Print

ရင်သွေးငယ်တွေ ဘယ်အချိန်မှာ လမ်းလျှောက်သလဲ

  28-Feb-2017
Preview Image

 

အများအားဖြင့် ကလေးငယ်တွေဟာ အသက် ၉ လကနေ ၁ နှစ် အတွင်းမှာ သူတို့ရဲ့ ပထမဆုံး ခြေလှမ်းကို စတင်လှမ်းလျှောက်တတ်ကြပါတယ်... ၁၄ လ ၁၅ လလောက် ကြာတဲ့အခါမှာတော့ လမ်းကောင်းကောင်း လျှောက်တတ်နေပါပြီ... ဒါပေမယ့် တကယ်လို့ သင့်ရင်သွေးငယ်လေးဟာ ဒီလိုအရွယ်မှာ လမ်းမလျှောက်သေးဘဲ နောက်ကျနေခဲ့ရင် အရမ်း စိတ်မပူပါနဲ့ဦး... တချို့သော ရင်သွေးငယ်လေးတွေဟာ ကျန်းမာရေး ပြည့်စုံကောင်းမွန်နေပေမယ့် အသက် ၁၆လ ၁ရလ အရွယ်ထိအောင် လမ်းမလျှောက်သေးတာမျိုး ရှိတတ်ပါတယ်...

 

ပထမဆုံး တစ်နှစ်အတွင်းမှာ ကလေးငယ်တွေဟာ ကြွက်သားလှုပ်ရှားမှု ပုံစံတွေ ဖွံ့ဖြိုးမှု၊ ဟန်ချက်ညီညီ လှုပ်ရှားတတ်မှုတို့အတွက် လေ့လာသင်ယူကြရပါတယ်... မှောက်ခြင်း၊ တွားသွားခြင်း၊ ထိုင်ခြင်းစတာတွေကို အဆင့်ဆင့် သင်ယူပြီးနောက်မှာတော့ တစ်ခုခုကို ကိုင်ပြီး ဆွဲထခြင်း၊ မတ်တတ်ရပ်ခြင်းစတာတွေ ဆက်လက် ဖွံ့ဖြိုးလာပါတယ်... ဒီလို အဆင့်တွေကို ကလေးအများစုက အသက် ၉ လအရွယ်လောက်မှာ သင်ယူ တတ်မြောက်ကြပါတယ်...

 

လမ်းလျှောက်ခြင်းကို စတင်သင်ယူပုံ
စစခြင်းမှာ ကလေးငယ်ရဲ့ ခြေထောက်တွေဟာ သူ့ရဲ့ ကိုယ်ခန္ဓာကို ထောက်ထားနိုင်ဖို့အထိ မသန်မာသေးပါဘူး... ဒါပေမယ့် ကလေးငယ်ကို ချိုင်းကနေ ချီပြီး မတ်မတ်လေးထားပေးရင် ကလေးဟာ ခြေထောက်လေးအောက်ကို ဆန့်တန်းပြီး အောက်ကို အားပြုတာ၊ ကန်သလိုမျိုးလုပ်တာ စသဖြင့် စတင်ပြုလုပ်တတ်ကြပါတယ်... ဒါဟာ အလိုအလျှောက် တုံ့ပြန်မှု (Reflex Action) မျိုးဖြစ်ပြီး ကလေးအသက် လအနည်းငယ်ကြာတဲ့အထိ ရှိတတ်ပါတယ်...

 

ကလေးအသက် ၆ လလောက် ရှိတဲ့အခါမှာ သူ့ကို လက်နဲ့ထိန်းပြီး ပေါင်ပေါ်တင်ထားရင် ထိုင်လိုက်ထလိုက် ခုန်သလို စတင် ပြုမူတတ်ကြတာကို တွေ့ရမှာပါ... ဒီလို ခုန်ဆွ ခုန်ဆွပြုလုပ်ရတာကို နောက်ထပ် လအနည်းငယ်ကြာတဲ့အထိ တွေ့ရတတ်ပါတယ်... ဒါဟာ ကလေးငယ်ရဲ့ ပေါင်ကြွက်သားတွေ စတင်သန်မာနေပြီလို့ သိရှိစေနိုင်ပါတယ်... တစ်ချိန်တည်းမှာပဲ မှောက်ခြင်း၊ တွားသွားခြင်း၊ ထိုင်ခြင်း စတာတွေလည်း ဖွံ့ဖြိုးလာကြပါတယ်...

