Print

ကလေး မီးဖွါးခြင်း (Normal Labor)

  30-Oct-2016
Preview Image

ပညာရပ်တွေကို စနစ်ကျအောင် အဆင့်တို့၊ အမျိုးအစားတို့ စသဖြင့် တိတိကျကျ သတ်မှတ်ရတာမို့ ကလေးမွေးဖွါးတာကိုလည်း ၃ ဆင့်ခွဲပါတယ်။ ပထမအဆင့်ဆိုတာက

မွေးချင်လို့ ဗိုက်စနာချိန်ကနေ သားအိမ်အဝ လုံးဝကျယ်လာတဲ့အထိကို ခေါ်တယ်။

မွေးချင်လို့ ဗိုက်နာတယ်ဆိုတာ နာလိုက်၊ ရပ်လိုက်ဖြစ်တယ်၊ တိုးတိုး နာလာရမယ်၊ နာချိန် ကြာလာပြီး၊ နားချိန် တိုတိုလာရတယ်။ အနာလဲ ပိုပိုလာရပါမယ်။ တကယ် ဗိုက်နာတာကို လူနာ အော်သံကို နားထောင်ပြီး၊ ခန့်မှန်းတာ မမှန်ပါ။ တချို့က တကယ်မနာဘဲ အော်တာမျိုးလဲ ရှိတယ်။ ဗိုက်ပေါ် လက်တင်ထားပြီး စမ်းမှ သေခြာတယ်။ သားအိမ်ကြွက်သားတွေ ညှစ်လာရင် စမ်းနေတဲ့လက်က တင်းလာတာကို သိသာတယ်။

 

သားဦးဆိုရင် တကယ်မွေးချင်လို့ နာတာမဟုတ်ဘဲ နာတာမျိုးကို အမွေးသင်တယ်လို့ ခေါ်တယ်။ လူတွေဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် အနာခံနိုင်စွမ်း မတူကြဘူး။ သားဖွါးခန်း အတွေ့အကြံုအရ ကုလားသွေးစပ်သူများအနာ မခံနိုင်ကြပါ၊ အသားဖြူသူတွေက သိပ်မအော်ကြဘဲ၊ အသားမဖြူ မမဲသူတွေက အလယ်အလတ် လိုက်တယ်။ သုတေသနတော့ မဟုတ်ပါ။ ကလေးဖွါးဘို့ရောက်လာသူ မှန်သမျှကို ရောဂါရာဇဝင် မေးပြီးတာနဲ့ ဝမ်းခြူပေးရတယ်။ သန့်ရှင်းရေးအတွက်သာမက အမွေးလဲ လွယ်စေပါတယ်။ လူနာ လမ်းလျောက်နိုင်နေတုံး ဆီး အသွားခိုင်းပြီး၊ နောက်ပိုင်းကြရင် ဆီးခြူပေးရတယ်။ ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေပြားချပ်နေလေ ကလေးမွေးရ လွယ်လေမို့ပါ။ မွေးလမ်းကြောင်းကနေ သားအိမ်အဝ အခြေအနေကို စောစောပိုင်းမှာ ၁ နာရီ ၁ ခါ၊ နီးလာရင် မကြာမကြာ စမ်းပါတယ်။ ပိတ်ထားတဲ့ပါးစပ်လို ရှိနေခဲ့တဲ့သားအိမ်အဝက မွေးတော့မယ်ဆိုတာနဲ့ စိနေရာကနေ ဟလာတယ်။ ကျယ်ကျယ်လာမယ်။ အတိအကျပြောရရင် သားအိမ် နှုတ်ခမ်းဟာ မာရာကနေ ပြော့လာမယ်၊ ထူရာကနေ ပါးလာမယ်၊ ရှည်ရာကနေ တိုလာမယ်။ သားအိမ်အဝက ကျယ်ကျယ်လာမယ်။ပဌမဆင့်ဟာ သားဦးမှာ ၁၂-၁၆ နာရီ၊ နောက် ကလေးတွေဆိုရင် ၆-၈ နာရီ ကြာတတ်တယ်။ ဒါက စာအုပ်အလိုအရပါ။

 

