Print

ဆီးချိုသွေးချိုုုရောဂါသည်များနှင့် စားသင့်သောအစားအစာများ

  01-Mar-2017
Preview Image

နေ့စဉ်စားသုံးသော အစားအစာများတွင် အဓိကအားဖြင့် -

(၁) ကာဗိုဟိုက်ဒရိုတ် (ခေါ်) ကစီဓာတ်
(၂) ပရိုတင်း (ခေါ်) အသားဓာတ်နှင့်
(၃) အဆီဓာတ်ဟူ၍ သုံးမျိုးပါဝင်ကြပါသည်။

 

အဓိကအားဖြင့် ဆီးချိုသွေးချိုရောဂါရှင်များသည် အင်ဆူလင်ထိုးဆေး ကိုဖြစ်စေ ၊ သွေးချိုထိန်းသော သောက်ဆေးများကို ဖြစ်စေ၊ ကဆီဓာတ်၏ ပမာဏနှင့်ဖြစ်စေ၊ စားသုံးချိန်နှင့်ဖြစ်စေ၊ အချိန်ကိုက်၍ စားသုံးကြရန် အထူးအရေးကြီးလှပါသည်။ ယေဘုယျအားဖြင့် တစ်နေ့တာ စားသုံးသည့် အင်အားစွမ်းအင်ဓာတ်၏


၁၀ - ၁၅% ကို အသားဓာတ်မှလည်းကောင်း၊
၃၀ - ၃၅% ကို အဆီဓာတ်မှလည်းကောင်း၊
၅၀ - ၅၅% ကို ကစီဓာတ်မှလည်းကောင်း အချိုးစားကျပါဝင်အောင် စားသုံးတတ်ရန် လိုအပ်ပါသည်။ 

 

မြန်မာလူမျိုးတို့၏ မိရိုးဖလာစားသုံးသည့် ထမင်း၊ ဟင်း၊ တို့စရာ၊ ငါးငပိချက် စသည်တို့၏ အာဟာရဓာတ် ပါဝင်မှုမှာလည်း အထက်ဖော်ပြပါ အချိုးအစားနီးပါး ပါဝင်ကြသဖြင့် မိမိတို့၏ မိရိုးဖလာ၊ စားသုံးမှုဓလေ့စရိုက်များကို မစွန့်လွတ်ဘဲ ဆက်လက်ကျင့်သုံးနိုင်ကြပါသည်။ သို့ရာတွင် ကစီဓာတ်တစ်မျိုး ဖြစ်သည့် ထမင်းအစား များသူများအနေဖြင်မူ ထမင်းကို မျှတရုံလျှော့စားရန် လိုအပ်ပါမည်။ ထို့အတူ အဆီဓာတ် စားသုံးမှုများသူများ၊ အငန်ဓာတ်စားသုံးမှုများသူများ၊ အဆီနှင့်အငန်ကိုလျှော့၍ စားသုံးသင့်ပါသည်။

 

စားသုံးနိုင်သော အစားအစာများ
၁။ ကစီဓာတ်

သွေးချိုထိန်းမှုတွင် အဓိက အရေးပါဆုံးဖြစ်သော ကစီဓာတ်ကို မှန်ကန်စွာ စားသုံးတတ်ကြရန် လိုအပ်ပါသည်။

 

စားသုံးနိုင်သော ကစီဓာတ်ပါသော အစားအစာများမှာ -

၁။ ဆန်နှင့်ပြုလုပ်ထားသော အစားအစာများ 

ထမင်း၊ ဆန်ပြုတ်၊ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ၊ မုန့်တီ၊ နန်းကြီးသုပ်၊ ရှမ်းခေါက်ဆွဲ ၊ ကောက်ညှင်း၊ ဆီထမင်း၊ မြူစွမ်စသည့် အစားအစာများကို စားသုံးနိုင်ပါသည်။

 

၂။ ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများ

ဂျုံခေါက်ဆွဲ၊ ဂျုံကြာဆံ၊ ချာပါတီ၊ ပေါင်မုန့်၊ နံပြား၊ ပလာတာ စသည်များကိုလည်း စားသုံးနိုင်ကြပါသည်။ ဆန်အမျိုးမျိုးတွင်ပါသော starch ခေါ် ကဆီဓာတ် အမျိုးအစားပေါ်မူတည်၍ သွေးချိုဓာတ်အနည်း၊ အများကွာခြားမှု အနည်းငယ်ရှိနိုင်ပါ သည်။ သို့ရာတွင် ၎င်းဆန်မှရသော အင်အားဓာတ် ကယ်လိုရီပမာဏ အတိုင်းအဆက ဆန်အမျိုးအစားထက်ပို၍ အရေးကြီးကြောင်း သိရှိထားရန် လိုအပ်ပါသည်။ တစ်နည်းအားဖြင့် ဆန်အမျိုးအစားထက် စားသုံးသည့်ပမာဏကသာ ပိုအရေးကြီးကြောင်းနှင့် ဆီးချိုသွေးချိုရောဂါအတွက် အထူးသင့်တော်သည့် ဆန်ဟူ ၍မရှိကြောင်း သတိချပ်စေလိုပါသည်။ ဆန်ကို ချက်ပြုတ်သည့်နည်းအရ (ဥပမာ-ရေခန်း ချက်သည်၊ ရေငှဲ့ချက်သည်၊ ပေါင်းအိုးနှင့်ချက်သည်) သွေးချိုဓာတ်တက်မှု အနည်းအများ ကွာခြားမှု ရှိနိုင်သော်လည်း အရေးမကြီးလှပါ။ 

 

လူနာ၏ ဓလေ့စရိုက်နှင့် ကိုက်ညီမည့် တစ်သက်တာ လိုက်နာကျင့်ကြံနိုင်မည့် သဘာဝကျသော အစားအစာစားသုံးမှုအကျင့်က ပိုမို၍ အရေးကြီးပါသည်။ သာမန် အားဖြင့် ဆီးချိုသွေးချိုရောဂါရှင်အနေဖြင့် မိသားစုအတွက်ချက်သော ထမင်းကိုပင် စားသုံးနိုင်သည်။ စားသုံးသင့်သည်ဆိုသော် အချက်ကိုလည်း သိထားသင့်ပါသည်။ မိသားစုနှင့် ရေရှည်အတူ မစားသုံးနိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြောင်းလဲမှုများ၊ စိတ်ဓာတ်ကျဆင်း ခြင်းများကြောင့် ရေရှည်တွင် သွေးချို ထိန်းသိမ်းမှုတွင် ခက်ခဲရှုပ်ထွေးလာနိုင်သည်ဆိုသော အချက်ကိုလည်း သတိချပ် သင့်ကြပါသည်။ 


Credit:
ပါမောက္ခ ဦးတင့်ဆွေလတ် (ဆီးချိုသွေးချိုရောဂါနှင့် အထွေထွေရောဂါကုဆရာဝန်ကြီး)
ဆီးချိုသွေးချိုရောဂါ လက်တွေ့ကျကျကာကွယ်ကုသကြ စာအုပ်မှကောက်နုတ်ထားပါသည်။
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18