Print

နို့တိုက်မိခင်များ နို့ထွက်နည်းခြင်း မဖြစ်အောင် လိုက်နာသင့်သောအချက် ၁၀...

  28-Feb-2017
Preview Image

မိခင်နို့ရည်ကသာ ကလေးငယ်တွေအတွက် အကောင်းဆုံးပါ။ မိခင်အများစုက နို့ထွက် မကောင်း တာကြောင့် ကလေးငယ်အတွက် လိုအပ်တဲ့ မိခင်နို့ပမာဏရဲ့ ၅၀-၇၅ ရာခိုင်နှုန်းသာရှိကြပါတယ်။ မိခင်အများစုမှာ နို့ထွက်နည်းတဲ့အကြောင်းက စိုးရိမ်သောကတွေ ရှိနေတာ၊ ဒေါသထွက်နေတာ၊ အချိန်မှန်နို့မတိုက်ဖြစ်တာ ၊ ကြောက်ရွံ့ ထိတ်လန့်မှုတွေရှိနေတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

 

(၁) အစားအသောက်ကို ဂရုစိုက်ပါ

နို့တိုက်မိခင်တွေအနေနဲ့ ဟင်းသီးဟင်းရွက်တွေကို စုံလင်အောင် စားပေးဖို့ လိုပါတယ်။ သစ်သီး၊ နို့၊ ကွေကာ၊ ထောပတ်၊ ဟင်းသီးဟင်းရွက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီး၊ အမဲသား၊ စွပ်ပြုတ်စတဲ့ အချို၊ အချဉ်၊ အငန် စတာတွေကို စုံလင်အောင်စားတာ က နို့ထွက်ကောင်းစေပါတယ်။

 

(၂) အလေ့အထ တချို့ကိုပြင်ဆင်ပါ

နို့တိုက်မိခင်တစ်ယောက် နို့ထွက်ကောင်းဖို့က အစားအသောက်အပြင် တခြားသက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ များစွာရှိပါသေးတယ်။ အိပ်စက်တဲ့အလေ့အထ၊ အစာစားသောက်မှု အလေ့အထ၊ အနားယူတာနဲ့ ပျော်ရွင်မှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။

 

(၃) အစာမကြာခဏစားပါ

နို့တိုက်မိခင်တစ်ယောက်အနေနဲ့ အစာကို နည်းနည်းနဲ့ မကြာခဏစားဖို့လိုပါတယ်။ နေ့ ဘက်မှာ နှစ်နာရီတစ်ကြိမ်လောက် စားပြီး ညဘက်မှာ လေးနာရီခြားတစ်ကြိမ် စားသင့်ပါ တယ်။ 

 

(၄) ကလေးကို လေထုတ်ပေးပါ

ကလေးကို နို့တစ်ဖက်တိုက်ပြီးနောက် တခြားတစ်ဖက်ကို ပြောင်းတိုက်ပါ။ ကလေးနို့ဝ သွားပါက ကလေးငယ်ကို ၅-၁၀ မိနစ် မတ်တတ်ရပ်ပေးပြီး လေထုတ်ပေးပါက ကလေး က နို့ပိုစို့နိုင်ပါတယ်။

 

(၅) အရေးကြီးသော အချက်အလက်များကို မှတ်သားပါ

နို့ထွက်နည်းပါက ကိုယ်တိုင်ပထမဆုံး သတိပြုမိတတ်ပါတယ်။ နို့ထွက်နည်းတာကို တခြားသူကို ပြောပြဖို့ ရှက်မနေပါနှင့်။ ပြောပြတိုင်ပင်မှသာ နို့ထွက်နည်းရတဲ့အကြောင်းကို အဖြေရှာနိုင်မှာပါ။ နို့ထွက်နည်းတာကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုး မဖြစ်မိပါစေနဲ့။ ဒီလိုပြဿနာမျိုးကို နို့တိုက်မိခင်အများစု ခံစားရလေ့ရှိတတ်တာကြောင့်ပါ။

