Print

ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရ

  30-Oct-2016
Preview Image

Micronutrients များမှာ ဗီတာမင်များ နှင့် သတ္တုဓါတ်များ ဟူ၍ နှစ်မျိုးရှိပြီး ၎င်းတို့ကို ခန္ဓာကိုယ် အတွင်း ဇီဝကမ္မ လုပ်ငန်းများ ပုံမှန် လည်ပတ် နိုင်ရန်အတွက် အကူ အင်ဇိုင်း အဖြစ် လည်းကောင်း၊ ချိန်ခွင်လျှာ ထိန်းညှိ ပေးသည့်အရာများ အဖြစ် လည်းကောင်း ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်ပါသည်။ Micronutrients ( အသေးစားအဟာရများ) ၏ အလုပ် လုပ်ပုံနှင့် ရနိုင်သည့် အစားအစာ၊ စားသုံး သင့်သည့် ပမာဏနှင့် ချို့တဲ့ပါက ဖြစ်လာနိုင်သည့် ပြဿသနာများကို တင်ပြလိုက်ပါသည်။

1. ဗီတာမင်များ (Vitamins) ဗီတာမင်ကို ရေတွင် ပျော်ဝင်သော ဗီတာမင် (Water-soluble Vitamins) နှင့် ဆီတွင် ပျော်ဝင်သော ဗီတာမင် (Fat-soluble Vitamins) ဟူ၍ နှစ်မျိုး ခွဲခြား ထား ပါသည်။ ဗီတာမင် C နှင့် B အုပ်စုဝင် များသည် ရေတွင် ပျော်ဝင်သည့် ဗီတာမင်များ ဖြစ်ပြီး ဗီတာမင် A, D, E နှင့် K များသည် အဆီတွင် ပျော်ဝင်သော ဗီတာမင်များ ဖြစ်သည်။ ကွဲပြား သည်မှာ အဆီတွင် ပျော်ဝင်သော ဗီထာမင် တချို့ကို ခန္ဓာကိုယ် မှ ထဲမှာပင် ထုတ်လုပ် သော ကြောင့် အစားအစာ များတွင် ၀ါ၀င်ရန် မလိုပါ၊ သို့သော် လည်း ၎င်းတို့၏ အသုံးဝင်ပုံနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာ များကို သိရှိထား ရန် လိုအပ်ပါသည်။ ရေတွင် ပျော်ဝင်သော ဗီတာမင်များ သည် ခန္ဓာကိုယ် ထဲတွင် သိုလှောင် ထားခြင်း မရှိ သော ကြောင့် နေ့စဉ် ပုံမှန်စားသုံးရန် လိုအပ်သည့် မရှိမဖြစ် သည့် အာဟာရ များ ဖြစ်သည်။

ဗီတာမင် A

ခန္ဓာကိုယ် အတွင်း အပေါ်ရံ ဆဲလ်များနှင့် ချွဲသလိပ် ရှိရာဆဲလ် ( Mucosa cells) ကို ပုံမှန် ဖွဲ့စည်း စေ၍ အလင်းရောင် နည်းသော နေရာတွင် အမြင် အာရုံကို ပိုမို ကြည်လင် အောင် ဆောင်ရွက် ပေးသည်။ ၎င်းကို တိရိစ္ဆာန် ထွက် အစားအစာများ၊ ဂေါ်ဖီထုပ်၊ ဆလတ်ရွက် မုံလာဥစသည့် ဟင်းသီး ဟင်းရွက်များ နှင့် အသီးနှံ အမျိုးမျိုး တွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ညဘက် မမြင်ရခြင်း၊ အရေပြား ကြမ်း၍ ခြောက်ခြင်း နှင့် ရေရှည် ချို့တဲ့နေပါက မျက်ကြည်လွှာ ခြောက်ခမ်း တွန့်လိမ်ပြီး မျက်စိကွယ်သည် အထိ ဖြစ်နိုင်ပါသည်။

