Print

ရင်သား ကင်ဆာဆိုင်ရာ သိမှတ်စရာ

  30-Oct-2016
Preview Image

ရင်သားကင်ဆာ

ရင်သားရဲ့ တစ်ရှူးတွေမှာ ကင်ဆာခေါ်တဲ့ ပုံမှန် မဟုတ်တဲ့ ဆဲလ်တွေ ပွားလာတာကို ရင်သားကင်ဆာလို့ ခေါ်တယ်လို့ပဲ အလွယ်မှတ်ကြပါစို့။ ဒီရောဂါ ဖြစ်လာတဲ့ အခါ ရင်သားမှာ အလုံးအကျိတ် ပေါ်လာပြီး ပုံပြောင်းလာတာ၊ ရင်သားမှာ အရေပြားချိုင့်လာတာ၊ နို့သီးခေါင်းကနေ အရည်ထွက်လာတာ၊ ရင်သား အရေပြားမှာ အကြေးခွံလို ပုံမမှန်ဖြစ်လာတာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

တချို့ဆိုရင် သားအရေပြားက လိမ္မော်ခွံလိုမျိုး ဖြစ်နေတာ တွေ့ရ ပြန်ပါတယ်။

အဲဒီကနေမှ တကိုယ်လုံးကို ပျံ့နှံ့သွားတာပါပဲ။ ရင်သားထဲက နို့ရည်ဖြစ်စေတဲ့ တစ်ရှူးတွေ၊ နို့ရည်ပြွန်ငယ်တွေ၊ နို့သီးခေါင်း စသဖြင့် ဖြစ်တတ်တဲ့ နေရာလိုက်ပြီး ရင်သားကင်ဆာမှာ အမည်တွေ ထပ်ခွဲထားတာက ၁၈ မျိုးထက်တောင် ပိုပါသေးတယ်။

 

ဖြစ်နိုင်ခြေများ

ရောဂါပိုး ကူးစက်လို့ ဖြစ်တဲ့ရောဂါတွေလို ဒီပိုးကြောင့် ဒါဖြစ်တယ်လို့ ပြောဖို့ မလွယ်တာက ကင်ဆာတွေရဲ့ သဘာဝပါပဲ။ အဲဒီတော့ ဖြစ်နိုင်ခြေတွေကို ဖြစ်နေသူတွေ ဆီကနေ နောက်ကြောင်းပြန် လေ့လာ သုတေသနပြုခဲ့ ကြရပါတယ်။ ဖြစ်နိုင်ခြေ အများစုကို ဆန်းစစ်တော့ နေထိုင်စားသောက်မှု ပုံစံနဲ့ မျိုးရိုးဗီဇတွေက အရေးပါနေတာ တွေ့ကြရပါတယ်။ တွေ့ရှိချက်တွေအရ ရင်သားကင်ဆာ ဖြစ်နိုင်ခြေတွေမှာ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပြီး အထိုင်များတာ၊အရက်သေစာ သောက်စားတာ၊ အမျိုးသမီးတွေမှာ သွေးဆုံးချိန် ဟော်မုန်းအစားထိုး ကုထုံးတွေသုံးတာ၊ ဓာတ်ရောင်ခြည် တွေနဲ့ ထိတွေ့မှုများတာ၊ အသက်ငယ်ငယ်နဲ့ ဓမ္မတာလာတာ အပါအဝင် အသက်ကြီးမှ ကလေးယူတာတွေ ပါဝင်နေပါတယ်။ ဆေးလိပ်သောက်တာ၊ ပဋိသန္ဓေတားဆေး သုံးတာတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေသလို စိတ်ဝင်စားစရာ တွေ့ရှိချက်တစ်ခုအရ မကြာခဏ ကိုယ်ဝန်ဖျက်ချသူတွေမှာလည်း ရင်သားကင်ဆာ ဖြစ်တာနဲ့ ဆက်စပ်နေတာ တွေ့ရပြန်ပါတယ်။ အဆီများတဲ့ အစားအသောက်တွေကလည်း ရင်သားကင်ဆာ ဖြစ်စေသလို အစားအသောက်မှာ အိုင်အိုဒင်းဓာတ်ချို့တဲ့တာ ကလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေထဲ ပါဝင်နေပြန်ပါတယ်။ ဓာတ်မှန်ရောင်ခြည် ထိတွေ့မှုများတာ က ကင်ဆာ အဖြစ်များတဲ့ အကြောင်းတခုဖြစ်ပေမယ့် အသက် ၄၀ ကျော်လာလို့ နှစ်အလိုက် ရင်သား ဓာတ်မှန်ရိုက်တာ ကတော့ ပြင်းအားနည်း ရောင်ခြည်မို့လို့ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။ သွေးထဲမှာ ကိုလက်စထရောများတာ၊ ဆီးချိုရောဂါ ရှိတာတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု တွေ့ရတယ်လို့ ဆိုပါတယ်။

