Print

အရိုးကျိုးခြင်းကို စနစ်တကျ ထိန်းချုပ်ကုသခြင်း

  07-May-2020
Preview Image

ချက်ချင်းကုသပေးတာကိုကော ဘယ်အချိန်လုပ်ပါသလဲဆရာ။

      အရိုးကျိုးနေတဲ့ လူနာတစ်ယောက်ကို ကုသမှု ပေးတဲ့အခါ အရေးအကြီးဆုံးက လူနာရဲ့ ဒဏ်ရာနာကျင်မှုကို ထိန်းချုပ်ပေးရတာဖြစ်ပါတယ်။ အတတ်နိုင်ဆုံး လူနာနာကျင်မှုလျော့ပါအောင် ပြုလုပ်ပေးရပါတယ်။ ရုတ်တရက် မတော်တဆထိခိုက်မှုတစ်ခုခုကြောင့် အဲဒီ နေရာမှာပဲ ခြေထောက်အရိုးကျိုးနေတဲ့ လူနာတစ်ယောက်ကို တွေ့တယ်ဆိုပါစို့ ။ လူနာကို ရွှေ့တဲ့အခါ ဒီအတိုင်းရွှေ့ရင် ဒဏ်ရာ ပိုဆိုးနိုင်တာကြောင့် တုတ်ချောင်းတစ်ခုခုကို အမြန်ဆုံးရှာပြီး ဒဏ်ရာရနေတဲ့ ခြေထောက်မှာ အဝတ်တစ်ခုနဲ့ စည်းပေးရပါမယ်။ တုတ်နှစ်ချောင်းဆို ပိုကောင်းတာပေါ့နော်။ တစ်ချောင်းစီကို ဒဏ်ရာရနေတဲ့ ခြေထောက်တစ်ဖက်တစ်ချက်မှာ ညှပ်ပြီး စည်းပေးလိုက်တော့ လူနာ အရွှေ့အပြောင်းလုပ်တဲ့အခါ နာတာနည်းနည်းသက်သာတာပေါ့နော်။

    လူနာတင်ယာဉ်ခေါ်ထားတယ်ဆိုရင်တော့ လူနာတင်ယာဉ်တွေမှာပါလာတဲ့ ဒဏ်ရာရရင် စည်းတဲ့ အပြားတွေ (Board)နဲ့ စည်ပေးပြီး ဆေးရုံကိုခေါ်သွားလို့ရပါတယ်။ အဲဒီဒဏ်ရာကို စည်းပေးတဲ့အပြားတွေဆို ဘေးနှစ်ဖက်တင်မဟုတ်ဘဲ အောက်ကိုပါစည်းလို့ရတာမျိုးရှိပါတယ်။ အဲလို့ဆိုရင်တော့ လူနာနာကျင်မှု ပိုသက်သာတာပေါ့။

     နောက်တစ်ခုက အခုချက်ချင်း ဒဏ်ရာရပြီး ဆေးရုံရောက်လာလို့ ခြေထောက်က ပုံပျက်နေတယ်။ အရိုးလိမ်နေတယ်ပေါ့။ အဲလိုမျိုးဆို ချက်ချင်းပြန်လှည့်ပေးလို့ရပါတယ်။ ခြေထောက်ကျိုးတာပဲဖြစ်ဖြစ်၊ ကျိုးကျိုးချင်းမှာ ခြေထောက်က မရောင်းကိုင်းသေးပါဘူး။ ဒါမှ မဟုတ်ဘဲ ခြေထောက်ကွေးကွေးကောက်ကောက်ကြီးကို ဒီအတိုင်းထားလိုက်ရင် နောက်ထပ် တစ်နာရီလောက် ကြာရင် ဒီဒဏ်ရာက ပိုကြီးပြီးရောင်လာတော့မှာ ဖြစ်ပါတယ်။ လုံးဝပြန်ဖြောင့်လို့ မရတော့ပါဘူး။ သွေးထွက်တာရှိမယ်။ ဖောင်းတာတွေရှိလာတာကြောင့် အချိန်ရှိတုန်းမြန်မြန်လုပ်ပေးတာဟာ အနည်းဆုံးတော့ အရိုးက ပုံမှန်အနေအထားဖြစ်သွားတာပေါ့နော့်။ နောက်မှသာဆက်ပြီး ကျန်ခဲ့တဲ့ ဒဏ်ရာတွေကို ကုရမှာ ဖြစ်ပါတယ်။

 

