုင်သည်။ အစာအိမ်အနာကြောင့် ဗိုက်အောင့်ခြင်းနှင့် ခွဲခြားရန်ခက်သည်။ 

 

ရောဂါရှာဖွေခြင်း
အစာအိမ် ကင်ဆာဖြစ်ပွားမှု ရှိမရှိသိနိုင်ရန်မှာ ဖော်ပြပါ လက္ခဏာများရှိလျှင် အစာအိမ်အတွင်းသို့ မှန်ပြောင်းထည့်၍ ကြည့်ခြင်း (Endoscopy) ပြုလုပ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ကင်ဆာဆဲလ်များကို စစ်ဆေးရန် အသားစယူခြင်း၊ အိပ်ချ်ပိုင်လိုရီပိုး(H.pylori) ကို စစ်ဆေးရန် ဓာတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

 

ကုသခြင်း
အစာအိမ်ကင်ဆာကို ကုသရာတွင် ခွဲစိတ်ကုသခြင်းကို အဓိကထား၍ ကုသသည်။ ခွဲစိတ်ပြီးနောက် ဆေးဝါးဖြင့်ကုသခြင်း (Chemotherapy) သို့မဟုတ် ဆေးဝါးဖြင့် ကုသခြင်းနှင့်အတူ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (radiotherapy) ကိုပါ နောက်ဆက်တွဲ ကုသသည်။ ယင်းမှာ လူနာ၏ အခြေအနေပေါ်တွင် မူတည်သည်။ ခွဲစိတ်ကုသရာတွင် အစာအိမ်တစ်ခုလုံးကို ခွဲစိတ်ဖြတ်ထုတ်ခြင်း (Total gastrectomy) နှင့် အစာအိမ်တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ခြင်း (Partial Gastrectomy) အား ကင်ဆာဖြစ်ပွားသည့် အခြေအနေပေါ် မူတည်ပြီး ပြုလုပ်သည်။ အစာအိမ်ကို ဖြတ်ထုတ်ခြင်းနှင့်အတူ ပြန်ရည်ကျိတ် (Lymph gland) များကိုပါ ထုတ်ပစ်သည်။ 

 

အချို့လူနာများကို ရောဂါဝေဒနာသက်သာစေရန်အတွက် လမ်းကြောင်းလွှဲ ကုသခြင်း (Surgical Bypass procedure) ကို ပြုလုပ်ပေးနိုင်သည်။ အိပ်ချ်ပိုင်လိုရီပိုး တွေ့ရှိရသူတို့တွင် ပိုးသေစေသည့် ပဋိဇီဝဆေးသောက်ရန် လိုအပ်သည်။ ပင်နင်စလင်၊ တက်ထရာဆိုက်ကလင်း၊ အယ်ရီသရိုမိုင်စင်၊ ဂျင်တာမိုင်စင်၊ မက်ထရိုနိုင်ဒါဇိုးလ်နှင့် ဘစ်မတ်ကွန်ပေါင်းဆေးတို့ကို အသုံးပြုနိုင်သည်။

 

ကာကွယ်ရေး
၁။ အစားအစာရှောင်ကြဉ်ခြင်း

အစာအိမ်ကင်ဆာဖြစ်ပွားမှုသည် အစားအသောက်နှင့် ဆက်နွှယ်နေသည်ဟု ခိုင်မာစွာတွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။ အစာအိမ်ကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ရန် အောက်ပါအစားအစာတို့ကို ရှောင်ကြဉ်ပါ။

(၁) အသားကင်
(၂) ဆတ်သားခြောက်
(၃) ဝက်အူချောင်း
(၄) ကြက်အူချောင်း
(၅) ကျပ်တင်အစာများ
(၆) ဝက်ပေါင်ခြောက်
(၇) ငါးပိ၊ ငါးပိကောင်
(၈) ဟင်းရွက်ချဉ်ဖတ်
(၉) အသီးသနပ်
(၁၀) ဆားရည်စိမ် ဟင်းရွက််၊ အသီးအနှံများ 

 

မိဘများရိုးတွင် အစာအိမ်ကင်ဆာဖြစ်ဖူး သူတို့သည် ယင်းအစားအစာတို့ကို မလွဲမသွေ ရှောင်ကြဉ်ရန် ပိုမိုလိုအပ်သည်။

 

(၂) ဆေးလိပ်ရှောင်ကြဉ်ခြင်း

ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကြဉ်ရန်လိုအပ်သည်။ 

 

(၃) အိပ်ချ်ပိုင်လိုရီပိုးရှိလျှင်ကုသခြင်း

အစာအိမ်တွင် အိပ်ချ်ပိုင်လိုရီပိုး တွေ့ရှိလျှင် ဆရာဝန်ထံပြသပြီး ပဋိဇီဝဆေးဖြင့် ကုသမှုခံယူရမည်။

 

(၄) အသက် ၅၀ ကျော်တွင် ကြိုတင်စမ်းသပ်ခြင်း

အသက် ၅၀ ကျော်အရွယ်တွင် ဗိုက်တွင် ကြာရှည်စွာ သရိုးသရီဖြစ်ခြင်း၊ အစာနင်ခြင်း၊ မကြာခဏလေတက်ပြီး သာမန်ကုသမှုဖြင့် မပျောက်ခြင်းတို့ဖြစ်လျှင် ဆရာဝန်ထံပြသပြီး အစာအိမ်ကင်ဆာ ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးရပါမည်။

 

(၅) အစာအိမ်တွင် အလုံး၊ ခွဲစိတ်ထားမှုရှိလျှင် ကြိုတင်စမ်းသပ်ခြင်း

အစာအိမ်တွင် အလုံး၊ သို့မဟုတ် အစာအိမ်အနာကြောင့် အစာအိမ်အစိတ်အပိုင်း ခွဲစိတ်ထုတ်ဖြတ်ထားရခြင်းရှိ်လျှင် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိ ဆရာဝန်ထံ ကြိုတင်ပြသပြီး စမ်းသပ်စစ်ဆေးမှုကို ခံယူရမည်ဖြစ်သည်။

 

(၆) နာတာရှည်အစာအိမ်ရောင်ရောဂါရှိသူတို့တွင်ကြိုတင်စမ်းသပ်ခြင်း

မိမိတွင် နာတာရှည် အစာအိမ်ရောင်ရောဂါ ရှိနေပါက အစာအိမ်ကင်ဆာ ရှိမရှိ ဆရာဝန်ထံပြသ စစ်ဆေးမှုကို ပြုလုပ်ရန် လိုအပ်ပါသည်။

 

(၇) လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စားသုံးခြင်း

အစာအိမ်ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ကို လျော့နည်းစေသည်။ လေ့လာမှုများအရ အဝါရောင်၊ အနီရောင်ရှိသည့် သီးနှံများတွင် ပါရှိသည့် ဘီတာကယ်ရိုတင်းနှင့် ဗီတာမင်စီပါရှိသည့် အစားအစာများ စားခြင်းသည် အစာအိမ်ကင်ဆာဖြစ်စေနိုင်သော အန္တရာယ်ကို လျော့ကျစေသည်။


Credit:
ဒေါက်တာအောင်သန်း
အဖြစ်များသောကင်ဆာရောဂါများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18