Print

Pregnant Women & Dental Health ကိုယ်ဝန်ဆောင်များသတိပြုစရာ သွားခံတွင်းပ...

  30-Oct-2016
Preview Image

 

အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ဆောင်ရပြီဆိုရင်၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်လေ့ရှိကြပါတယ်။ မီးယပ်နဲ့သားဖွားအထူးကုတွေနဲ့အပ်ပြီး မှန်မှန်စစ်ဆေး တာတွေ၊ အစားအသောက် အနေအထိုင်ဆင်ခြင်တာတွေ လုပ်လေ့ရှိကြပါတယ်။ဒီနေရာမှာ အများစု သိပ်ဂရုမပြုမိတာကတော့၊ ကိုယ်ဝန်စရပြီဆိုတာနဲ့၊ မီးယပ်သားဖွား အပြင်၊ သွားဆရာဝန်ဆီကိုပါ သွားပြီး လိုအပ်တဲ့ ကုသမှုနဲ့ အကြံဉာဏ်ရယူဖို့ အရေးကြီးတယ်ဆိုတာ ကိုပါဘဲ အပေါ်နဲ့အောက် ဘာဆိုင်လဲလို့ တွေးကောင်းတွေးကြပါလိမ့်မယ်။ လူ့ခန္ဓာကိုယ် ဟာ တဆက်တစပ်တည်းမို့ တနေရာက အပြောင်းအလဲဟာ တခြားတနေရာမှာလည်းပြောင်းလဲမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့၊ ကိုယ်ထဲကဟော်မုန်းဓာတ်တွေ သာမန်ချိန်မှာလို မဟုတ်တော့ဘဲ ပြောင်းလဲလာပါတယ်။ ဒီပြောင်းလဲမှုကြောင့် ခံတွင်းထဲက သွားဖုံသားတွေဟာ၊ သာမန်ထက်ပိုပြီး၊ရောဂါ ပိုးမွှားတွေကိုတုန့်ပြန်မှုများလာတဲ့အတွက်၊ ပင်ကိုယ်အခံရှိနေတဲ့သွားဖုံးရောင်ရောဂါပိုဖြစ်စေပါတယ်။

 

သာမန်ချိန်မှာ ရောဂါမပေးတဲ့ သွားပိုးလွှာ (dental plaque) ကနေ၊ ကိုယ်ဝန်ဆောင်ချိန်မှာ နီမြန်းဖောင်းကြွပြီး သွေးတစိမ့်စိမ့်ထွက်စေတဲ့ သွားဖုံးရောင် ရောဂါလက္ခဏာကို ဖြစ်စေပါတယ်။(ကိုယ်ဝန်ဒုတိယသုံးလအတွင်းမှာပိုဖြစ်တတ်ပါတယ်) သွားဆေးပညာအခေါ်အရ pregnancy tumour လို့ခေါ်ရလောက်အောင် သွားဖုံးကနေ အလုံးအကြိတ်ပုံစံနဲ့ ရောင်လာတတ်လို့၊ သတိပြုမိတဲ့ကိုယ်ဝန်ဆောင်တချို့သွားဆေးခန်းကို လာပြကြတာကြုံဖူးပါတယ်။ ဒီလိုဖြစ်တတ်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်ဝန်ရှိမှန်းသိတာနဲ့ အနည်းဆုံးတကြိမ်၊ သွားဆေးခန်းမှာပြသပြီး၊သွားဖုံးအောက်မှာရောဂါပိုးခိုအောင်းနိုင်တဲ့သွားကျောက်တွေရှိ မရှိစစ်ဆေးပြီး ဖယ်ရှားကုသစေတာ၊ oral prophylaxis လို့ခေါ်တဲ့၊ သွားမျက်နှာပြင်တွေ ပိုးကပ်တွယ်မှုနည်းအောင် ချောမွေ့နေအောင် polishing လုပ်တာတွေလုပ်သင့်ပါတယ်။ အစာစားပြီးတိုင်းနဲ့ ညမအိပ်ခင် မဖြစ်မနေသွားတိုက်တာကို သာမန်ချိန်မှာ မလုပ်ဖြစ်ခဲ့တောင် ကိုယ်ဝန်ဆောင်ချိန်၁၀လလုံး သတိထားလုပ်ပေးသင့်ပါတယ်။ ဒါကတော့ သွားဖုံးနဲ့ပတ်သက်တာပါ။

 