 

(၆) စိတ်နှင့် ခန္ဓာကိုယ် လန်းဆန်းကျန်းမာပါစေ

တစ်ခါတစ်ရံမှာ နို့ထွက်နည်းတာက ခက်ခက်ခဲခဲ အကြောင်းအရာမဟုတ်ပါဘူး။ စိတ်ရှုပ်ထွေးတာ၊ စိတ်ပျက်အားငယ်နေတာ၊ ညဘက်မှာ ကလေးငယ်မအိပ်တာကြောင့် အိပ်ရေးပျက်တာနှင့် အနားမယူရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ မိခင်နို့ထွက်နည်း တာကြောင့် ကလေးနို့မဝတာမျိုး ဖြစ်တတ်ပါတယ်။ အနည်းငယ်ပြောင်းလဲ မှုလေးတွေ ပြုလုပ်ပေးပြီး စိတ်နဲ့ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းအောင် ဆောင်ရွက်ပါ။

 

(၇) ထိုင်ပုံအနေအထား မှားယွင်းခြင်း

သားဦးမိခင်တွေအနေနဲ့ ကလေးငယ်ကို နို့တိုက်ရာမှာ ထိုင်ပုံအနေအထား၊ နို့တိုက်ပုံ အနေအထားတွေ မမှန်ကန်တာကြောင့် နို့ထွက်နည်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေထံကနေ နို့ထွက်ပိုကောင်းစေတဲ့ အနေအထားမျိုးကိုသင်ယူဖို့ မရှက်ပါနဲ့။

 

(၈) မကြာခဏ တိုက်ကျွေးခြင်း

နို့တိုက်ကျွေးတဲ့အပေါ် မူတည်ပြီးလည်း နို့ထွက်ကောင်း၊ မကောင်း ကွာခြား တတ်ပါတယ်။ ကလေးငယ်က နို့ကိုကုန်အောင် စို့လိုက်တာက ကုန်အောင်မစို့တာထက် နို့ထွက် ပိုကောင်းစေပါတယ်။ ကလေးငယ်က နို့ကို ကုန်အောင် မစို့တဲ့အခါ ကျန်ရှိတဲ့ နို့ကို ညှစ်ပစ်လိုက်ပါ။

 

(၉) ရေလုံလောက်စွာ သောက်သုံးပါ

နို့ထွက်ကောင်းစေဖို့ မိခင်ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်ဖို့ လိုပါတယ်။ ရေများ များသောက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပါ။ ဖျော်ရည်လုပ်သောက်ပါ။ ကလေးငယ် ကို နို့တိုက်ကျွေးရင်တောင် ဘေးနားမှာ ရေပုလင်းထားပြီး ရေသောက်ပေးပါ။ ဒါမှ နို့ထွက်ကောင်းမှာ ဖြစ်ပါတယ်။

 

(၁၀) ကောင်းစွာအနားယူပါ

အိမ်မှာပဲ ကလေးငယ်ကို ပြုစုစောင့်ရှောက်နေတဲ့ အိမ်ရှင်မ ဒါမှမဟုတ် အိမ်အပြင်ထွက် အလုပ်လုပ်နေတာ ဘယ်လိုပင်ဖြစ်ပါစေ အနားယူဖို့လိုပါတယ်။ နို့တိုက်မိခင် တစ်ယောက် အနေနဲ့ ကလေးထိန်းတာ၊ အိမ်မှုကိစ္စတွေ လုပ်တာ၊ ကလေးဝေယျဝစ္စလုပ်တာတွေနဲ့ အချိန်တွေကုန်ပြီး အနားမယူနိုင်တာ၊ ခဏတဖြုတ် မအိပ်စက်နိုင်တာမျိုးတွေမဖြစ်အောင် သတိထားဖို့လိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အလင်း (ဆေးဝါး)
Arogyam magazine, May 2016, Pg.28

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18