 

ကလေး အသက် ၉ လလောက် ရောက်တဲ့ အချိန်မှာတော့ ကလေးငယ်ဟာ တစ်စုံတစ်ခုကို အားပြုပြီး မတ်တတ်ရပ်ဖို့ စတင်အားစမ်းတာကို တွေ့ရမှာ ဖြစ်ပါတယ်... ဒါကြောင့် ကလေးအားပြုနိုင်တဲ့ သူ့အနီးအနားက အရာတွေကို မြဲမြံအောင် ဒါမှမဟုတ် ခိုင်ခံ့မှု မရှိတဲ့ အရာတွေ ကလေးအားပြုတာမျိုး မပြုလုပ်မိအောင် မိဘ အုပ်ထိန်းသူတွေက သတိပြုရမှာ ဖြစ်ပါတယ်...

 

အသက် ၁၀ လကျော်လာချိန်မှာတော့ ကလေးငယ်ဟာ မတ်တပ်ရပ်နေရာကနေ ဒူးလေးကို ကွေးပြီး ပြန်ထိုင်တတ်လာတာကို တွေ့ရမှာပါ... ဒါဟာ စစခြင်းမှာ ထင်သလောက် လွယ်ကူခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်...

 

ဒီလို မတ်တပ်ရပ်ခြင်းကို အချိန်အတော်ကြာ လေ့လာသင်ယူပြီး အသက် ၁၂ လပြည့်ပြီးတဲ့ နောက်မှာတော့ သင့်ရင်သွေးငယ်လေးဟာ အနီးအနားက ပစ္စည်းတွေကို အားပြုလို့ တစ်နေရာကနေ တစ်နေရာကို စတင်လျှောက်လှမ်းဖို့ အစပြုလာမှာပါ... အကူမပါဘဲ မတ်တပ်ရပ်နိုင်လာတာကိုလည်း ဝမ်းသာစဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်... တစ်ဆက်တည်းမှာပဲ ကလေးငယ်ဟာ မတ်တပ်ရပ်အနေအထားကနေ ပစ္စည်းတွေ ကုန်းပြီး ကောက်ယူတာ၊ ဆောင့်ကြောင့်ထိုင်တာမျိုးတွေ ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်... ဒီအချိန်မှာ အကူအညီမပါဘဲ လမ်းမလျှောက်နိုင်သေးပေမယ့် သူ့ကိုဘေးက ဖေးကူပေးရင်တော့ ခြေဖျားကလေးထောက်ပြီး လမ်းစလျှောက်နိုင်နေပါပြီ...

 

ကလေး အသက် ၁၂ လကျော်ပြီးတဲ့နောက်မှာတော့ ကလေးငယ် အတော်များများဟာ ယိုင်တိုင်တိုင်လေးနဲ့ စတင်လမ်းလျှောက်လာကြတတ်ပါတယ်...

 

ရင်သွေးငယ်လေး လမ်းလျှောက်တတ်အောင် ဘယ်လို သင်ပေးမလဲ ?
ကလေးငယ်လေး စတင်မတ်တပ်ရပ်ဖို့ သင်ယူနေချိန်မှာ မတ်တပ်အနေအထားကနေ ပြန်ထိုင်ဖို့ မတတ်သေးတာကြောင့် သင့်ကိုကြည့်ပြီး အကူအညီတောင်းသလို ငိုကြွေးတတ်ပါတယ်... ဒီလိုအချိန်မှာ ကလေးကို ပွေ့ချီပြီး ထိုင်ချပေးလိုက်တာထက် ကလေးကို ဒူးလေးကို ကွေးစေတာ ထိုင်တတ်အောင် သင်ပေးတာမျိုးက ပိုအထောက်အကူ ဖြစ်စေပါတယ်...