 

ရောဂါကို ဘယ်လိုရှာဖွေနိုင်သလဲ

ရင်သားကင်ဆာကို မိမိတို့ နိုင်ငံမှာတော့ အရှက်အကြောက်ကြီးတဲ့ ယဉ်ကျေးမှု အရ၊ ကျန်းမာရေး အသိနည်ပါးမှုအရ အများအားဖြင့် ကာယကံရှင်က အလုံးအကျိတ်တွေ့မှ၊ နာကျင်လာမှ ဆေးခန်းပြရင်းတွေ့ရှိရပါတယ်။ ဒါတောင် အဲဒါမျိုး အတွက် အမြစ်ပြတ်ကုတဲ့ တိုင်းရင်းဆေးတို့၊ အလုံးအကျိတ်ပျောက် ပညာရှင်တို့ လက်စွမ်းပြလို့ ရင်သားမှာ အနာပေါက်ပြဲလာမှ သိရတာတွေလည်း အများသားပါပဲ။ အနောက် နိုင်ငံများမှာနဲ့ ကျန်းမာရေး အသိရှိပြီး ဖြစ်နိုင်ခြေနဲ့ နီးစပ်သူအဖြစ် မိမိကိုယ်မိမိသိရှိ သတိပြုမိ သူတွေကတော့ ရင်သားကို ပုံမှန်စမ်းသပ်တဲ့ အလေ့အထကို ပြုလုပ်ခြင်းအားဖြင့် တခုခုထူးခြားနေပြီ ဆိုတာနဲ့သတိပြုမိမှာပါ။ ပြောလို့သာ ပြောရတာပါ။ စမ်းသပ်ရာမှာ ရင်သား အတွင်းဘက်ကို စမ်းသပ်ရုံသာ မဟုတ်ဘဲ အပေါ်ကအရေပြားမှာ အရောင်၊ ပုံသဏ္ဌာန်အပြောင်းအလဲကိုပါ သတိပြုနေရမှာပါ။ ဒီအလေ့အထကို အတော်လေး ပညာပေးမှ အဆင်ပြေမှာပါ။ အများအားဖြင့် မြန်မာလူမျိုး ကျေးလက်သဘာဝက ရေချိုးကြတာ ရေတွင်းတို့၊ ရေချိုး ဆိပ်တို့လို နေရာမျိုးတွေဆိုတော့ ရေချိုးခါနီး ရင်သားစမ်းသပ်တဲ့ အလေ့ကို လုပ်ခိုင်းရင် အရိုက်ခံ သွားရနိုင်ပါတယ်။ အထက်မှာဆိုခဲ့တဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အမူအကျင့်တွေ ရှိပြီး မျိုးရိုးလည်းရှိတဲ့ သူတွေအတွက် ရင်သားကို မိမိဘာသာ စမ်းသပ်တဲ့အလေ့ လုပ်သင့်တယ် ဆိုတာတော့ သိထားစေချင်တာပါ။ ဒါကလည်း မခက်လှပါဘူး။ ရင်သားကို လေးကွက်ပိုင်း ချလိုက်ပြီး အပြင်ဘက် အပေါ်ပိုင်းကနေ တကွက်ချင်းရွှေ့ပြီး စမ်းသွားဖို့ပါ။ လက်ချောင်းလေးတွေရဲ့ လက်ဖဝါးဘက် မျက်နှာပြင်နဲ့ နည်းနည်းဖိစမ်းရင် အလုံးအကျိတ်လေးတွေ ရှိနေရင် စမ်းမိတတ်ပါတယ်။ အချို့ကျတော့လည်း ရောဂါပျံ့နှံ့ပြီး တခြားအစိတ်အပိုင်းတွေကို ကူးစက်ပျံ့နှံ့ခါမှ ရောဂါလက္ခဏာ တွေပြလို့ စမ်းသပ်ရှာဖွေမှုတွေလုပ်ရင်း သိရတာပါ။ ဥပမာ-ချိုင်းကအကျိတ်တွေ ကြီးလာမှ သိတာမျိုး၊ အဆုတ်၊ အသည်း တွေကိုပျံ့နှံ့ပြီးမှ သိရတာမျိုးပေါ့။ ရင်သား အလုံးအကျိတ် တွေ့ရှိရာကနေ အသားစ စမ်းသပ်တာမျိုး (Biopsy)၊ ရင်သား ဓာတ်မှန်နဲ့ တယ်လီဗေးရှင်း (Mammogram & Ultrasound) ရိုက်တာမျိုး ကနေလည်း သိရှိနိုင်ပါ။

