Print

ငါးနှင့် ကျန်းမာရေး ကောင်းကျိုးများ

  01-Mar-2017
Preview Image

 

ငါးဟာ ကျွန်မတို့အားလုံးကို အကျိုးပြုတဲ့ အစားအစာပါ။ ဆေးပညာနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်တဲ့သူတွေကတော့ ငါးကို အရမ်းသဘောကျကြပါတယ်။ ငါးနဲ့နှလုံး Fish & Heart တဲ့ ။ သူတို့ သတ်မှတ်ကြတာပါ။ နှစ်မျိုးလုံးစားရင်တောင် ပြင်းထန်တဲ့နှလုံးရောဂါ ဖြစ်ပွားနိုင်မှုဟာ ၃၆ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတယ်လို့ ဆိုကြပါတယ်။ ချောင်းမြောင်းတွေ ပေါများတဲ့ ကျွန်မတို့အတွက် ဒီအချက်ကိုလိုက်နာဖို့ အရမ်းလွယ်ပါတယ်။ တချို့ငါးရှားတဲ့ နေရာတွေရှိတော့ ရှိကြပါတယ်။ ဒါပေမဲ့ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ စားဖြစ်ပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေထက် ကျွန်မတို့ဆီမှာ နှလုံးရောဂါဖြစ်ပွားမှုနှုန်း နည်းတာဖြစ်ပါလိမ့်မယ်။ 

 

ဒီနေရာမှာ ကျွန်မတို့ဟာ ငါးရဲ့အဆီ Fish Oil ကို ကျေးဇူးတင်သင့်ပါတယ်။ သွေးအထဲမှာ Omega 3 Fatty Acids တွေကို သဘာဝအတိုင်း ပေါပေါများများ တွေ့ရတယ်။ အဲဒီအက်ဆစ်ဟာ နှလုံးကို ကာကွယ်ပေးတဲ့ အဓိကမဏ္ဍိုင်ကြီး ဖြစ်ပါတယ်။ ငါးရဲ့အဆီဟာ နှလုံးခုန်သံကို မှန်ကန်စပါတယ်။ သွေးကြောတွေကို ကျဉ်းပိတ်စေတဲ့ Triglycerides လို့ခေါ်တဲ့အဆီတွေကိုလည်း လျှော့ချပေးပါတယ်။ သွေးကြောတွေရောင်တာ၊ ပိတ်တာကို ကျစေတဲ့အတွက် သွေးတိုးရောဂါကိုလည်း ကာကွယ်ပေးပြီးသား ဖြစ်နေပါတယ်။ တခြား အသားဟင်းတွေထက် ကယ်လိုရီပါဝင်မှု၊ အဆီပါဝင်မှုကလည်း နည်းပါတယ်။ ဒါကြောင့် အိမ်ရှင်မတွေအနေနဲ့ ဟင်းစား စဉ်းစားတဲ့အခါမှာ အားလုံးအတွက် အဆင်ပြေတဲ့ ငါးဟင်းကိုသာ ထိပ်ဆုံးထားပြီး စဉ်းစားသင့်ပါတယ်။

 

ကျွန်မတို့ ပြင်ဆင်ထားတဲ့ ထမင်းဝိုင်းမှာ ငါးဟင်းသာပါမယ်ဆိုရင် အိမ်သူအိမ်သားအာလုံးရဲ့ နှလုံးအတွက်သာ စိတ်ချရတာတင် မကပါဘူး။ ဦးနှောက်အတွက်ပါ ကောင်းတယ်လို့ပြောလို့ရပါတယ်။ Omega 3 Fatty Acids ဟာ ဦးနှောက်ကို ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ နေ့စဉ်လုပ်နေကျ အလုပ်တွေ အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့၊ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ ပုံမှန်အတိုင်း ထိန်းထားနိုင်ဖို့ကို ကူညပေးပါတယ်။သွေးကြောအတွင်း သွေးမခဲအောင် ဟန့်တားနိုင်တဲ့အတွက် ဦးနှောက်သွေးကြောပိတ်ပြီး လေသင်တုန်းဖြတ်တာ၊ လေဖြတ်တာမျိုးတွေလည်း နည်းပါးသွားပါတယ်။ အတိအကျပြောရရင် ၄၄ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။ 

 