ဗီတာမင် B1

ကာဗွန် ဟိုက်ဒရိတ်အစာ ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် နာ့ဗ်ဆဲလ်များ အဟာရအတွက် အထောက်အကူ ပြုပေးသည်။ ၎င်းကို ကစီဓါတ် အစာမျိုးမျိုး၊ ပဲ၊ အသား၊ အာလူးနှင့် သစ်စေ့များ၊ လိမ္မော်သီး၊ ဖရဲသီးနှင့် ထောပတ်သီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အစား အသောက်ပျက်ခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ခြင်း (neuritis)၊ Beriberi ဟုခေါ်သည့် ဖေါ်ရောင်ခြင်း ( Wet beriberi) သို့မဟုတ် အလွန်အမင်း ပိန်ချုံးခြင်း (Dry beriberi) စသည့်တို့ကို ဖြစ်စေနိုင်ပါသည်။ ရေရှည် ဖြစ်နေပါက အာရုံကြောများ ပျက်စီး ယိုယွင်း လာခြင်းနှင့် နှလုံးရောဂါကြောင့် အသက် ဆုံးရှုံး သည်အထိ ဖြစ်နိုင် ပါသည်။

ဗီတာမင် B2

၎င်းကို ကာဗွန် ဟိုက်ဒရိတ်အပြင် အသားဓါတ် ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် သွေးနီဥ ထုတ်လုပ်သည့် နေရာတွင် အသုံးပြု ပါသည်။ ၎င်းကို အသည်း၊ နို့၊ ဥများနှင့် ကီဝီသီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား၊ လျှာနှင့် ပါးစပ်အချွဲအမြှေးပါး ရောင်ရမ်းခြင်း (angular stoma titis)၊ နှုတ်ခမ်းကွဲပြီး ကျီးကန်း ပါးစပ်နာ ဖြစ်ဖြင်း၊ ခြေဖဝါးများ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မျက်စိယားပြီး ပူစပ်ပူလောင်ဖြစ်ဖြင်းနှင့် အလင်းရောင် အပေါ် ခံနိုင်ရည် မရှိခြင်း တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B3

အပေါ်ယံ သွေးကြောကို ကျယ်စေခြင်း၊ အဆီဓါတ်နှင့် ကော်လက် စရောလ်ကို ကျဆင်း စေခြင်း အတွက် အသုံးပြု သည့်အပြင် အရေးကြီး သည့် တစ်ရှူးများ အသက်ရှူ သည့် လုပ်ငန်းတွင် လိုအပ်သော အင်ဇိုင်းကို ၎င်းမှ ဖွဲ့စည်း ပေးပါသည်။ ၎င်းကို ဗီတာမင် B2 ပါ အစားအစာ များတွင် ရနိုင်သည့်အပြင် ငှာက်ပျောသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီးနှင့် မက်မန်းသီး များတွင် လည်း ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား ရောင်ခြင်း၊ ၀မ်းလျှောခြင်း၊ စိတ်ဓါတ်ကျ ခြင်းများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B6

ကာဗွန် ဟိုက်ဒရိတ်၊ အဆီဓါတ်၊ အသားဓါတ် စသည့် တို့၏ ဇီဝကမ္မ လုပ်ငန်း များ အတွက် အကူ အင်ဇိုင်းအဖြစ် ဆောင်ရွက် ပေးသည်။ ထို့အပြင် သွေးနီဥထဲရှိ ခန္ဓာကိုယ် အတွက် အောက်စီကျင် သယ်ဆောင် ပေးသည့် ဟီမိုဂလိုဘင် မော်လီကျူးကို ဖွဲ့စည်းရာ တွင်လည်း အကူအညီ ပေးသည်။ ၎င်းကို အာဟာရ အကြီးစား အမျိုးမျိုးတွင် ရနိုင်ပြီး ထောပတ်သီး၊ ငှက်ပျောသီးနှင့် ဖရဲသီးများတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ပါးစပ် အမြှေးပါး ရောင်ရမ်းခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ရမ်းခြင်း၊ နှတ်ခမ်းကွဲခြင်းနှင့် သွေးအားနည်း ရောဂါ တမျိုး (Hypochromic anaemia) တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B12

ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှုနှင့် အာရုံကြော စနစ်ရှိ အင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်း ရာ တွင် မရှိမဖြစ် အသုံးပြုရန် လိုအပ် ပါသည်။ ၎င်းကို တိရိစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအဝင် မည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ပါ။ ချို့တဲ့ပါက သွေးအားနည်း ရောဂါတချို့ ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြောစနစ် ပျက်စီး နိုင်ပါသည်။