တကယ်တမ်း ပြောရရင် ဒီထက် မြန်တာ၊ စောတာတွေ တွေ့ရပါတယ်။ တယောက်နဲ့တယောက် အတော်ကို မတူကြပါ။ အစည်းအဝေးနားတုံး မွေးလူနာ ရှိလို့ ဆေးခန်းဝင်ကြည့်ရင်း မွေးပေးရတာမျိုးရှိသလို၊ ၃ ရက်လုံးလုံး မအိပ်မနေ မွေးပေးရတာမျိုးလဲ ကြံုရတယ်။ သားအိမ်အဝ အပြည့်ကျယ်ချိန်ကနေ ကလေးမွေးပြီးတဲ့အထိကို ဒုတိယအဆင့် ခေါ်ပါတယ်။ အပြည့်ဆိုတာ ၁၀ စင်တီမီတာ ရှိတာကို ပြောတာပါ။ ကလေး အခုကို မွေးတော့မယ်ဆိုတဲ့ လက္ခဏာပေါင်း ရ ချက်ရှိတယ်။ သားအိမ်အဝ လုံးဝပွင့်မယ်။ ရေမြွှာအိတ် ပေါက်မယ်။ အကျိအချွဲနဲ့သွေးရောပြီး ဆင်းမယ်။ (ရှိုး) လို့ခေါ်တယ်။ ကလေးခေါင်းက မိခင်ရဲ့အစာဟောင်းအိမ်ကိုဖိတိုးလို့ မွေးလူနာဟာ ဝမ်းသွားချင်စိတ် ဖြစ်လာမယ်။ ဒါ့ကိုသိလို့ စောစောက ၀မ်းခြူပေးထားတာပါ။ အဲဒီအချိန်ရောက်ရင် တားထားလို့တောင်မရဘဲ ညှစ်ချင် လာလိမ့်မယ်။ ညှစ်ရင် ကလေးခေါင်း တိုးလာတာမို့ မွေးလမ်းအဝကို ကြည့်ရင် အပြင်ကိုစူလာတာ မြင်ရမယ်။ စအိုလည်း ၀ိုင်းလာမယ်။ ဒီ ရ ချက် မပြည့်စုံသေးလို့ကတော့ မမွေးသေးပါ။ ကလေးဖွါးတာက ဖြစ်စဉ် ၂ မျိုးဟာ အချိန်ကိုက်၊ နိုင်ငံရေးစကားနဲ့ဆို “ဟန်ချက်ညီညီ” ဖြစ်တာမျိုး ပြောတာ။

 

သားအိမ် ကြွက်သားတွေ ညှစ်တာနဲ့ သားအိမ်အဝက ကျယ်လာရတာ ဖြစ်တယ်။ ဒါ့ကြောင့် လက်သည်ကနေ ညှစ်အားပိုအောင် ဗိုက်ကိုတွန်းပေးတာလုပ်ရင် တကယ်လို့ သားအိမ်အဝက မပွင့်ဘဲနေရင်၊ မအေရော၊ ကလေးပါ ဒုက္ခရောက်စေမယ်။ တရားခံကို “လက်သည်” လို့လဲ ခေါ်တယ်မဟုတ်ပါလား။မွေးကာနီး ရေမြွှာပေါက်တယ် ဆိုပေမဲ့၊ ကလေးခေါင်းထွက်မှ တခါတည်းပေါက်တတ်တာလည်း ရှိတယ်။ မသိမသာ အိမ်မှာတင် ပေါက်လာသူလဲ ရှိတယ်။ မွေးပေးမဲ့ ဆရာဝန်၊ ဆရာမ မျက်နှာကို စင်အောင်အရှိန်နဲ့ပေါက်တာမျိုးလဲ ရှိတယ်။ ရေမြွှာရည်က ကြည်လင်နေတာ ကောင်းတယ်။

နောက်တာဟာ အနည်းနဲ့အများ ကလေး ဒုက္ခရောက်လို့ပါ။ အထဲမှာ ကလေး ၀မ်းသွားတာမျိုး ဖြစ်လို့ ရေမြွှာရည် နောက်ရတာ။ ရေသာသာ အရောင်ကနေ အဝါ၊ စိမ်းဝါ၊ အစိမ်း၊ အစိမ်းပုတ်အထိ ဖြစ်တာမျိုးက အဆိုး ပိုပိုလာတာကို ပြတယ်။

ကလေးဦးခေါင်းက မိခင်ရဲ့ မွေးလမ်း အပေါက်မှာ ထွက်ပြူလာတာကို သရဖူဆောင်းတယ်လို့ခေါ်တယ်။ မွေးလမ်းအဝတဝှိုက် ရေနွေးဝတ်ကပ်ပေးရင် သွေးပိုလျှောက်စေလို့ကောင်းတယ်။ တချို့ သားဦးတောင်မှ လမ်းကြောင်း ချဲ့စရာမလိုဘဲ မွေးနိုင်စေတယ်။

 

လူနာ လမ်းမလျှောက်နိုင်တော့တာမို့ လိုအပ်လျင် ဆီးခြူပေးပါ။ သူ့ကို အားပေးပါ။ ရေ-အရည် အသောက်ခိုင်းပါ။ ဗိုက်မနာချိန်မှာ အသက်ကောင်းကောင်း ရှူဘို့ပြောပါ။ ညှစ်ရင် အသံမထွက်စေဘဲ ၀မ်းသွားသလို ညှစ်ဘို့ သင်ပေးပါ။

