Print

ကလေးခေါင်းတွင် သန်းတွယ်နေလျှင်

  28-Feb-2017
Preview Image

 

သန်းဥကို အရင် သုတ်သင်ပါ

ကလေးခေါင်းမှာ သန်းရှိ၊ မရှိဆိုတာ ဆံသားတွေထဲကို အရင်ဆုံး ကြည့်လိုက်ပါ။ဆံပင်မှာ သန်းဥတွေ ကပ်တွယ်နေတာကို တွေ့တယ်ဆိုရင် အရင်ဆုံး သုတ်သင်သင့်တာကတော့ အဲဒီသန်းဥတွေကိုပါ။ သန်းဥတွေက သန်းကောင်လေးတွေ ပေါက်ဖွားလာဖို့အတွက် အရင်းအမြစ်တစ်ခုအဖြစ် ဆံသားမှာ တွယ်ကပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံး သန်းဥတွေကို ခွာထုတ်ပစ်လိုက်ပါ။ 

 

ဘီးစိပ်နှင့် ခေါင်းဖြီးပါ
ခေါင်းဖြီးလိုက်ချိန်မှာ ဆံသားမှာ ကပ်နေတဲ့ သန်းနဲ့ သန်းဥတွေပါ ကပ်ပါလာနိုင်တဲ့ အသွားစိပ်စိပ်ဘီးနဲ့ ဆံသားတွေကို ဖြီးချပေးပါ။ သန်းကောင်တွေက ဘီးစိပ်ကြားမှာ ကပ်ပါလာလိမ့်မယ်။ နေ့တိုင်းဆံသားတွေကို ဖြီးချပေးပါ။ သန်းကောင်တွေက ဘီးစိပ်ကြားမှာ ကပ်ပါလာပါလိမ့်မယ်။ နေ့တိုင်း ဆံသားတွေကို ဘီးစိပ်နဲ့ ဖြီးချပေးပါ။

 

သံလွင်ဆီ သုံးပါ
သံလွင်ဆီက သင့်မီးဖိုချောင်မှာ အလွယ်တကူ ရရှိနိုင်တဲ့ ဆီတစ်မျိုးဖြစ်သလိုသန်းတွယ်နေတဲ့ ဦးခေါင်းအတွက် အထူးသင့်တော်ပါသည်။ သံလွင်ဆီကို ကလေးဦးခေါင်းတစ်ခုလုံးကို ရွှဲနေအောင် လိမ်းထားလိုက်ပြီး ခေါင်းစွပ်ကို အုပ်ထားလိုက်ပါ။ သံလွင်ဆီ ထည့်ပြီး တစ်နာရီလောက် ကြာချိန်မှာ သန်းတွေရဲ့ အသက်ရှူလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေပြီး အဲဒီအချိန်မှာ ဘီးစိပ်သုံးပြီး ခေါင်းဖြီးတာကြောင့် သန်းဥတွေကိုပါ တိုက်ခိုက်နိုင်ပါလိမ်မည်။ သံလွင်ဆီလိမ်းပြီး တစ်နာရီအကြာမှာ ဘီးစိပ်နှင့် ခေါင်းဖြီးပေးတာကြောင့် ၂၁ ရက်အတွင်း သန်းတွေကို တိုက်ထုတ်နိုင်ပါလိမ့်မယ်။

 

သန်းပျောက်ဆေးများ
သန်းပျောက်အောင်ဆိုပြီး ထုတ်ထားတဲ့ ဆေးတွေကို ကလေးငယ်ဦးခေါင်းမှာ အသုံးမပြုသင့်သေးပါ။ အရေပြားဆရာဝန်ရဲ့ ညွန်ကြားချက် မရှိပါလျှင် ပိုပြီးတော့တောင် အသုံးမပြုသင့်ပါဘူး။ ကလေးငယ်ရဲ့ ဦးရေပြားနဲ့ ဆံသားဖွံ့ဖြိုးမှုတွေကို ထိခိုက်စေပြီး အဆိပ်အတောက်တစ်ခုလို ဖြစ်စေနိုင်ပါတယ်။ တချို့သန်းပျောက်ဆေးတွေမှာ ကလေး အသက်နှစ်နှစ်ကျော်မှ အသုံးပြုရမယ်လို့ ရေးထားတတ်ကြပါတယ်။ ကလေးနှစ်နှစ် မကျော်သေးရင်ဖြစ်စေ၊ သင့်ကလေးမှာ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့ ဖြစ်စဉ်ရှိရင်ဖြစ်စေ သန်းပျောက်ဆေးတွေကို မသုံးပါနဲ့။

 