Omega 3 Fatty Acids ဟာ ဦးနှောက်ရဲ့ Chemicals တွေဖြစ်တဲ့ Serotonin နဲ့ Dopamine ပမာဏကို မြင့်တက်စေပါတယ်။ အဲဒီ Chemicals တွေဟာ စိတ်ကျရောဂါကို ကာကွယ်နိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုဖြစ်စေတဲ့ Chemicals တွေကိုတော့လျော့နည်းစေပါတယ်။ ဒါကြောင့် ငါးဟာ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်တင် အရေးပါတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်နေစိတ်ထားတွေ အတွက်ပါ အထောက်အကူပြုနေပါတယ်။ကိုယ်ဝန်ဆောင်သည် မိခင်တစ်ယောက်ဆိုရင်လည်း ငါးကိုပုံမှန်စားပေးသင့်တဲ့ အကြောင်းရင်းက အခိုင်အမာကို ရှိနေပါတယ်။ ငါးဟာ ကလေးရဲ့ အာရုံကြော ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကူညီပေးနိုင်ပါတယ်။ ငါးစားတဲ့ မိခင်တစ်ယောက်ကမွေးတဲ့ ကလေးဟာ တခြားကလေးတွေထက် ပိုထူးချွန်ကြပါတယ်။

 

အထူးသဖြင့် နှုတ်နဲ့ပတ်သက်တဲ့ ဉာဏ်ရည်စမ်းသပ်မှုတွေမှာ ပိုထက်မြက်တာကို တွေ့ရပါတယ်။ စကားအရာမှာလည်း ကြွယ်ဝပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်တွေဟာ ငါးစားသင့်ပါတယ်။ တချို့ငါးညှီနံ့ မခံနိုင်တဲ့သူတွေဟာ ငါးမစားချင်ဘူးဆိုရင်လည်း ဆရာဝန်တွေနဲ့ တိုက်ပင်ပြီး Omega 3 Fatty Acids ပါတဲ့ ဖြည့်စွက်အားဆေးတွေ သောက်သင့်ပါတယ်။အရွယ်ရောက်နေတဲ့ အမျိုးသားတစ်ယောက်ဟာ တစ်ပတ်မှာ ငါးတစ်ကြိမ်လောက်စားရင် သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ တခြားသူတွေထက် ၁၁ ရာခိုင်နှုန်း ပိုထက်မြက်ပါတယ်။ ဒါ့အပြင် ငါးစားသုံးတဲ့သူတွေဟာ စိတ်ပျံ့လွင့်တဲ့ ရောဂါ Dementia ဖြစ်နိုင်ခြေတွေ နည်းလာပါတယ်။ ဒါက Omega 3 Fatty Acids ပါတဲ့ ငါးအကြီးတွေကို ပြောတာပါ။ လေးဖက်နာရောဂါ၊ အဆစ်အမျက်ရောင် ကိုက်တာတွေကိုလည်း သက်သာစေပါတယ်။ နှင်းခူ၊ တင်းတိပ်တို့လို့ အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေမှာ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အရိုးပွရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။

 

အရိုးပါစားလို့ရတဲ့ ငါးအသေးလေးတွေကလည်း ကျွန်မတို့အတွက် ကောင်းတာပါပဲ။ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ခေါင်းတစ်ရာသားဖြစ်တဲ့ ငါးအသေးအနုတ်၊ ပုစွန်ဆိတ်တွေကို စားပေးရင် အရိုးအတွက် ကောင်းပါတယ်။ အခုနောက်ပိုင်းကျတော့ ဒါဟာ သွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါအတွက် ကောင်းတယ်လို့ ဆိုပါတယ်။ ရင်ကျပ်ပန်းနာ၊ မျိုးရိုးဗီဇနဲ့ ပတ်သက်တဲ့ ရောဂါတွေမှာ ငါးစားပေးရင် အကျိုးရှိမရှိကိုလည်း သုတေသနပြုနေတဲ့ သူတွေက ထပ်ပြီးရှာနေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးအတွက် ငါးဟာ အစားသင့်ဆုံးလို့ပြောရမှာဖြစ်ပါတယ်။


Credit:
နှင်းနုလွင် (ဆေးဝါး)
Health for all magazine, June 2016, Pg. 77

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18