 

ကုသလို့ ရနိုင် မရနိုင်

ရင်သား ကင်ဆာမှာလည်း အဆင့်တွေ အများကြီး ခွဲထားတာပါ။ စောစော သိရှိလေ ကုသပျောက်ကင်းပြီး သက်တမ်း ရှည်နေရဖို့ အခွင့်အလမ်းများလေပါပဲ။ရင်သားကင်ဆာ ကလည်း အခြားကင်ဆာတွေလိုပဲ တကိုယ်လုံးကို ပျံ့နှံ့ပြီး ဒုက္ခပေးတယ် ဆိုတာ သိထားရမှာပါ။ ခွဲစိတ်ကုသတာလည်း ကင်ဆာဖြစ်နေတဲ့ အဆင့်အပေါ် မူတည်ပြီးဖြစ်နေတဲ့ အပိုင်းလေးကို ဖြတ်ထုတ်တာမျိုးကနေ ရင်သားတခုလုံးနဲ့ ပြန်ရည်ကျိတ်တွေ ကိုပါ ခွဲထုတ်တာမျိုး၊ ပျံ့နှံ့နိုင်တဲ့ ချိုင်းလိုနေရာက ပြန်ရည်ကျိတ်တွေ ခွဲထုတ်တာမျိုး စသဖြင့်ပေါ့။ ဒါတင်မက ဓာတ်ကင်တယ်လို့ လူသိများတဲ့ ဓာတ်ရောင်ခြည်နဲ့ ကုသတာ၊ တချို့ကင်ဆာ နှိမ်နင်းပေးတဲ့ ဆေးဝါးတွေနဲ့ ကုသတာ အဲဒီလို ကုထုံးတွေကို တမျိုးချင်း ဖြစ်စေ၊ ပေါင်းစပ်ပြီးဖြစ်စေ ကုသကြရပါတယ်။ ကုသမှုရဲ့ အကျိုးဆက် ကလည်း ရောဂါ အနုအရင့်နဲ့ ပျံ့နှံ့မှုပေါ်သာ မူတည်နေတာပါ။ ကာကွယ်နိုင်မလား ကင်ဆာ ဖြစ်နိုင်ခြေ ရှိတဲ့ အမူအကျင့်တွေကို သိရင် ရှောင်ရှားပြီး လျှော့ချနိုင်မှာပါ။ ကိုယ်အလေးချိန် ထိန်းတာ၊ အရက် အလွန်အကျွံ မသောက်တာ၊ လှုပ်ရှားတက်ကြွှ နေတတ်တာတွေနဲ ့ သားသည်မိခင်တွေမှာ ကလေးနို့တိုက်တဲ့ အလေ့တွေက ကောင်းမွန်တဲ့ အမူအကျင့်တွေ ဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်တွေ ရှိရုံနဲ ့ ရင်သားကို လှီးဖြတ် ထုတ်မလား၊ ရင်သားလှပဖို ့ ခွဲစိတ်ပြုပြင်တာတွေ ကရော ကင်ဆာရောဂါကို ဖြစ်ပွားနှုန်း ပိုနိုင်မလားဆိုတာ တွေကတော ့ ကာယကံရှင်နဲ့့ ကုသတဲ့ ဆရာဝန်တွေရဲ့ တသီးပုဂ္ဂလ ဆုံးဖြတ် ယူဆမှုတွေ အပေါ် မူတည်ပြန်ပါတယ်