ဒဏ်ရာကို အလုံးလိုက်ပတ်စည်းတာကို ရှင်းပြပေးပါဆရာ

       အက်ရာသေးသေးလေးနဲ့ကျိုးတဲ့ ဒဏ်ရာတွေ၊ အရမ်းကြီးမပြင်းထန်တဲ့ အရိုးကျိုးတာတွေ အရေးပေါ်ကို ရောက်လာတဲ့အခါမျိုးမှာ ချက်ချင်းကြီး ဒဏ်ရာကို အလုံးလိုက်ပတ်စည်းပေးလိုက်တာမျိုး ဆရာတို့ ဘယ်တော့မှ မလုပ်ပါဘူး။ ဘာလို့ မလုပ်တာလဲ ဆိုတော့ အဲဒီအလုံးလိုက်စည်းတာဟာ ဒဏ်ရာရဲ့ အပြင်ဘက်မှာ ပုံသေခွက်ကြီးဖြစ်ပြီး ဒဏ်ရာကို ဖိထားသလို ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ ကျိုးတဲ့ ဒဏ်ရာတွေဟာ အများအားဖြင့် တဖြည်းဖြည်းရောင်တာတွေရှိပါတယ်။

ဒဏ်ရာက ရောင်လာမယ်၊ ဒါပေမဲ့ အဲ့ဒီအလုံးလိုက် စည်းထားတဲ့ နေရာက ဒဏ်ရာကို ညှစ်ထားမယ်။ ဒဏ်ရာရဲ့ ရောင်တဲ့နှုန်းက အပြင်ကို မထွက်နိုင်တော့ အတွင်းက အရိုးတွေကိုပြန်ဖိပါတယ်။


ကုသမှု ပေးနေတဲ့ အချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်တွေရှိရင် သိချင်ပါတယ် ဆရာ။

ဒဏ်ရာက နာကျင့်သင့်တဲ့ အခြေအနေထက်ပိုပြီး နာကျင်နေရင် သတိထားရပါမယ်။ အဲလိုမျိုးဆို Compartment Sydrome  ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲ ဖြစ်နိုင်ခြေ တွေလည်းအရမ်းများပါတယ်။ စောစောသိရင်ပိုကောင်းပါတယ်။ Compartment Sydrome ရဲ့ နောက်ဆက်တွဲအနေနဲ့ အာရုံကြော ထိခိုက်မိလို့ အာရုံကြောတွေ ပျက်စီးသွားတာမျိုး ကြွက်သားသေသွားတာမျိုး ခြေထောက်ပုပ်သွားတာမျိုး တွဲဖြစ်တတ်ပါတယ်။

       နောက်တစ်ခုကတော့ ပုံမှန်မဟုတ်တဲ့ အရိုးဆက်မှုဖြစ်ပါတယ်။ Malunion လို့ ခေါ်ပါတယ်။ အရိုးကျိုးတဲ့အခါ တစ်ခုနဲ့ တစ်ခုပြန်ဆက်သွားအောင် ဆက်ပေးပေမယ့် လုံးဝမဆက်ဘူးဆိုရင် Malunion ဖြစ်တယ်လို့ခေါ်ပါတယ်။

      နောက်တစ်ခုက အရိုးတောင့်တာပါ။ အရိုးကျိုးထားတဲ့ နေရာကနာလို့ဆိုပြီး လှုပ်ရှားမှုတွေ မလုပ်တာ ကြာလာတဲ့အခါ အရိုးက တောင့်တောင့်ကြီးဖြစ်သွားတာပါ။ နောက်တစ်မျိုးကတော့ အာရုံကြောထိပြီး လှုပ်ရှားမှု မလုပ်နိုင်တော့တာမျိုးပါ။ တချို့လူနာတွေ ကျတော့လည်း အာရုံကြောတွေ အနာတရဖြစ်တာမဟုတ်ဘဲ ကျွမ်းကျင်မှုမရှိတဲ့ ခွစိတ်မှုမျိုးနဲ့ ကြုံတဲ့အခါမျိုးမှာလည်း ဒဏ်ရာသေးသေးကနေ အကြီးကြီးအဆင့်ကို ရောက်သွားတာမျိုးဖြစ်ပါတယ်။

 