ဗီတာမင် C

အနာ ဒဏ်ရာများ ကျက်လွယ်စေခြင်း၊ ရောဂါကို ခံနိုင်ရည်ရှိစေခြင်း၊ ကာဗွန်ဟိုက်ဒရိတ်နှင့် သံဓါတ် အစာခြေဖျက်မှု လုပ်ငန်းစဉ်၊ အဆီ နှင့် အသားဓါတ် ထုတ်လုပ်မှု၊ သွား၊ အရိုးနှင့် ဆံချည်မျှင် သွေးကြော နံရံများအားထိန်းသိမ်း စောင့်ရှောက်မှု အဆိပ် ဖြစ်စေသည့် အရာများအား ခုခံတိုက်ဖျက်မှု၊ သံဓါတ် စုပ်ယူမှု၊ သွေးနီဥ ထုတ်လုပ်မှု၊ ဆဲအတွင်းရှိ ပစ္စည်းများ ထုတ်လုပ်မှု စသည့်အတွက် ဗီတာမင် စီကို မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းကို အချဉ် ဓါတ်ရှိသော လတ်ဆတ် သည့် မည်သည့် အစားအစာ များတွင် မဆို ပေါများစွာ ရရှိနိုင်ပါသည်။ ချို့တဲ့ပါက Scurvy ဟု ခေါ်သည့် ရောဂါကို ရရှိနိုင်ပြီး သွားဖုံး ရောင်၍ သွေးထွက်ခြင်း၊ မွေးညင်းပေါက်ပတ်လည်တွင် သေးငယ်သော အနီစက်များ ပေါ်ခြင်း၊ အရေပြား အောက်ရှိ ပျောက်ပြီးသော အနာ၊ ဒဏ်ရာဟောင်းမှ သွေးပြန်ထွက်နိုင်ခြင်း စသည့် လက္ခဏာ များ ကို တွေ့နိုင် ပါသည်။

ဗီတာမင် D

ကယ်လစီယံ (ထုံးဓါတ်) နှင့် တခြား သတ္တုဓါတ် တချို့ကို မျှခြေ ထိန်းညှိ ပေးခြင်း၊ အူသိမ်မှ ကယ်လ်စီယံနှင့် ဖော့စ်ဖိတ် စုပ်ယူရာ တွင် အကူအညီ ပေးသည်။ ၎င်းကို ခန္ဓာကိုယ် အတွင်းရှိ ကော်လက် စထရောလ် နှင့် နေရောင်ခြည် တို့ ပေါင်းစပ်ပြီး ထုတ်လုပ် ပါသည်။ အသည်း နှင့် ငါးအဆီများတွင် အဓိက ရနိုင်ပြီး ၎င်းကို အကျိုးပြု ကိုလက်စရောလ် အဖြစ် ပြောင်းလဲစေပါသည်။ ၎င်းအတွက် တခြားသော သီးသန့် အစားအစာများ စားရန် မလိုပဲ နေရာင်ခြည်ကို အရေပြားနှင့် ထိတွေ့ခွင့် အပူပိုင်းဒေသတွင် တနေ့ ၁၀ မိနှစ် ၁၅ မိနှစ်ခန့်၊ အအေးပိုင်း ဒေသတွင် ထိုထက်ပို၍ ရရှိပါက လုံလောက်ပါသည်။ ချို့တဲ့ပါက လူကြီးများတွင် Osteomalacia နှင့် ကလေး များတွင် Rickets ဟုခေါ်သည့် အရိုးပျော့ခြင်း နှင့် အရိုး ကွေးခြင်း ရောဂါများ ဖြစ်နိုင် ပါသည်။

ဗီတာမင် E

ခန္ဓာကိုယ်ကို အဆိပ် ဖြစ်စေနိုင်သော အရာများကို တိုက်ဖျက်ခြင်း နှင့် ပြည့်ဝဆီ (Saturated Fat) များ ကြောင့် သွေးကြော ပိတ်စေ နိုင်သည့် အခြေအနေ များကို ကာကွယ် ပေးသည်။ ၎င်းကို အဓိက အားဖြင့် အသီးအရွက်၊ Unsaturated Fats (ဥပမာ- သံလွင်ဆီ၊ ပဲပုပ်ပဲဆီ၊ ငါးဆီ၊ နေကြာပန်း ဆီ စသည့်) များ၊ ဥ၊ ထောပတ်၊ ကြမ်းသည့် ကစီဓါတ် (ဥပမာ- လုံးတီးဆန်၊ ဂျံုကြမ်း) စသည် အစားအစာ များတွင် ရနိုင် ပါသည်။ ချို့တဲ့ပါက သွေးအားနည်း ရောဂါနှင့် အစာ စုပ်ယူမှု ချို့တဲ့သည့် ရောဂါ ရှိသည့် လူကြီးများ တွင် အာရုံ မစူးစိုက် နိုင်မှုများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် K