နောက်အရေးကြီးတာတစ်ခုက သွားပိုးစားရောဂါ၊အံဆုံးပြဿနာရှိမရှိစောစောစီးစီး စစ်ဆေးဖို့ပါ။ ကိုယ်ဝန်ဆောင်လူနာတွေသွားဆေးခန်းရောက်လာချိန်က အများအားဖြင့် မွေးခါနီးဖွားခါနီး၊ ကိုယ်လေးလက်ဝန်သွားကလည်းကိုက်၊ အံဆုံးကရောင် စသဖြင့် ဒုက္ခရောက်လေ့ရှိကြပါတယ်။ ကိုယ်ဝန်ရစက သွားပိုးစားအပေါက်ရှိတာကို မဖာထေးမိတော့၊ မွေးခါနီးမှ ကိုက်ပြီလေ။ ကိုယ်ဝန်ပထမသုံးလနဲ့မွေးခါနီးသုံးလကို ခွဲစိတ်ကုသမှု (သွားနှုတ်ခြင်း) မလုပ်သင့်ဘူးလို့ အကြမ်းအားဖြင့် သတ်မှတ်ထားပါတယ်။မွေးခါနီးမှာ သန္ဓေသားရဲ့အနေအထားကြောင့် အချိန်ကြာကြာပေးကုသရတဲ့ သွားကုသမှုကိုမလုပ်သင့်ပါဘူး။ သွားကုသခုံပေါ်မှာ ပက်လက်အနေအထားနေရတာဟာ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် ခက်ခဲဒုက္ခပါ။ သွေးအသွားအလာနဲ့သွေးပေါင်ချိန် ပေါ်မှာလည်း အများကြီးသက်ရောက်မှုရှိ ပါတယ်။ ကိုယ်ဝန်ပထမသုံးလကတော့ သန္ဓေသားအတွက် critical time အရေးကြီးတဲ့အချိန်၊ ကိုယ်လက်အဂါင်္တွေဖွဲ့စည်းနေတဲ့ အချိန်မို့၊ stress လို့ခေါ်တဲ့ကိုယ်၊စိတ်ပင်ပန်းမှုတွေကိုတတ်နိုင်သလောက် ရှောင်ရမယ့်အချိန်၊ ပိုးသတ်ဆေးဝါးစတဲ့သန္ဓေသားကိုအနည်းနဲ့အများ ထိခိုက်စေတဲ့ ဆေးတွေ တတ်နိုင်သလောက် ရှောင်ရမယ့် အချိန်ဖြစ်ပါတယ်။

 

သွားနှုတ်တာစတဲ့ သွားခံတွင်းခွဲစိတ်ကုသမှုတွေဟာ၊ လူတိုင်းလိုလိုက ကြောက်ကြတဲ့၊ဆေးခန်းထဲဝင် ခုံပေါ်တက်လိုက်တာနဲ့၊ နာတော့မလားမသိဘူးဆိုတဲ့အတွေးနဲ့တင်၊ stress များလှပါတယ်။ ဒါကြောင့် ပထမသုံးလမှာ သွားကျန်းမာရေးကောင်းအောင်၊ ပိုးမွှားလွှာဖယ်ရှားသန့်ရှင်းတာနဲ့ သွားမျက်နှာပြင်ချောမွေ့အောင်ပြုလုပ်ပေးတာ၊ ပိုးစားတဲ့သွားကိုဖာထေးတာစတဲ့ ၊ ထုံဆေးမထိုးရ မနာမကျင်တဲ့ကုသမှုမျိုးဘဲ တတ်နိုင်သလောက် ပေးလေ့ရှိပါတယ်။ ဖြစ်နိုင်ရင်ခွဲစိတ်ကုသမှုတွေကို မွေးဖွားပြီးမှလုပ်တာကောင်းပြီး၊ မဖြစ်မနေနှုတ်ရ ခွဲရမယ့်အနေအထားမှာ ဒုတိယသုံးလအထိစောင့်ရလေ့ရှိပါတယ်။ ဒါကိုသိထားရင် ကိုယ်ဝန်ဆောင်ဘဝမှာ ဘာသွားရောဂါမှ မဖြစ်အောင်ထိန်းသိမ်းဖို့အရေးကြီးတယ်ဆိုတာ မြင်သာပြီထင်ပါတယ်။ နောက်အရေးကြီးတာတစ်ခုကတော့၊သွားဖုံးရောင်ရောဂါနဲ့ မွေးဖွားခြင်းဆိုင်ရာ ပြသနာတွေရဲ့ ဆက်စပ်မှုဖြစ်ပါတယ်။ လတ်တလောတွေ့ရှိချက်တွေအရ၊ သွားဖုံးရောင်ရောဂါရှိသူမိခင်တွေဟာ၊ လမစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်တဲ့ ကလေးမွေးခြင်း စတာတွေဖြစ်ဖို့ ကျန်းမာတဲ့မိခင်များထက် ရဆ ပိုများတာတွေ့ရပါတယ်။အကြောင်းရင်း ကတော့၊သွားဖုံးရောဂါကိုကိုယ်ခန္ဓာကတန်ပြန် ရင်းထွက်လာတဲ့ ဓာတ်တွေက သားအိမ်ကိုလှုံ့ဆော်လို့ဖြစ်ပါတယ်။ဒီလိုအကြောင်းတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများသွားနဲ့ သွားဖုံးရောဂါတွေကို စောစောစီးစီး ကုသဖို့ အရေးကြီးတယ်ဆိုတာ ဗဟုသုတ ဝေငှလိုက်ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အားလုံးကျန်းမာကြပါစေ။

 

Ref:

Dr. Nyan

Labels: Dental health

Tuesday, June 2, 2009

Public health in myanmar.



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18