အရေးပေါ်ကုသမှုခံယူသင့်တဲ့အခြေအနေတွေကို ပြောပြပေးပါဆရာ။

     အရိုးက အရမ်းကို ပုံပျက်နေတယ်၊ သွေးကြောကပေါက်နေပြီလို့ သံသယဖြစ်ရတဲ့ အခြေအနေမျိုးမှာ အရေးပေါ်ခွဲစိတ်ကုသမှု ပြုလုပ်ရပါတယ်။ နောက်ပြီး အရိုးကျိုးတာကို ဆက်လို့ရတဲ့ ပစ္စည်းတစ်ခုခုနဲ့ ဆက်ပေးရတဲ့ အခြေအနေမျိုး၊ ပေါင်ရိုးကျိုးတာမျိုးကို ခွဲကို ခွဲရပါတယ်။ ပေါင်ရိုးကျိုးတာကို မခွဲဘဲ ဒီအတိုင်းညှိပေးလိုက်တယ်ဆိုရင် ခြေထောက်တစ်ဖက်နဲ့ တစ်ဖက် အတိုအရှည်မညီတာမျိုးဖြစ်တတ်ပါတယ်။

      နောက်ထပ် အရေးပေါ်ခွဲစိတ်မှု ခံသင့်တဲ့ ဒဏ်ရာကတော့ Open Fracture လို့ခေါ်တဲ့ ဒဏ်ရာ အရမ်းပြင်းထန်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ နောက်တစ်ခုက သွေးကြောစနစ်ထိခိုက်တဲ့ အချိန်မျိုးမှာ ဥပမာ- ခြေသလုံးရိုးကျိုးတယ်ဆိုပါစို့။ ခြေထောက်တစ်ခုလုံးပြာနှမ်းနေရင်တော့ မခွဲလို့မရပါဘူး။ ပြာနှမ်းနေတဲ့ သဘောကကျိုးတဲ့ အရိုးတစ်ဝိုက်မှာ ရှိနေတဲ့ တစ်သျှူးတွေအပေါ် ဖိအားများနေတာကို ပြတာဖြစ်ပါတယ်။ ဒီတော့ ဒီလိုအနေအထားမျိုးကို ခွဲစိတ်ပြီးသော် ငြားလည်းဒဏ်ရာကို ချုပ်လို့မရဘဲ ဒီအတိုင်းထားရပါတယ်။



ခွဲစိတ်တာတွေ ပြီးတဲ့အခါမျိုးမှာ လူနာကို လိုက်နာဖို အထူးတလည် မှာကြားတာတွေရှိပါသလားဆရာ။

       လူနာကို အရေးပေါ်ပဲ ဖြစ်ဖြစ်၊ ခွဲစိတ်ပေးပြီးတာပဲဖြစ်ဖြစ် ကုသမှုပေးပြီးတဲ့အခါမှာ လူနာတွေကို RICE ဆိုတဲ့ နည်းလမ်းအတိုင်းလိုက်နာဖို့ ဆရာတို့က မှာရပါတယ်။ RICE ဆိုတာက စာလုံးတစ်လုံးချင်းစီမှာ အဓိပ္ပာယ်ရှိပါတယ်။ Rဆိုတာ Rest ကို ပြောတာပါ။ အနားယူဖို့လအပ်တယ်လို့ ဆိုလိုပါတယ်။ I ဆိုတာ Ice ပါ။ နာနေတဲ့ နေရာကို ရေခဲကပ်ပေးဖို့ ပြောတာဖြစ်ပါတယ်။ C ဆိုတာက Compression ပါ။ ဒဏ်ရာကို စည်းထားပေးဖို့ပါ။ အရမ်းကို တင်းတင်းကျပ်ကျပ်စည်းဖို့ပြောတာမဟုတ်ပါဘူး။ ဖွဖွလေးစည်းထားပေးရပါတယ်။ E ကတော့ Elevation ကိုပြောတာဖြစ်ပါတယ်။ ဒဏ်ရာရထားတဲ့နေရာဖြစ်ဖြစ်၊ ခွဲထားတဲ့နေရာကို သက်သောင့် သက်သာဖြစ်အောင် ထားပေးဖို့ ဖြစ်ပါတယ်။ ခြေထောက်မှာ ဒဏ်ရာဆိုရင် ထိုင်တဲ့ အခါ အဲဒီနေရာကို အောက်ကနေ ခေါင်းအုံးတစ်ခုခုနဲ့ ခံပြီး နေတာမျိုးကို ပြောတာဖြစ်ပါတယ်။ အဲလိုမျိုး RICE ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာဖို့ လူနာတွေကို ဆရာတို့က ပြောပေးရပါတယ်။


Cedit : အိသူ (ဆေးဝါးတက္ကသိုလ်) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18