ဆံပင် အခြောက်ခံပါ
လေ့လာမှုတွေအရ ဆံပင်ကို ဆံပင်ခြောက်စက်နဲ့ လေမှုတ်ပြီး အခြောက်ခံပေးတာကြောင့် သန်းဥတွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။ လေနဲ့ ဆံသားတွေကို အခြောက်ခံတာကြောင့် သန်းဥတွေကို ၈၉ ရာခိုင်နှုန်း သေစေနိုင်ပြီး သန်းတွေကို ၁၀ ရာခိုင်နှုန်း သေစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သန်းရှိနေတယ်ဆိုရင် ကလေးငယ် ခေါင်းလျှော်ပြီးချိန်မှာ ဆံသားကို လေပူသုံးပြီး အခြောက်ခံပေးတာပါ။ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ သန်းသတ်ဆေးတွေ အသုံးပြုပြီး အချိန်မှာတော့ ကလေးငယ်ခေါင်းကို လေပူသုံးပြီး မမှုတ်ပါနဲ့။

 

ကလေးငယ် သန်းမတွယ်စေရန် သတိထားရမည့် အချက်များ
ကလေးငယ်တစ်ဦးမှာ သန်းတွယ်လာတာမျိုး မဖြစ်စေဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့လိုပါတယ်။ 

 

သန်းရှိသော အခြားကလေးငယ်များနှင့် ကင်းပါစေ
သင့်ကလေးငယ်နှင့် လက်ပွန်တတီး ဆော့ကစားနေတဲ့ အခြားကလေးတွေမှာ သန်းရှိတယ်ဆိုရင် သင့်ကလေးကိုလည်း တခြားကလေးတွေကတဆင့် သန်းကူးနိုင်ပါတယ်။ သန်းရှိတဲ့ကလေးတွေနဲ့ အတူကစားချိန်မှာ လှဲအိပ်တာ၊ ခေါင်းချင်းဆိုင်ပြီး ကစားတာနဲ့ အတူ နီးစပ်မှုတွေက ကလေးငယ်အချင်းချင်း သန်းတွေကို ကူးစက်စေနိုင်ပါတယ်။ သန်းရှိတဲ့ ကလေးငယ်ရဲ့ မိဘတွေကို အသိပေးပြီး သင့်ကလေးကိုလည်း တခြားကလေးသန်းတွေကို သုတ်သင်နေစဉ်အချိန်မှာ ခပ်ဝေးဝေးနေဖို့ မှာထားပါ။

 

ခေါင်းစည်းကြိုးများကို ဝေမျှ မသုံးပါနှင့်
ကလေးငယ်အတွက် အသုံးပြုထားတဲ့ ခေါင်းစည်းကြိုး၊ ကလစ်၊ ဘီးနဲ့ တခြားဆံပင်သုံး အလှပြင်ပစ္စည်းတွေကို တခြားသူတွေနဲ့ ဝေမျှပြီး သုံးစွဲတာမျိုး မလုပ်သင့်ဖို့ ကလေးငယ်ကို မှာကြားထားပါ။ သီးသန့်ထားပေးပြီး ပုံမှန်ဆေးကြောသန့်စင်ပေးတာက ကလေးငယ် သန်းမတွယ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ 

 

ဦးထုပ်များကို သတိထားပါ
ကလေးငယ်ဆောင်းတဲ့ ဦးထုပ်တွေ၊စက်ဘီး ဦးထုပ်တွေနဲ့ အေးတဲ့အချိန်မှာ ဆောင်းတဲ့ ခေါင်းစွပ်ဦးထုပ်တွေကို တခြားကလေးငယ်တွေနဲ့ ဝေမျှသုံးစွဲတာမျိုးကြောင့်လည်း သန်းတွေ ကူးစက်ခံရနိုင်တာကြောင့်လည်း သတိပေး မှာကြားထားဖို့ လိုပါတယ်။

 

သီးသန့်ထားပေးပါ
ကလေးငယ်ရဲ့ အဝတ်အစား၊ တဘက်နဲ့ ကလေးသုံး ပစ္စည်းတွေကို သီးသန့်ထားပေးပြီး လူကြီး အသုံးအဆောင်တွေနှင့် ရောနှောမနေပါစေနှင့် ကလေးငယ်အတွက် သီးသန့် အဝတ်ဗီရိုထားရှိပြီး သေချာသပ်ရပ်မှုရှိအောင် သိမ်းဆည်းပေးထားပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို နားလည်အောင် သင်ကြားပေးထားပြီး ကိုယ်ပိုင်ပစ္စည်းကို သေချာသုံးတတ်တဲ့ အကျင့်ရှိအောင် လေ့ကျင့်ပေးထားပါ။

 

ချက်ချင်း ကုသပါ

ကလေးငယ်ခေါင်းမှာ သန်းတစ်ကောင်ဖြစ်စေ တွေ့ပြီဆိုတာနဲ့ ကလေးခေါင်းကို သေချာသန့်ရှင်းနေစေပြီး လိုအပ်တဲ့ သုတ်သင်မှုတွေ ပြုလုပ်ပါ။ ပစ်ထားလိုက်တာကြောင့် သန်းတွေ ပိုပွားလာနိုင်တယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
TTO
Arogyam magazine, March 2016, Pg.48

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18