Print

ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

  30-Oct-2016
Preview Image

 

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေ

အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care) ခေါ်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျ ရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေး မစိတ်နိုင်ရင်လဲ အစိုးရိမ် မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင်မပါဘဲမွေးနိုင်ကြသေးတယ်။ တယောက်နဲ့ တယောက် အတော်တော့ မတူကြဘူး။ ANC ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊ ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။ စိတ်ဝင်စားဘို့ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်း ဖြစ်နေပြီ ဆိုတာကို စမ်းတာဖြစ်ပါတယ်။

နောက်ဆုံး ရာသီလာခဲ့တဲ့လက ပဌမဆုံး သွေးဆင်းတဲ့ရက်ကို မှတ်ပါ။ LMP ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ရ ရက် ထည့်ပေါင်းတာနဲ့ EDD မွေးမဲ့ရက်ကို တွက်ယူနိုင်တယ်။ ပျော်စရာ တမျိုးပေါ့။ Ultrasound လုပ်ရင်တော့ Report မှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days ဘယ်လောက်ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ) လပြန် ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့ သချင်္ာပညာ စမ်းသလိုဘဲ။ သူတို့ခမြာ အတော် ခေါင်းရှုတ်ကြရှာတယ်။ ကိုယ့်မှတ်ရက်နဲ့ တွက်တာနဲ့ (အာလ်ထွာ-ဆောင်း) ရက်နဲ့ တွက်တာ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ ဘယ်လိုတွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၂၁ ယောက် မွေးတဲ့အထဲက ရက်အတိအကျ မွေးသွားတာ ၃ ယောက်နဲ့ ၁ ရက်ထဲကပ်လွဲတာ ၄ ယောက်သာ ရှိတယ်။

 

ကိုယ်ဝန်အပ်ပြီး နောက်ဘယ်တော့ ပြန်လာနေရမလဲဆိုတာက မြန်မာပြည်မှာ တော့ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင်လဲ အချိန်မရွေး လာဘို့မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁၀၀ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းတာ ကောင်းတယ်။ ကိုယ်ဝန်နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

 

ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက် ပိုလိုတာက သိတဲ့အတိုင်း သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။ ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ဆေးအမျိုးမျိုးကို ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို မြန်မာပြည်မှာ (ယူနီဆက်ပ်) ကနေ အလကား ဝေတယ်။ တကမ္ဘာလုံး ဝေရတာမို့ စျေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်က ကောင်းပါတယ်။ “ထောပတ်ကောင်း စလောင်းနှင့်တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ထည့် ရောင်းတော့ စျေးကြီးသွားရော။ တခါတည်းပြီးအောင် သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ အကြံကောင်းပါတယ်။ ဗီတာမင် ဘီ နဲ့ စီ ရောလေ့ရှိတယ်။ အခုထုတ်သေးလား မသိဘူး။BPI ကနေ Furamin BC ထုတ်တယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီနာမည်ရှိတာကို ရွေးစေချင်တယ်။

 

အိမ်နီးချင်းနိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်နေကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့ဗျာ။သံဓါတ်က ၀မ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ၀မ်းချုပ်ရင် တခြားဝမ်းနုတ်ဆေးတွေထက် ၀မ်းပြော့ဆေးမျိုးက ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရေ၊ အရည် များများ သောက်။ အသီးအရွက်၊ အသီးအနှံ များများစားပေးပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။ မိခင်လောင်း တဦးချင်း မတူတာတွေလဲ ရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။ နောက် တခြားရောဂါ တခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ စသဖြင့်ပေါ့။ သံဓါတ်နည်းလွန်းနေရင်၊ပါးစပ်က မသောက်ချင်ရင်၊ သံဓါတ် ထိုးဆေး ထိုးပါ။ နားလည်တဲ့သူက ထိုးပါစေ။ဒီဆေးက အပ်မသေး-မတိုတာနဲ့ တင်ပါးမှာ ခပ်နက်နက်ထိုး၊ ဆေးသွင်းပြီး အပ်ပြန်နုတ်ရင် စောင်းနုတ်ရတယ်။ မခြေရဘူး။ ဆေးထိုးတဲ့နေရာ မဲသွားမှာစိုးလို့။

 

ဗိုက်လာအပ်ရင် လုပ်ပေးမှာလေးတွေ ပြောပါအုံးမယ်။ အထွေထွေ စစ်ဆေးခြင်း

ဆိုတဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေ လုပ်ပါမယ်။ သိတဲ့အတိုင်း အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ် မွေးတာတွေ ရှိတာဘဲ။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေး နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။သေခြာပေါက် ဗိုက်စမ်းပေးမယ်။ ဆီးစပ်ရိုး အထက်မှာ စပြီး စမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်ရှိနေပြီ။ ချက်အောက်နားဆို ၂၀ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄၀ ပါတ်။ ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်သွားတာပါ။ ၂၀ ပါတ်ဆိုရင် ကလေးလှုတ်တာ သိမယ်။ မကြာခင် အဲဒီ ပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြံုးနေတတ်တာ မိခင်မေတ္တာ။

 

သွေးစစ်တာမှာ A, B, AB, O သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh-negative ဖြစ်နေရင် ကလေးနဲ့ သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့ သိစေတယ်။ VDRL for Syphilis ဆစ်ဖလစ်၊ Hepatitis B ဘီပိုး နဲ့ HIV ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ German measles ကိုလည်း စစ်တယ်။ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲ Albumin ပါနေတတ်တယ်။ ဆီးလမ်းပိုးဝင်ရင်လဲ ပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။

 

Ultrasound Scan ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါရိုက်တာကောင်းတယ်။

အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်း အဝတ်အစား ချွတ်လို့ လွယ်တာ ၀တ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းက Scan မှာ သိနိုင်ပြီ။ ရ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာ သေခြာပြီ။ ၅ လ (၂၀ ပါတ်)ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာ ကောင်းတယ်။ နောက် သိချင်တာက သားအိမ်ထဲ မဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ်ကတည်းက သိနိုင်တယ်။ အမွှာဆိုတာလဲ သိမယ်။ ရေမွှာရည် အနည်း-အများ၊ ဒေါင်လိုက်၊ ကန့်လန့်။ကိုယ်ဝန် နောက်ပိုင်းမှ ရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ ဖြစ်တယ်။ ၉၀% ကျော် ကိုယ်ဝန်တွေက ကလေးဟာ ခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် Scan ကို စောစောရိုက်ထားရင် နောက် ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး ဂရူစိုက်ရမယ်။နောက်တချက်က အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အဝနဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာဆိုရင် သေခြာပေါက် ဗိုက်ခွဲ မွေးရမယ်။ Scan ရဲ့ကျေးဇူးဘဲ။ကိုယ်ဝန်ဆောင်တုံး ATT မေးခိုင်ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးပါ။ ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ ဆေးတွေလဲရှိတယ်။ အောက်မှာ ရေးတာတွေက ဆေးခန်းအကူ ဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေ ဖတ်ကြည့်ပေါ့။ အထဲက ရင်သွေးကလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့ သူကြီးလာရင် ဆရာဝန်ဖြစ်ချင်ဖြစ်လာမှာပေါ့။

 

Ref:

Dr. တင့်ဆွေ

၁၉-၃-၂၀၁၀

public health in Myanmar

Friday, March 19, 2010



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18