Print

ရင်သားကင်ဆာ လွယ်ကူစွာကာကွယ်ပါ

  24-Feb-2017
Preview Image

ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် အရမ်းကို ကြောက်စရာကောင်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါတိုင်းဟာ ဆိုးဝါးလှသလို ရင်သားကင်ဆာဆိုတာကလည်း ထိုနည်းတူပါပဲ။ စောစီးစွာသိရှိပြီး မပျံ့နှ့ံသေးဘူးဆိုရင် ခွဲစိတ်ကုသလို့ ရတယ်ဆိုပေမယ့် ခံစားရသူအမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေသလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း ကြောက်ခမန်း လိလိပါပဲ။ ဒါတွေကြောင့် အမျိုးသမီးတွေအတွက် ရင်သား ကင်ဆာကို ကြိုတင်ကာကွယ် နိုင်တဲ့ သိပ္ပံနည်းကျ နေထိုင်စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ

နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ ရင်သားကင်ဆာနဲ့ ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ သုတေသနတစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာနေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်သူ အမျိုးသမီးများဟာ သာမန်အမျိုးသမီးများထက် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်းပါသတဲ့။

 

(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန်စားပေးပါ

အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝမျှတတဲ့ ပမာဏပုံမှန်ရှိနေမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်းတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ် ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ပုံစံက activeform (အသင့်သုံးပုံစံ) ဖြစ်နေလို
၏ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်းပမာဏ မြင့်မားခြင်းကိုဖြစ်စေကာ သားအိမ်ကင်ဆာကို ဖြစ်စေတဲ့အန္တရာယ် အနည်းငယ်ရှိပါတယ်။ အပင်တွေက ရတဲ့ အီစထရိုဂျင်(phytoestrogen) တွေကျတော့precursorform(ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့အချိန်ကျမှ လိုအပ်သလောက်ပဲactive form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့အန္တရာယ်မျိုးမရှိပါဘူး။


သဘာဝအီစထရိုဂျင်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင်ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင်ဆေးပြားများ ထုတ်ရောင်းနေပါတယ်။
သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူးသင့်တော်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ်ကြို ပြီး ရာသီလာစဉ်တွေမှာပါ မှီဝဲပေးမယ်ဆိုရင် လစဉ်ခံစားရတဲ့နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို အထူးသက်သာ စေပါတယ်။

 

(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ

အသီးအရွက် တွေချည်းပဲ စားတဲ့ အမျိုးသမီးတွေဟာလည်း ရင်သားကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသားအရမ်းစားရင် ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန်အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ်ခြင်းကိုအားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီးပါပါတယ်။ဒါကြောင့်အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲမစားဘဲ သမမျှတစွာ စားသုံး သင့်ပါတယ်။ ဒါကြောင့်ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ်ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာရောက်ပါလိမ့်မယ်။

 

(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင်ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ဒီအစားအသောက်တွေထဲမှာ ပါဝင်နေတဲ့အတွက် ရင်သားကင်ဆာဆဲလ်တွေပျံ့ပွားခြင်းကိုအားပေးရာ ရောက်စေလို့ပါတဲ့။ ရင်သားကင်ဆာ အပါအဝင် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာအများစုကို လုံးဝတားဆီးနိုင်စွမ်းရှိတဲ့ အသီးတစ်မျိုးကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိထားရပါတယ်။ ရောဂါရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်းနှေးစေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်းသောက်သုံးပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ဆိုနိုင်ပါတယ်။

 

(၅) ဗိုက်တာမင်အီး နဲ့ ဗိုက်တာမင်စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ

ဗိုက်တာမင်အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ်လိုအပ်သလို ဗိုက်တာမင်စီ ချို့တဲ့ရင် ခုခံအားစနစ်အားလျော့နိုင်ပါတယ်။ ယနေ့ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ်ချက်တွေအတွက် သီးသန့်ကြော်ငြာအားကောင်းကောင်းနဲ့ ထုတ်ရောင်းနေကြတာဖြစ်လို့ ပုံမှန်သောက်သုံးနေကြသူတွေတောင် ရှိပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင်အီးနဲ့စီ အားဖြည့်ဆေးတွေပုံမှန်စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်မားလာစေကြောင်းတွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေးလိုက်ပါတယ်။ အသားအရေလှပြီး သဘာဝသစ်သီးတွေကို အားကိုးတာ အကောင်းဆုံးနည်းလမ်းပါပဲ။

 

(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ

မီးတွေပိတ်ပြီးအိပ်တာဟာ ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ မကြာသေးမီက လေ့လာချက်များအရ ညဖက်မှာ အလင်းရောင်တွေအောက် အိပ်စက်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်လာနိုင်ဖို့ အခြားသူများထက် ၃၆% ပိုနီးစပ်တယ်လို့ တွေ့ရှိထား ရပါတယ်။

 

(၇) ပင်လယ်ရေမှော် နဲ့ ကျောက်ပွင့်များ စားသုံးပေးပါ

ဒီအစားအသောက်တွေဟာ မကြာခဏစားသုံးပေးရင် ရင်သားကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း အတည်ပြုုတွေ့ရှိထားရပါတယ်။ အထက်ပါ အချက်များကို လိုက်နာကျင့်သုံးမယ်ဆိုရင် အမျိုးသမီးတွေအတွက် အရမ်းကြောက်စရာကောင်းတဲ့ ရင်သားကင်ဆာကို ကာကွယ်ပြီးသားဖြစ်မှာပါ။ အထူးသဖြင့် မိမိရဲ့ မိခင်၊ အဒေါ်၊ အဘွား စသူတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ရှိခဲ့ဖူးသူများဆိုရင် အထူးလိုက်နာသင့်ပါတယ်။ 

 

ရင်သားကင်ဆာအပါအဝင် ကင်ဆာရောဂါမှန်သမျှဟာ ဖြစ်ရန်အကြောင်းမျိုးစုံရှိသော ရောဂါ (Multifactorial Diseases) များ ဖြစ်ကြတဲ့အတွက်
ရောဂါအစပျိုးချိန်မှာ လက်ဦးမှု ရယူနိုင်ဖို့လဲ အရေးကြီးပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေနဲ့ အဝတ်အစားလဲတိုင်း၊ ရေချိုးတိုင်း ချိုင်းနားအထိ အပါအဝင် ရင်သားရဲ့ နေရာအနှံ့ကို ပုံမှန် စမ်းသပ်ပေးသင့်ပါတယ်။ အလုံးအကျိတ် တစ်ခုခုတွေ့ရင်လည်း လုံးဝထိတ်လန့်သွားတာမျိုး မဖြစ်ပါနဲ့။ နေ့စဉ်မှန်မှန် စမ်းသပ်လာတဲ့ ကြားက ပေါ်လာတဲ့ အလုံးအကျိတ်တစ်ခုဟာ ကင်ဆာဖြစ်နေစေဦးတော့၊ သေချာပေါက် ကုလို့ ပျောက်ပါတယ်လို့ ကျန်းမာရေးပညာရှင်များက အာမခံထားကြပါတယ်။

 

Ref:
လူဗိုလ်
မြဝတီ
Saturday, February 15, 2014


 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18