Print

ရေကိုအကျိုးရှိစွာ သောက်တတ်ပြီလား

  01-Mar-2017
Preview Image

 

အပန်းမကြီး၊ ကရိကထလည်းမများ၊ ငွေကုန်ကြေးကျလည်း မများတဲ့ ရေကုထုံးကိုအောက်ပါအတိုင်း လိုက်နာရမှာဖြစ်ပါတယ်။ (၁) မနက်အိပ်ရာထထချင်း သွားမတိုက်သေးဘဲ ရေ ၄ ဖန်ခွက် ကုန်အောင်သောက်ရတယ်။ ရေသန့် တစ်လီတာဘူးရဲ့တစ်ဝက်ကျော်ကျော်ကုန်အောင်သောက်ရမှာဖြစ်ပါတယ်။ အဲလောက်ကုန်အောင်တစ်ကြိမ်တည်းနဲ့ မသောက်နိုင်ရင် နေ့စဉ် ၂၀၀ -၃၀၀ စီစီချင်းသောက်ကာ သတ်မှတ်ထားတဲ့အထိရောက်အောင် တဖြည်းဖြည်းချင်း တိုးမြှင့်ပြီး လေ့ကျင့်သောက်ပေးနိုင်ပါတယ်။

 

တစ်ခါတည်းနှင့် ရေ ၁.၅ လီတာ (တစ်ပုလင်းခွဲ) မော့သောက်ခိုင်းတာက ရေဆိပ် သင့်နိုင်လို့ မသောက်သင့်ဘူး။ အချိန်တိုအတွင်း တစ်ခါတည်နဲ့ ရေအများကြီးသောက်တာက သွေးထဲမှာ ဆိုဒီယမ်ပမာဏ ရုတ်တရက်လျော့ကျသွားပြီး ဦးနှောက်ဆဲလ်တွေထဲ ရေတွေဝင်ရောက်စေကာ ရောင်ရမ်းဖောင်းကားလာတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ မလှုပ်နိုင်မရှားနိုင်၊ နေ့လားညလား မခွဲခြားနိုင်၊ စိတ်ရှုပ်ထွေးမှု နဲ့အတူ၊ တက်ချင်မှု (Fits) ရပြီး သတိမေ့လျော့ မေ့မျောလာကာ နောက်ဆုံး မှာ သေဆုံးစေပါတယ်။ ရေလိုတာထက် အများကြီး ပိုသောက်ရင် ကျောက်ကပ်ကိုလည်း ဒဏ်ပိစေကာ ပင်ပန်းထိခိုက်စေပါတယ်။ ဆဲလ်တွေထဲလည်း ရေတွေဝင်ကုန်လို့ ပေါက်ကွဲပျက်စီးစေတယ်။ ဒါ့ကြောင့် တစ်ခါတည်းနဲ့ ရေ ၆၄၀ စီစီထက် ပိုမသောက်မိဖို့ သတိထားဖို့ လိုပါတယ်။

 

ရေသောက်အပြီးမှ သွားတိုက်၊ မျက်နှာသစ်ရပါမယ်။ ဒါပေမဲ့ နောက်ထပ် ၄၅ မိနစ်ကြာတဲ့ အထိဘာမှ မစားရသေးပါဘူး။ ၄၅ မိနစ်ကြာပြီးမှ နံနက်ခင်းစာစားသောက်ရပါမယ်။ နံနက်ခင်းစာ Breakfast၊ နေ့ခင်းစာ Lunch၊ ညစာ Dinner စားပြီးတိုင်းလည်း ၂ နာရီအတွင်း ရေအပါအဝင် ဘာအရည်မှ မသောက်မိဖို့ သတိထားရပါမယ်။ စားပြီးပြီးချင်းရေတစ်ဝသောက်တာက အစာကြေညက်မှု ကို နှေးကွေးစေပါတယ်။ ထမင်းစားရင်းနှင့် စားအပြီးမှာ ရေခဲရေနဲ့ အချိုရည် ရေခဲစိမ်တွေ သောက်တာက အူကင်ဆာ ဖြစ်နိုင်ခြေတောင် မြင့်မားစေတယ်။ 

 

ဘာလို့လဲဆိုတော့ အစားအစာမှာ ပါလာတဲ့ အဆီတွေက ရေခဲရေ၊ အချိုရည်အေးတွေကြောင့် အူနံရံမှာ ကပ်ငြိပိတ်ဆို့ကာ မကောင်းတဲ့ အဆိပ်အတောက်တွေပဲ စုပုံလာစေပြီး အူနံရံကို ဆိုးကျိုးပေးကာ နောက်ပိုင်းမှာ ကင်ဆာဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒါတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အထက်ပါ မခက်ခဲလှတဲ့ ရေသောက်နည်းကို လိုက်နာမယ်ဆိုရင် ရောဂါရှိနေရင် သက်သာပျောက်ကင်းစေသလို မရှိသေးလည်း လူကိုကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

 

Credit:
ဒေါက်တာအေးမြချယ်
Ziwaka magazine, April 2016, Pg. 129



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18