Print

ကိုယ်ဝန်ဆောင်ကာလတွင် ဖြစ်တတ်သော အရေပြားပြဿနာများ

  24-Feb-2017
Preview Image

ဟော်မုန်းဓာတ်တွေ ပြောင်းလဲလာတာကြောင့် ကိုယ်ဝန်လွယ်ထားရတဲ့ ကာလတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ အမျိုးသမီးအများစုအတွက် ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်တတ်သလို တချို့သော အမျိုးသမီးတွေ အတွက်ကတော့ အခြေအနေကို ပိုဆိုးရွားလာစေပါတယ်။ 

 

အရေပြား
ကိုယ်ဝန်ဆောင်ကာလမှာ ဆံပင်လိုပဲ အရေပြားမှာလည်း ပြောင်းလဲ မှုတွေ ဖြစ်လာတတ်ပါတယ်။ တကယ်လို့ အရေပြား ခြောက်သွေ့လာတယ်ဆိုရင် မျက်နှာပြင်ကို moisturizer ကို သုံးပေးပြီး ခန္ဓာကိုယ် အရေပြားကိုတော့ Lotion တစ်မျိုးမျိုး လိမ်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ရေချိုးပြီးတဲ့အခါမှာလည်း moisturizer ပါဝင်တဲ့ ဆပ်ပြာအမျိုးအစားကို အသုံးပြုရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ အရေပြားဟာ အဆီပြန်လာခဲ့မယ်ဆိုရင်တော့ ဖန် (ချုပ်) ဆေး (astringent) ပါဝင်တဲ့ Lotion မျိုးကို အသုံးပြုရပါလိမ့်မယ်။ အရေပြားဟာ သာမန်အခြေအနေ မရောက်မချင်းမိတ်ကပ် စသည်တို့ကို အသုံးမပြုသင့်ပါဘူး။

 

အချို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာဆိုရင် မျက်နှာပြင်ပေါ်မှာ လိပ်ပြာပုံ သဏ္ဍာန် အကွက်ငယ်လေးတွေ ဖြစ်လာတတ်လေ့ရှိပါတယ်။ တချို့ကတော့ ပါးပြင်၊ နဖူးပြင်နဲ့ အထက်နှုတ်ခမ်းနေရာတွေမှာ အညိုရောင် အစက်ငယ်လေးတွေ ပေါ်လာ တတ်ပါတယ်။ အဲဒါအပြင် ခန္ဓာကိုယ်အရေပြားပေါ်မှာ ရှိတဲ့ မှဲ့၊ အမှတ်၊ အနာရွတ်နဲ့ တင်းတိတ်နေရာတွေဆိုရင်လည်း အရောင်ရင့်လာတတ်ပါသေးတယ်။ဒီလိုကာလတွေမှာ နေရောင်အောက်သွားရင် နေရောင်ကာလိမ်းဆေးကို မဖြစ်မနေ လိမ်းသွားသင့်ပါတယ်။ ဒီလိုမျိုး အစက်အပြောက်ဖြစ်တာ၊ အသားအရောင် ရင့်လာတာ မျိုးဟာ မွေးဖွားခါနီးသုံးလ အလိုလောက်မှာဆိုရင် သက်သာလာတတ်ပါတယ်။

 

အကြောများပြတ်ခြင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာဆိုရင် သူတို့ရဲ့ ဝမ်းဗိုက်၊ ပေါင်၊ တင်ပါး၊ ရင်သားနဲ့ အပေါ်လက်မောင်းစတဲ့ နေရာတွေမှာ အကြောပြတ်ရာဖြစ်တဲ့ အစင်းကြောင်းတွေ ထင်လာတတ်ပါတယ်။ သန္ဓေသားရဲ့ အလေးချိန်ကြောင့် အရေပြားအောက် နေရာတွေမှာ ဆွဲဆန့်ခံရသလိုဖြစ်ပြီး ဒီလိုမျိုးဖြစ်လာရတာပါ။ အစင်းကြောင်းပျောက်ကွယ်စေတဲ့ ဘယ်လိုလိမ်းဆေး ကမှ ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ပါဘူး။ ဒီလိမ်းဆေးတွေဟာ အကြောပြတ် တာကြောင့် အရေပြားယားယံတာမျိုးကိုသာ သက်သာစေနိုင်ပါလိမ့်မယ်။သတင်းကောင်းလေး တစ်ခုကတော့ ဒီလိုအကြောပြတ်ရာတွေမှာ ကလေးမွေးဖွား ပြီးတဲ့အခါမှာ တဖြည်းဖြည်းနဲ့ အရောင်မှေးမှိန်ပြီး အရွယ်အစားလည်း သေးငယ် လာပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ ထင်ရုံသာထင်တဲ့ အဖြူနှစ်ရောင် အကြောင်း ငယ်လေးတွေသာ ဖြစ်နေပါလိမ့်မယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်ဝတ်မှုန်
Health for all magazine, No.104, September 2015, Pg. 25-26



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18