 

သင့်ရင်သွေးငယ်လေး လမ်းလျှောက်တတ်စေဖို့ သူ့အရှေ့မှာ ဒူးထောက်ထိုင်ပြီး မလှမ်းမကမ်းက လက်ကမ်းပေးတာကလည်း ပြုလုပ်သင့်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်... ဒါမှမဟုတ် လက်ကလေးနှစ်ဖက်ကို ကိုင်ပြီး ကိုယ့်ဆီကို လမ်းလျှောက်လာစေတာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်... ကလေးတွေ လမ်းလျှောက်ဖို့ ပြုလုပ်ထားတဲ့ Toddle Truck လေးတွေကိုလည်း အသုံးပြုပြီး ကလေးငယ် လမ်းလျှောက်တတ်အောင် ပြုလုပ်နိုင်ပါသေးတယ်...

 

သတိပြုရမှာကတော့ ကလေးငယ် လမ်းလျှောက်သင်ယူနေချိန်မှာ သူနေထိုင်သွားလာတတ် တဲ့ ပတ်ဝန်းကျင်နေရာတွေကို အန္တရာယ်ကင်းအောင် ပြုလုပ်ပေးထားဖို့ပါပဲ... ကြမ်းခင်းတွေ ကို ကလေးကစားတဲ့ ဖော့ခင်းပေးတာမျိုး၊ မာကျောတဲ့ ခုံစောင်းလို နေရာတွေမှာ ဖော့ အစွပ်လေးတွေ စွပ်ထားတာမျိုး ပြုလုပ်ပေးသင့်ပါတယ်... ဒါမှသာ ကလေးငယ် လဲကျ၊ ချော်ကျချိန်မှာ ထိခိုက်မှု မရှိမှာဖြစ်ပါတယ်... နောက်တစ်ခုကတော့ ဒီလိုအချိန်မှာ ကလေးကို တစ်ယောက်တည်း လွှတ်မထားဖို့ပါပဲ...

 

ကလေးထိုင်ကွင်း (Baby Walker) အသုံးပြုသင့်သလား ?
အမေရိကန် ကလေးများဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ The American Academy of Pediatrics (AAP) ကတော့ ကလေးထိုင်ကွင်း အသုံးပြုခြင်းကို လုံးဝ အားမပေးပါဘူး... အကြောင်းအရင်းကတော့ ကလေးထိုင်ကွင်း Baby Walker အသုံးပြုခြင်းဟာ ကလေးငယ်ရဲ့ ခြေထောက် အပေါ်ပိုင်း ကြွက်သား ဖွံ့ဖြိုးမှုကို မူမမှန် ဖြစ်စေနိုင်တဲ့အတွက်လို့ ဆိုပါတယ်... နောက်တစ်ချက်က ကလေးငယ်ဟာ ထိုင်ကွင်းနဲ့ဆိုရင် အန္တရာယ်ရှိတဲ့ နေရာတွေဆီ ပိုမြန်မြန်ရောက်စေပြီး သာမာန်ကလေးထက် ပို ထိခိုက်မှု ဖြစ်စေနိုင်တဲ့အတွက် ကလေးလုံခြုံ ဘေးကင်းမှုလည်း ပိုမိုလျော့ကျစေတဲ့ အတွက်ပါတဲ့...

 

ဘယ်အချိန်မှာ ဖိနပ်စီးပေးသင့်သလဲ ?
ကလေးငယ်ကို ခြေဗလာ လမ်းလျှောက်စေခြင်းက သူ့ကိုယ်သူ ဟန်ချက်ထိန်းညှိခြင်းကို ပိုမိုအားသာတိုးတက်စေနိုင်ပါတယ်... ဒါကြောင့် ကလေးငယ်လေး အိမ်ရဲ့ အပြင်ဖက် ထွက်ပြီး အေးလွန်း၊ ပူလွန်း၊ မညီညာ ကြမ်းတမ်းတဲ့ ကြမ်းခင်းပြင်လိုမျိုးနေရာကို လမ်းလျှောက်လှမ်းနိုင်တဲ့ အချိန်မှသာ ကလေးငယ်ကို ဖိနပ် စတင်စီးပေးသင့်ပါတယ်...