ကလေးမွေးကာနီး မိခင်လောင်းတွေကို ပေးသင့်တဲ့ အားဆေးဖျော်ရည်ကို ရေအေး ၁ လီတာထဲမှာ ပျားရည် ၁/၄ ခွက်၊ သံပုရာရည် ၁/၃ ခွက်၊ ဆား ဇွန်းတဝက်၊ (ကယ်လ်စီယံ) နဲ့ (မဂ္ဂနီဆီယန်) ၁ ပြားစီထည့် ဖျော်ပါလေ။ ခေါင်းပြူလာရင် သားဖွါးဆရာမရဲ့ လက်တဖက်က ထွက်လာနေတဲ့ ကလေးခေါင်းထိပ်ကို အောက်ဖက်ဆီ ဖိပေးပြီး၊ နောက်တဖက်က မွေးလမ်းအဝ အောက်ပိုင်းနေရာကို ကလေးခေါင်းကိုနောက်-အထက်ဆီ ခေါင်းစွပ် ချွတ်ပေးသလို တွန်းတင်ပေးပါ။ ကလေးခေါင်းဟာမွေးလမ်းအဝကနေ ရေပြင်ညီ တန်းတန်း ထွက်လာတာ မဟုတ်ပါ။ အောက်ဆီကို ဦးတည်ပြီး မွေးလာတာပါ။ ဒါ့ကြောင့် မွေးလမ်းကြောင်းက ထွက်ထွက်ချင်း ကလေးခေါင်းဟာ အပေါ်ကို ကော့တက် လာပါမယ်။ ချက်ချင်း ကလေးရဲ့ နှာခေါင်းနဲ့ပါးစပ်တို့ကို သန့်ရှင်းပေးပါ။ ချက်ကြိုးက လည်ပင်းမှာ ပတ်နေ၊မနေ စစ်ပါ။ ၄ ယောက်မှာ ၁ ယောက် လောက်မှာ ပါတ်နေတတ်တယ်။ ဖြည်ပေးပါ။ ကလေးမျက်နှာကတဖက်ဖက်ကို လည်လာလို့ မိခင်ရဲ့ ပေါင်တဖက်ကို မျက်နှာမူ လာမယ်။ခေါင်းထွက်ပြီးရင် အထဲမှာရှိနေသးတဲ့ ကလေးပခုံးနှစ်ဖက်ဟာ အထက်-အောက် အနေအထားအဖြစ် ပြင်လာမယ်။ ရှေ့ပခုံးက စမွေးပါမယ်။ ဒီအချိန်မှာ အမြန်သွားလုပ်ရင် စုတ်ပြဲတတ်တယ်။ မိခင်က နောက်တကြိမ် ညှစ်တာနဲ့ ကလေးခေါင်းကို အောက်ဖက်ဆီကို နဲနဲဆွဲယူပေးပါ။ နောက်ပခုံး မွေးပေးဘို့ ကလေးကို အထက်ဆီ ပင့်တင်ပေးရမယ်။ “ခေါင်းတန် ကိုယ်ဆန့်” ကိုယ်ပိုင်းနဲ့ ခြေထောက်တွေ အလိုလို မွေးလာပါမယ်။