အသည်းတွင်းရှိ သွေးခဲသည့် အရာများကို ထုတ်လုပ်ရာတွင် အသုံး ပြုသည်။ သွေး ပျော်စေသည့် အစားအစာများ (သို့မဟုတ်) ဆေးများ ၏ သက်ရောက်မှုကို ပိတ်ပင် တားဆီး သည်။ ဗီတာမင် E ကို အူမကြီး အတွင်းရှိ ဘက်တီးရီးယားများက ထုတ်လုပ် ပေးပါသည်။ ချို့တဲ့ပါက သွေးထွက် လွယ်ကူခြင်း၊ ကိုယ်ဝန်ဆောင် တွင် ချို့တဲ့ပါက မွေးခါစကလေးတွင် သွေးထွက်လွန်သည့် ရောဂါရနိုင်ပါသည်။

၂။ သတ္တုဓါတ်များ သတ္တုဓါတ်အားလုံးသည် မရှိမဖြစ်လိုအပ်ပြီး ထုံးဓါတ်နှင့် သံဓါတ် နှစ်ခုမှလွဲ၍ တခြားသော သတ္တုဓါတ်များသည် အစာ ကောင်းစွာ စား နိုင်သူ များအတွက် သာမာန် အားဖြင့် ချို့တဲ့မှု နည်းပါး ပါသည်။ သံဓါတ်နှင့် ထုံးဓါတ် နှစ်ခုသာ ချို့တဲ့မှုများပြီး တခြားသော သတ္တုဓါတ်များကို ၀မ်းသွားခြင်း၊ သွေးထွက်လွန်ခြင်းနှင့် အန်များခြင်း စသည့် ရုတ်တရက် ရောဂါ တခုခု ၀င်ရောက် လာမှသာ ဖြစ်လေ့ ရှိပါသည်။

ထုံးဓါတ် (Calcium)

ထုံးဓါတ် သည် အရိုး နှင့် သွား ပုံမှန်ဖွ့ံဖြိုးရန်အတွက် အထူး အရေးကြီးပါသည်။ ထို့အပြင် နှလုံး ကြွက်သားနှင့် အာရုံကြော စနစ် လုပ်ငန်း လုပ်ဆောင် ရာတွင် ပါ၀င်ခြင်း၊ သွေးကို အဆင့်ဆင့် ပြုပြင်ရာတွင် ပါ၀င် ဆောင်ရွက်ခြင်း၊ ဟော်မုန်းများနှင့် အာရုံကြော ဖြန့်ကျက်သည့် အစိတ်အပိုင်း များကို သိုလှောင် ပေးခြင်းနှင့် ထုတ်ပေးခြင်း၊ ဗီတာမင် B12 ကို စုပ်ယူရာတွင် အကူအညီ ပေးခြင်း စသည် တို့အတွက် ကယ်လ်စီယံကို မရှိမဖြစ် လိုအပ်ပါသည်။ နို့ထွက် ပစ္စည်းများနှင့် အသား ငါးများတွင် အများဆုံး ရနိုင်ပါသည်။

သံဓါတ် (Iron)

ခန္ဓာကိုယ် ထဲရှိ အောက်စီဂျင် သယ်ဆောင် ပေးနေသည့် ဟီမို ဂလိုဘင် အသွင်ဖြင့် အသုံးပြုပါသည်။ ၎င်း ကို အသား၊ အသည်းနှင့် အစိမ်း ရင့်ရောင် ဟင်းသီး ဟင်းရွက် များတွင် အများဆုံး တွေ့ရပါသည်။

Magnesium

အင်ဇိုင်း များ၏ လုပ်ငန်းစဉ်၊ စားသုံး၍ ပိုလျှံသော ဂလူးကို့စ်ကို အသည်းထဲ၌ သိမ်းထားရန် ဂလိုင်ကိုဂျင် အဖြစ် ပြောင်းခြင်း၊ အသားဓါတ် နှင့် DNA များ ထုတ်လုပ်ခြင်း၊ အာရုံကြောအတွင်း ဓါဓုဗေဒ ဓါတ်ပေါင်းများ ပြန့်နှံ့စေခြင်း၊ သွေးကို မခဲအောင် ပြုလုပ်ခြင်း ထုံးဓါတ် သကဲ့သို့ အရိုးများအား သတ္တုဓါတ် ဖြည့်ပေးခြင်း တို့အတွက် မဂ္ဂနီစီယံကို မရှိမဖြစ် လိုအပ်သည်။ နို့ထွက် ပစ္စည်းများ၊ အသားငါးနှင့် အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်များတွင် အများဆုံး ရနိုင်ပါသည်။