 

အချိန်တန်တာတောင် လမ်းမလျှောက်သေးရင် ဘာလုပ်ပေးသင့်လဲ ?
အရင်ဆုံး စိတ်မလောဖို့ လိုတယ်ဆိုတာ သတိပေးလိုပါတယ်... သူများကလေး လမ်းလျှောက်နိုင်တဲ့အရွယ်တိုင်း ကိုယ့်ကလေးလျှောက်နိုင်ချင်မှ လျှောက်နိုင်ပါလိမ့်မယ်... ကလေးငယ်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှု အချိန်အပိုင်းအခြား အနည်းအများ ကွာခြားတတ်ပါတယ်... အထူးသဖြင့် လမပြည့်ဘဲ မွေးတဲ့ ကလေးငယ်တွေဟာ သာမာန်ကလေးငယ်တွေထက် ဖွံ့ဖြိုးမှု ပိုနောက်ကျနိုင်ပါတယ်...


တကယ်လို့ သင့်ရင်သွေးငယ်လေးဟာ အသက် ၁၂ လ ကျော်တဲ့အထိ မတ်တပ် မရပ်နိုင်သေးရင်၊ အသက် ၁၈ လအထိ လမ်းမလျှောက်နိုင်သေးရင် ဒါမှမဟုတ် ၂ နှစ်ပြည့်ပြီးတဲ့အထိ လမ်းလျှောက်တာ ယိုင်တိုင်တိုင်ဖြစ်နေသေးရင်... ဒီလိုတွေ ဖြစ်နေရင်တော့ ကလေးကို ကလေးအထူးကု ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေး စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်...

 

ကလေးအများစု၏ ဖွံ့ဖြိုးမှု
ကလေးအများစု၏ ဖွံ့ဖြိုးမှုပုံစံကို မိဘများ မှတ်သားနိုင်အောင် တင်ပြပေးလိုက်ပါတယ်...

 

မတ်တပ်ရပ်ခြင်း - အသက် ၁၄ လ (မိမိဘာသာ အလွတ်ရပ်နိုင်ခြင်း၊ ငုတ်တုပ်ထိုင်နိုင်ခြင်း၊ ပြန်ထနိုင်ခြင်းတွေ တွေ့ရမှာပါ...)

 

တည်ငြိမ်စွာ လမ်းလျှောက်ခြင်း - အသက် ၁၅ လ (ဒီအရွယ်မှာ ခြေကားကားလေးနဲ့ မယိုင်တော့ဘဲ တည်တည်ငြိမ်ငြိမ် လမ်းလျှောက်နိုင်နေပါပြီ...)

 

လှေကားတက်ခြင်း - အသက် ၁၆ လ (လှေကားအတက်အဆင်း လုပ်ရတာကို စတင်နှစ်သက်လာတဲ့ အရွယ် ဖြစ်ပါတယ်...)

 

အမြင့်တက်ခြင်း - အသက် ၁၈ လ (လမ်းကောင်းကောင်းလျှောက်နိုင်ပြီးတဲ့နောက် ရင်သွေးငယ်လေးဟာ ထိုင်ခုံ၊ စားပွဲခုံ အစရှိတဲ့ အပေါ်တွေကို တက်ဖို့ ကြိုးစားလာတတ်ပါတယ်... ဒါပေမယ့် ပြန်မဆင်းနိုင်သေးတာကြောင့် မိဘတွေ သတိပြုရမယ့် အရွယ်ပါ...)

 

ခုန်ခြင်း - အသက် ၂၅-၂၆ လ (ခုန်ခြင်းကို စတင်ပြီး ပြုလုပ်နိုင်လာပါပြီ...)

 

လမ်းလျှောက်ခြင်းအတတ် ပြည့်စုံခြင်း - အသက် ၃ နှစ် (ဒီအရွယ်မှာတော့ ကလေးရဲ့ သွားလာလှုပ်ရှားမှုဟာ အလုံးစုံ သဘာဝကျကျ ဖွံ့ဖြိုးပြီး ဖြစ်နေပါပြီ... လှေကားအတက် အဆင်းကို ငယ်ငယ်ကလို စုံမဟုတ်ဘဲ တစ်လှမ်းခြင်း တက်နိုင်ဆင်းနိုင်တာ၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ပေါက်ခြင်းတွေကို လူကြီးတွေလိုပဲ အထူးအထွေ အာရုံမထားဘဲ ပြုလုပ်နိုင်တာတွေ တွေ့ရှိရမှာဖြစ်ပါတယ်...)

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Dr Mild



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18