Print

ကိုယ်ဝန်ဆောင်တို့ လမ်းလျှောက်ခြင်းအကျိုး

  30-Dec-1899
Preview Image

 တကယ်တော့ ကိုယ်ဝန်ဆောင်ကာလမှာ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်တာက မွေးဖွားမယ့် မိခင်အတွက် မွေးဖွားရလွယ်ကူစေ သလို မွေးလာမယ့်ကလေး အတွက်လည်း ကျန်းမာရေးကောင်းကျိုး တွေ ဖြစ်စေတဲ့အတွက်ပါပဲ။ လမ်းလျှောက်ခြင်း ကပေးတဲ့ အကျိုးကျေးဇူးတွေကတော့ ..။

 

၁။ မိခင်လောင်းကို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြ့ံခိုင်စေတယ်

          ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်လုံး နေ့စဉ်မှန်မှန် လမ်းလျှောက်ပေးမယ် ဆိုရင် မိခင်လောင်းရဲ့ အရိုးကြွက်သားတွေ ကျန်းမာကြ့ံခိုင်ပြီး နှလုံးသွေးကြော လည်ပတ်မှုကို အားကောင်းစေလို့ မီးဖွားတဲ့အခါ အမောခံနိုင်ပြီး သားအိမ်ညှစ်အား ပိုကောင်းစေတယ်။

 

၂။ ကျန်းမာတဲ့ ရင်သွေးငယ်ကို မွေးဖွားစေတယ်

         ကိုယ်ဝန်ဆောင်မိခင်တွေ လမ်းမှန်မှန်လျှောက် ပေးတဲ့အတွက်ကြောင့်မွေးဖွားလာတဲ့ ကလေးမှာလည်း ကျန်းမာကြ့ံခိုင်ပြီး မွေးကင်းစရောဂါဖြစ်နှုန်းကိုလျော့ကျစေတယ်။

 

၃။ ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နှုန်းကို လျော့နည်းစေတယ်

           ကိုယ်ဝန်ဆောင်ကာလမှာ လမ်းမှန်မှန်လျှောက်ပေးတဲ့အတွက် သွေးတွင်း သကြားဓာတ် ချေဖျက်လောင်ကျွမ်းမှု အားကောင်းပြီး ကိုယ်ဝန်ဆောင်ကာလ မှာ ဖြစ်တတ်တဲ့ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နှုန်းကို လျော့ကျစေပါသတဲ့။

 

၄။ ကိုယ်ဝန်ဆောင်အဆိပ်တက်ခြင်း အန္တရယ်လျော့နည်းစေတယ်

          ကိုယ်ဝန်ဆောင်မိခင်တွေကို အန္တရာယ်ပေးနိုင်တဲ့ ကိုယ်ဝန်အဆိပ်တက်ခြင်း ကို လျော့နည်းစေဖို့ လမ်းမှန်မှန်လျှောက်ပေးပါ။ ကိုယ်အလေးချိန် တိုးခြင်းကို ကာကွယ်ပေးပြီး သွေးတွင်းကိုလက်စထရောဓာတ် လျော့ကျစေကာ ကိုယ်ဝန်ဆောင်သွေးတိုးကိုလည်း ကာကွယ်ပေးပါတယ်။ 

 

၅။ စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်

        လေပြည်အေးအေးမှာ သက်သောင့်သက်သာ လမ်းမှန်မှန်လျှောက်ပေးတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန် မိခင်အများစု ခံစားရတဲ့ စိတ်ပူပန်မှုနဲ့ ဖိစီးမှုတွေကို လျော့ကျစေတဲ့အပြင် စိတ်ခံစားမှုကောင်းပြီး စိတ်ပျော်ရွှင်မှုကိုပါ တိုးစေပါတယ်။ လမ်းလျှောက်ခြင်းကြောင့် ဦးနှောက်ထဲမှာရှိတဲ့ Endorphins ဟော်မုန်းတွေ ထွက်နှုန်းကောင်းပြီး စိတ်ကို ပျော်ရွှင်လန်းဆန်းစေပါတယ်။

 

၆။ ကိုယ်ဝန်လစေ့မှ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်တယ်

        လမ်းမှန်မှန်လျှောက်ပေးတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ တင်ပါး၊ မျိုးပွားအင်္ဂါတစ်ဝိုက်နဲ့ ပေါင်ကြွက်သားတွေ အားကောင်းစေပြီး ကိုယ်ဝန်လ မရင့်မီ မွေးတာ၊ ကိုယ်ဝန်လကျော်မှ မွေးတာတွေ မဖြစ်စေတဲ့ မွေးရမယ့်အချိန်ကာလ မှန်ကန်စွာနဲ့ ခွဲစိတ်စရာမလို ပုံမှန်သဘာဝနည်းအတိုင်း ကျန်းကျန်းမာမာ လွယ်လွယ်ကူကူ မွေးဖွားနိုင်ပါတယ်။

 

        ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိကျန်းမာစေဖို့ သာမက မွေးဖွားလာတဲ့ ရင်သွေးငယ်လေးရဲ့ ကျန်းမာရေးအတွက်ပါ ထည့်တွက်လို့ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး တစ်နေ့ကိုတစ်ကြိမ်၊ တစ်ကြိမ်မှာ အနည်းဆုံး ၁၅ မိနစ်ခန့် အချိန်ပေးပြီး လမ်းမှန်မှန်လျှောက်ပေးပါ။ လမ်းမှန်မှန်လျှောက်ပေးတဲ့ အတွက် ကျန်းမာရေးကောင်းကျိုးတွေက စိတ်ကိုပါ ကြည်လင်လန်းဆန်းစေပြီး မိမိရဲ့ အိမ်ထောင်ဘက်နဲ့အတူ လမ်းလျှောက်ထွက်မယ်ဆိုရင် နှစ်ဦးသားကြား ရင်းနှီးမှုပိုစေလို့ ကိုယ်ဝန်ဆောင်မိခင်တို့ အကျိုးကျေးဇူးများတဲ့ လမ်းလျှောက်ခြင်းကို မှန်မှန်ပြုပေးဖို့ အကြံပြုပါရစေနော်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး​

Credit:
Sheri (U.O.N, ygn)
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18