Phosphate

အရိုးထဲတွင် အများဆုံး တွေ့ရပြီး ကြွက်သား အပျော့များ ထဲတွင်လည်း အနည်းငယ် တွေ့ရသည်။ ခန္ဓာကိုယ် အတွက် စွမ်းအင် သိုလှောင်ခြင်း နှင့် သယ်ဆောင်ခြင်း။ ဗီတာမင် ဘီ အသုံးပြုရာတွင် ကူညီခြင်း၊ ကျောက်ကပ်မှ ဟိုက်ဒရိုဂျင် စစ်ထုတ် ရာတွင် အကူ ပစ္စည်းအဖြစ် အသုံးပြုခြင်း စသည့် တို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။

Sodium and Potassium

Sodium (ဆားဓါတ်) သည် ဆဲ အပြင်ဘက်ရှိ အဓိက သတ္တုဓါတ်ဖြစ်ပြီး Potassium သည် ဆဲ အတွင်းရှိ အဓိက သတ္တု ဖြစ်သည်။ ၎င်းတို့ နှစ်ခုတွဲ၍ နာ့ဗ်ကြော စနစ်၏ လျှပ်စစ် စီးဖြန်းမှု Action potential ကို ထိန်းပေးပြီး ဆဲအတွင်း Sodium ပါ၀င်မှု (0.9g/L) ပုံမှန် ဖြစ်အောင် အရည်၏ မျှခြေကို ထိန်းပေး သည်။ ၎င်းတို့နှစ်ခု ဆဲလ်အတွင်း အပြင် ဟန်ချက်ညီညီ လုပ်ဆောင်၍ ကြွက်သားကို ကျံု့စေခြင်း ဖြင့် နှလုံး၊ ကျောက်ကပ် စသည်တို့ကို ပုံမှန် အလုပ်လုပ် စေပါသည်။ Sodium သည် ဘိုင်ကာဗွန်နိတ်နှင့် ပေါင်း၍ လည်း ခန္ဓာကိုယ် တွင် ရေ၊ အက်ဆစ်၊ ဘေ့စ်နှင့် သွေးထဲ သွေးရည်ကြည် (Plasma) ပါ၀င်မှု ပမာဏတို့ကို ထိန်းညှိ ပေးပါသည်။ နေ့စဉ် ပေါင်းခံရေ မှလွဲပြီး နေ့စဉ် စားသုံး နေသည့် အဟာရတိုင်းတွင် ဆားဓါတ် ပါ၀င်ပြီးဖြစ်၍ ဆားကို သီးသန့် ထပ်ဖြည့် စားရန်မလိုပါ။ ဆားကို ချက်ပြုတ်ရာတွင် ဆားကို ဖြည့်စွက် အသုံးပြု နေခြင်းမှာ အရသာ အတွက်သာ ဖြစ်ပါသည်။

Zinc (သွပ်ဓါတ်)

သွပ်ဓါတ်သည် အနာကျက် လွယ်စေခြင်း၊ အသားဓါတ် ထုတ်လုပ်ခြင်း၊ ဗီတာမင် A ရွှေ့လျားရာတွင် အကူအညီ ပေးခြင်း၊ ပုံမှန် အရေပြား လုပ်ငန်းစဉ် အတွက် လိုအပ်သော အင်ဇိုင်းနှင့် ဓါတ်ပြုခြင်း၊ အစားအစာ များ၏ အရသာနှင့် အနံ့ကို နဂို အတိုင်း ဖြစ်အောင် ထိန်းပေး ခြင်းနှင့် ခုခံအား လုပ်ဆောင်ချက် များအတွက် အကူအညီ ပေးသည်။ ချို့တဲ့မှု အဖြစ်နည်းပြီး ဖြစ်ပါက အရေပြား၊ အစာမြိုပြွန်၊ မျက်ကြည်လွှာ ရောဂါများ၊ ကလေးများ တွင် ကြီးထွားမှု နှေးကွေး စေခြင်းများ ဖြစ်နိုင်ပါသည်။

 

Ref:

Public health in Myanmar

Wednesday, November 26, 2008a



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18