 

ဖြစ်နိုင်ခြေတွေနဲ့ နှီးနွှယ်နေသူတွေ အဖို့ မိမိကိုယ်မိမိ ရင်သားစမ်းသပ်မှု လုပ်တာ၊ အသက် ၄၀ ပြည့်ပြီးတာနဲ့ ၂ နှစ် တစ်ကြိမ်လောက် ရင်သား ဓာတ်မှန် ရိုက်တာတွေ ကလည်း ရောဂါကို စောစောသိပြီး ထိရောက်တဲ့ ကုသမှုတွေ ရရှိနိုင်တာ အသေအချာပါ။ဘာပဲပြောပြော ကင်ဆာ ရောဂါ ဖြစ်နှုန်းမှာတော့ ကမ္ဘာကို ဦးဆောင်လာနေတဲ့ ရွှေပြည်ကြီးမှာ ရင်သားကင်ဆာ ကလည်း အတွေ့များ လာတာကို သတိချပ်စေချင်ပါ တယ်။ ဘယ်လိုအမူအကျင့်တွေက ဖြစ်နိုင်ခြေနဲ့ ဆက်စပ်ပြီး ဘယ်လိုရှောင်ရှားနိုင်မယ် ဆိုတာလည်း အသိနဲ့သတိ ယှဉ်စေချင်ပါတယ်။ လွှဲရှောင်မရလို ့ ဖြစ်လာသည့်တိုင်လည်း စောစောသိပြီး ကုသမှုထိရောက်ခဲ့ရင် သက်တမ်းရှည်ကြာနေနိုင်တဲ့ လူနာတွေလည်း အများကြီးရှိတာကို သိစေချင်ပါတယ်။ ဒါပေမယ့် သတိလွန်ပြီး အလကားနေရင်း ရင်သားကင်ဆာ ဖြစ်တော့မလားရယ်လို့ စိတ္တဇ ဖြစ်မနေဖို့လည်း လိုပါတယ်။ ရင်သားက အလုံးအကျိတ် တိုင်းကလည်း ကင်ဆာမဟုတ်တာကို စမ်းသပ်ခွဲခြားလို့ ရတယ်ဆိုတာ ပြောချင်ပါတယ်။ ကျန်းမာရေးအသိ ခေါင်းပါးပြီး ကြံုရာရမ်းကုတွေ၊ မွေးရာပါ သမားတော်ဘွဲ့ခံတွေ လက်ချက်နဲ့ "အငိုလွယ် အရှိုက်ခက်" မဖြစ်ရအောင် ကင်ဆာလို့ သံသယဖြစ်စရာ မိမိမှာကြုံြုံလာရင် ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ ထံမှာသာ အကြံဉာဏ် ရယူကြဖို့ နှိုးဆော်လိုက်ရပါတယ်။

 

Ref::

Author :ဒေါက်တာသက်ဦး

September 22, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18