Print

ကလေးဝမ်းကိုက်ခြင်း

  28-Feb-2017
Preview Image

 

ဝမ်းကိုက်ခြင်း အကြောင်းကို ဝမ်းလျှောရောဂါကဲ့သို့ အရည်များများမပါဘဲ ဝမ်းနှင့်ချွဲ (သို့) သွေးစများ ရောနှော၍ ဝမ်းသွားခြင်းကို ဝမ်းကိုက်သည်ဟု သိရှိနားလည် တတ်ကြသည်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ဝမ်းကိုက်ရောဂါသည် (ရှိဂဲလား)ဟု ခေါ်သော ပိုးကြောင့်ဖြစ်သည်။ ရောဂါလက္ခဏာအနေဖြင့် ရောဂါ၏ အတိမ်အနက်ပေါ်လိုက်၍ ပေါ်ပေါက်လာနိုင်သည်။ ရောဂါအခြေအနေ သိပ်မပြင်းလျှင် အပူရှိန် အနည်းငယ်လောက်သာ ရှိနိုင်ပြီး ဝမ်းခပ်ကျဲကျဲ ချွဲနှင့် ရောနှော၍ သုံး၊ လေးခါ လောက် သွားလေ့ရှိပေမည်။ ရောဂါပြင်းထန်ခဲ့သော် ရုတ်တရက်ချက်ချင်း အဖျားသည် ၁၀၃ ဒီဂရီလောက်ထိ တက်လာပြီး သွေးနှင့်ရောသော ဝမ်းများ မကြာခဏ သွားပေမည်။ အန်ခြင်း၊ ဗိုက်နာခြင်းတို့လည်း ဖြစ်ပေါ်လာပြီး ကလေးမှာ နုံးချည့်၍ တစ်ခါတစ်ရံ သတိလစ်၍ တက်သည်အထိ ဖြစ်သွားရပေသည်။ တစ်နှစ်အောက် ကလေးများအတွက် အသက်အန္တရာယ် ဖြစ်သည်အထိပင် စိုးရိမ်ရပေသည်။ ထို့ကြောင့် ပေါ့ပေါ့ဆဆ မနေဘဲ နီးရာတတ်ကျွမ်းသည့် ဆရာဝန်များနှင့် အမြန်ဆုံး ပြသ၍ ကုသသင့်ပေသည်။ 

 

ဝမ်းကိုက်ခြင်းသည် သန့်ရှင်းရေး မကောင်းသော ပတ်ဝန်းကျင်တွင် (တစ်နည်းဆိုရသော်) ပတ်ဝန်းကျင် သန့်ရှင်းရေး နားမလည်သော လူများစုတွင် အဖြစ်များကြပေသည်။ ဝမ်းကိုက်ရောဂါဖြစ်နေသူ တစ်ဦးဦး (သို့) ရောဂါပိုး သယ်ဆောင်နေသူ တစ်ဦးဦး၏ မစင်မှ ပိုးများသည် စားမည့်အစားအစာ (သို့)သောက်မည့်ရေ အတွင်းသို့ ယင်ကောင်မှသော်လည်းကောင်း ရောက်ခဲ့သော် ထိုအစားအစာ၊ ရေတို့ကို စားသုံးမိသူသည် ရောဂါမလွဲမသွေရမှာ အမှန်ပင်ဖြစ်တော့သည်။ ထို့ကြောင့် မြန်မာကလေးများ မက်မက်မောမော စားသုံးကြသည့် လက်သုပ်စုံ၊ ယိုစုံနှင့် ဖျော်ရည်၊ ရေခဲခြစ်၊ ရေခဲချောင်း စသည်တို့သည် ဝမ်းကိုက်ရောဂါကိုအလွယ်တကူ ဖြစ်စေသော အစာများပင် ဖြစ်လာနိုင်သည်။ 

 

ထို့ကြောင့် ဝမ်းကိုက်ရောဂါ မဖြစ်စေရန် ပူပူနွေးနွေးနှင့် သန့်ရှင်းသော အစားအစာများကို စားခြင်းဖြင့် လည်းကောင်း၊ သန့်ရှင်းစွာ ကျိုချက်ထားသောသောက်ရေကို သောက်ခြင်းဖြင့်လည်းကောင်း၊ အစားအစာကို ယင်မနားနိုင်အောင် ဖုံးအုပ်၍ ထားခြင်းဖြင့်လည်းကောင်း၊ ရောဂါပိုးများပါနိုင်သည့် မစင်ကို ယင်လုံအိမ်သာများ၌ စနစ်တကျ စွန့်ပစ်ခြင်းဖြင့်သော်လည်းကောင်း၊ လက်ကို အညစ်အကြေး စွန့်ပြီးတိုင်းနှင့် အစာစားခါနီးတိုင်း စင်ကြယ်စွာ ဆေးခြင်းဖြင့်သော်လည်းကောင်း ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုတစိုက်ပြုလုပ်ပေးပါက ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်ပေလိမ့်မည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
သားသားမီးမီးတို့ဖြစ်တတ်သောရောဂါများ -၂ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18