Print

တုတ်ကောင်လေး တုတ်ကောင်လေး တော်တော်ဒုက္ခပေး

  28-Feb-2017
Preview Image

 

`ကလေး ဝမ်းသွားရင် အကောင်ဖြူဖြူသေးသေးလေးတွေ အများကြီးပါလာတယ်။ သမီးလေးက စအိုဝယားတယ်လို့ ကြည့်လိုက်တော့ တုတ်ကောင်လေးတွေ စအိုဝမှာ တွေ့ရတယ်။´စသည့် `တုတ်ပြဿနာ´ သည် ကလေးငယ်များနှင့် သူတို့၏ မိဘများ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေပြီး ကြီးမားသော မဟာပြဿနာ ဖြစ်နေပါသည်။ ယင်းပြဿနာ ကောင်လေးကို အပ်ချည်သန်ကောင် ဟူ၍လည်းကောင်း၊ ပင်အပ်သန်ကောင် ဟူ၍လည်းကောင်း ချစ်စနိုးခေါ်ဆိုကြသည်။ ကျောင်းသားအရွယ် ကလေးငယ်တို့တွင် အဖြစ်အများဆုံးဟု ဆိုသော်ငြားလည်း မည်သည့်အသက်အရွယ်တွင်မဆို အဖြစ်များနိုင်သည်။ 

 

ရောဂါ လက္ခဏာများ
စအိုဝနှင့် စအိုဝ ပတ်ပတ်လည်း ယားယံခြင်းပင် ဖြစ်ပါသည်။ တုတ်မ ထွက်၍ ဥ ဥခြင်းကြောင့် ဤသို့ယားယံခြင်း ဖြစ်ပါသည်။ ကလေးသည် ထိုယားယံသော အမှုကိစ္စကြောင့် ညဘက်တွင် နှစ်ခြိုက်စွာ အိပ်ရခြင်းမရှိ၊ ဂဏာမငြိမ် အိပ်ရတတ်ပါသည်။ တုတ်ကောင်လေးများကြောင့် ဗိုက်နာရသည်ဟူသော လက္ခဏာသည် ရှားပါးလှပါသည်။ အခြားသန်ကောင်များက ပို၍ ဗိုက်နာခြင်း လက္ခဏာကို ပြသလေ့ရှိပါသည်။ 

 

လွန်စွာများပြားသော ပမာဏကြောင့် 
အကယ်၍ တုတ်ကောင်ပမာဏ များပြားပါလျှင် အူနံရံ ရောင်ရမ်းလာတတ်ပါသည်။ ထိုသို့ဖြစ်လျှင် ဝမ်းလျှောဝမ်းပျက် စသည်ဖြစ်လာနိုင်ပါသည်။ အူလမ်းကြောင်းလည်း ရံခါ ပိတ်တတ်ပါသည်။ 

 

မိသားစု စည်းစည်းလုံးလုံး
တုတ်ကောင်ရောဂါသည် မိသားစုတစ်စုလုံးကို တူညီသော အကျိုးပေးလေ့ရှိပါသည်။ ဥကလေးများ တွယ်ကပ်နေသော အဝတ်များ၊ အိပ်ရာခင်းများမှတစ်ဆင့် အိမ်သားများ အားလုံးထံသို့ မျက်နှာမလိုက်ပဲ ကူးစက်စေပါသည်။ သို့ဖြစ်၍ တုတ်ကောင်ရောဂါကို `မိသားစုရောဂါ´ ဟုခေါ်ဆိုလျှင်လည်း မှားယွင်းမည် မထင်ပါ။

 

တုတ်မှန်မှန်ချ အကျိုးရ
ရောဂါပြန်ဖြစ်နှုန်း လျော့ကျစေရန်၊ မိသားစုတစ်ခုလုံး တုတ်မှန်မှန်ချရမည်ဖြစ်ပါသည်။ အခြားသန်ကောင်များ ချသလို ခြောက်လတစ်ကြိမ်ချ၍ မလုံလောက်ပါ။ ရောဂါပြန်ဖြစ်နှုန်း လွန်စွာမြန်ဆန်သဖြင့် ပထမအကြိမ် တုတ်ချပြီး သုံးပတ်ကြာလျှင် နောက်တစ်ကြိမ်ချရန် လိုအပ်ပါသည်။ 

 

တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေး
မိသားစုတစ်ခုလုံး လက်သည်းမှန်မှန်ညှပ်ခြင်း၊ လက်ကို စင်ကြယ်စွာဆေးကြောခြင်းကို ဂရုတစိုက် ပြုလုပ်ခြင်း အထူးသဖြင့် အစားအစာ မစားမီနှင့် အိမ်သာအထွက်တွင် ဂရုပြု၍ ဆေးကြောခြင်း၊ ဝမ်းသွားပြီးလျှင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ စအိုဝနှင့် ပတ်ပတ်လည်ကို ရေများများသုံး၍ စင်ကြယ်စွာ ဆေးကြောခြင်းတို့ဖြစ်သည်။ သို့ဖြစ်၍ မိသားစုတစ်ခုလုံး အိပ်ရေးပျက်စေပြီး၊ စိတ်ဖိစီးမှုများ မဖြစ်စေရန် တုတ်တို့၏ ဘေးရန်ကို စနစ်တကျ ကာကွယ်ကြပါစို့။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာယုဇနစောမြင့် (ကလေးအထူးကု ဆရာဝန်ကြီး)
Health for all magazine, June 2016, Pg. 9-11



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18