ကလေး ခေါင်းစ-ခြေဆုံး၊ ခြေစ-ခေါင်းဆုံး၊ ထွက်ပြီးပြီးချင်း၊ ချက်ကြိုးကို (စပန့်ချ်-ဖေါ့ဆက်ပ်) ၂ ချောင်းနဲ့ ၁ လက္မခြာပြီး ညှပ်ပါ။ ကလေးဖက်မှာ ချက်ကြိုးကို ရှည်နိုင်သမျှ ရှည်ပါစေ။ (ဖေါ့ဆက်ပ်) ၂ ချောင်းအကြားမှာ ကပ်ကြေးနဲ့ ဖြတ်ပါ။ ကလေး ငိုလာမှ ချက်ကြိုးဖြတ်တာ ပိုကောင်းတယ်။ ပစ္စည်းမှန်သမျှ ပိုးသန့်ပြီးဖြစ်ပါစေ။ ကလေးခြေထောက် နှစ်ချောင်းကိုပူးပြီး လက်တဖက်တည်းနဲ့ ကလေးကို ဇောက်ထိုးမြှောက်ပြီး ကိုင်ပါ။ ကျန်းမာတဲ့ကလေး ခေါင်းထွက်တာနဲ့ ငိုပါတယ်။ မငိုရင် ငိုအောင်လုပ်ရတယ်။ ကလေးကျောကို ပုတ်ပေးတာပါ။ အရပ်ပြောနဲ့ ပြောရရင် ကလေးကို မငိုငိုအောင် ရိုက်တာလို့ ပြောမယ်။ အမှန်က အသက်ရှူအောင် အဆုပ်ရှိတဲ့နေရာကို ဆွပေးတာပါ။ အထင်မမှားပါနဲ့။ ကလေးကို ပြုစုမဲ့သူက ကလေးကို သန့်ရှင်းရေးလုပ်ပါ။ နှာခေါင်းနဲ့ပါးစပ်ကို ပထမလုပ်ပါ။ ချွဲစုပ်တာနဲ့ ချွဲစုပ်ထုတ်ပေးပါ။ အသားရောင် ပန်းရောင်ဖြစ်လာရင်စိတ်ချရပါပြီ။ အသက်မရှူရင် (စီပီအာရ်)လုပ်ပါ။ အသက်ရှူနေပြီး ပြာနေသေးရင်အောက်စီဂျင်ရှိရင် ပေးပါ။ ကလေး ထွက်ပြီးနောက် အချင်းကို ထုတ်ပေးတဲ့အဆင့်ကို တတိယ အဆင့်ခေါ်တယ်။ သားဦးနဲ့ မွေးဖူးသူများအကြား အချိန်ကွာခြားခြင်း မရှိပါ။ ၅ မိနစ်ကနေ နာရီဝက် ကြာနိုင်တယ်။ ကြာလေလေ သွေးထွက် များလေလေ ဖြစ်တယ်။ အချင်းချပေးနေတုံး အကူတယောက်က လက်တဖက်နဲ့ မိခင်ရဲ့ ဆီးစပ်နေရာမှာ သားအိမ်ကို ထိန်းထားပေးထားပြီး ကျန်လက်တဖက်က သားအိမ်ထိပ်နေရာကိုအောက်ဆီ ပွတ်ခြေပေးပါ။

 

မွေးပေးသူက ချက်ကြိုးကို အားမသုံးဘဲ ခပ်တင်းတင်းလေး ဆွဲထားပါ။ လိုအပ်ရင် လက်ထည့်ပြီး ဆွဲထုတ်ပေးရတတ်ပါတယ်။ မွေးပြီးနောက် သွေးဆင်းတာ သက်သာအောင် Ergometrine ထိုးပေးရင် ၆-၇ မိနစ် အတွင်း၊ Oxytocin 10 Units ထိုးရင် ၂့၅ မိနစ်အတွင်း သက်ရောက်ပါမယ်။ ကလေးချက်ကနေ ချက်ကြိုး မဖြတ်ခင် ချက်ကြိုးထဲက သွေးတွေကို ကလေးဆီ ရောက်အောင် ဆွဲသွင်းပြီးမှ ဖြတ်ပါ။ သွေး ၅ စီစီလောက် ပိုရတာကိုက ကလေးအတွက် မနည်းပါ။ ချက်ကို အရက်ပြန်၊ အိုင်အိုဒင်း ၁-၂% ထည့်ပေးပါ။ ခြောက်အောင် ထားရင် ချက်မြန်မြန် ကြွေတယ်။ ချက်မကြွေမချင်း ကလေးကို ရေပတ်တိုက်ပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။ ကုတင်ပေါ်က ကလေးငိုသံ နားထောင်ရင်း ပီတိဖြစ်နေသူကို “ကလေးအမေ နေကောင်းတယ်နော်” လို့ မေးလိုက်ပါလေ။ ဆေးကျောင်း၊ ဆေးရုံတွေမှာ အပြိုင်ပြောလေ့ရှိတယ်။

လာတုံးကတော့ သူ့ဖါသာ လမ်းလျောက်လာတာ ဆေးရုံကလဲ ဆင်းရော ဂျိုင်းထောက်နဲ့ဆိုပြီး၊ ခွဲစိတ်ဆရာဝန်တွေကို ပြောင်ကြတယ်။ မရှူနိုင် မကယ်နိုင်ရောက်လာသူကို ဆေးတလုံးထိုးပေးတာနဲ့ ကြော့ပြီး၊ ပြန်သွားတယ်လို ့သမားတော်တွေက ပြောတယ်။ လာတုံးကတော့ တယောက်ထဲ ပြန်တော့ နှစ်ယောက်လို့ ကြွားနိုင်တာကတော့ သားဖွါးခန်းက ဖြစ်ပါတယ်။

 

Ref:

Dr. တင့်ဆွေ

Public health in Myanmar

Friday, March 26, 2010



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18