Print

သက်ရှည် ကျန်းမာစားစရာများ

  30-Oct-2016
Preview Image

မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်းမှာ လူကြီးသူမတွေ၊ ဆရာတွေကို ကန်တော့ကြတဲ့အခါ ဘုန်းကြီးပါစေ၊ အသက် ရှည်ပါစေ၊ ကျန်းမာပါစေ ဆိုတဲ့ ဆုကိုပေးတတ်ကြပါတယ်။ သက်ရှည်ကျန်းမာဆိုတဲ့ စကားလုံးကိုလည်း တွဲသုံးကြပါတယ်။ ကျန်းမာမှလည်း အသက်ရှည်မှာကိုး။ လူတွေမှာ တခြားအရာတွေကို ခုံမင်မက်မော ကြတာကလည်း ကျန်းမာရေးကောင်းနေတုန်း အချိန်ပါပဲ။ ကျန်းမာရေးထိခိုက်ပြီဆိုတာနဲ့ အလိုချင်ဆုံး ဆန္ဒက ပိုက်ဆံတွေ၊ အာရုံခံစားမှုတွေ မဟုတ်တော့ဘဲ ပြန်လည် နေကောင်းလာစေဖို့ပဲမဟုတ်ပါလား။ မကျန်းမာလို့ ဆေးကုရင် ကုန်မယ့် ပိုက်ဆံကတော့ တပိုင်းပေါ့လေ။ နေ့စဉ် နေထိုင်စားသောက် နေတာတွေကသက်ရှည်ကျန်းမာနည်းလမ်းတွေနဲ့ ညီရဲ့လားလို့ သုံးသပ်ကြည့် ရအောင်ပါ။ ခုခေတ်တွေမှာခေတ်စားလာနေတာကတော့ မြေထဲပင်လယ်ဒေသ အစားအသောက်တွေနဲ့ အသီးအရွက် အခြေခံ အစားအသောက်တွေက နှလုံးရောဂါတွေ၊ ကင်ဆာရောဂါတွေကိုလျော့ပါးစေတာမို့ သက်ရှည် ကျန်းမာအစားအစာလို့ ဆိုလာကြပါတယ်။ ဒါပေမယ့်လည်းကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်ပဲ ဖြစ်စေဦးအဆမတန်စားပြန်ရင်လည်းမကောင်း နိုင်ဘူးလို့တော့ ဆိုကြ ပြန်ပါတယ်။ အဲဒီတော့ ချင့်ချင့်ချိန်ချိန် စားသောက်နေထိုင်တာက အသက်ရှည်ရာ၊ ကျန်းမာရာဆေးနည်း တလက်လို့ ဆိုရမှာပါပဲ။ 

မြေထဲပင်လယ်ဒေသအစားအစာ

မြေထဲပင်လယ်ဒေသ အစားအစာလို့ ခေါ်ရတာက မြေထဲပင်လယ် အနီးတဝိုက် နိုင်ငံတွေမှာနေထိုင်သူတွေရဲ့ စားသောက်မှုကိုဆိုလိုတာပါ။ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူတွေမှာ နှလုံးသွေးကြောရောဂါတွေ အဖြစ်နည်းတာ၊ အသက်ရှည်သူတွေ များတာတွေကြောင့် ကျန်းမာရေးနဲ့ ကိုက်ညီတာအစားအသောက် တွေကြောင့်ပဲလို့ သတ်မှတ် ကြတာပါ။ နေထိုင်ရာတိုင်းပြည်ရဲ့ ထုံးဓလေ့ယဉ်ကျေးမှု ကွာဟချက်တွေ အရအစားအသောက်ပုံစံတွေ ကွဲပေမယ့် ဒီဒေသတခုလုံး ခြုံကြည့်ရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေပဲဆိုတာ တွေ့လာကြပါတယ်။ ဒါပေမယ့် ဒီဒေသမှာ သာရနိုင်တဲ့ အစားအသောက်တွေတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အခြေခံအစားအသောက် တွေမှာဂျံုကြမ်း၊ ဆန်ကြမ်း၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေ၊ သံလွင် ဆီ၊ ငါးအစရှိတာတွေ ဖြစ်ပြီး ပြည့်ဝဆီတွေ၊ သကြားတွေနဲ့ အသားတွေ မပါသလောက် ဖြစ်နေတာမို့ ဒါမျိုးစားစရာတွေကိုမြေထဲပင်လယ်စာလို့ ခြံုငုံ ခေါ်ကြတာပါပဲ။ အဲဒီအစားအသောက်တွေကဘာကြောင့် ကျန်းမာသက်ရှည် အကျိုးကို ရစေသလဲ ဆိုတာလေ့လာထားတဲ့ အချက်တွေ ရှိပါတယ်။

အကြမ်းများ ဂျံုကြမ်း၊ ဘာလီကြမ်း၊ ဆန်လုံးညို၊ ကွေကာအုပ်လိုအစားအသောက်တွေ ပါပဲ။ သူတို့မှာအပေါ်ယံဖွဲအလွှာ၊ အလယ်မှာကစီဓာတ်လွှာ၊ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေပါတဲ့ အတွင်းအလွှာဆိုပြီးပါဝင်ကြပါတယ်။ အဲဒီအကြမ်းထည်တွေကို ဖြူဖွေးအောင် ဖွပ်ချေလိုက်ရင်တော့ ကျန်းမာသက်ရှည်ရေးအတွက် အထောက်အကူပေးတဲ့ အမျှင်ဓာတ်တွေ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ဘီတွေ ဖယ်ရှားလိုက်သလို ဖြစ်သွားပါတယ်။ အရည်အသွေး ပြည့်တဲ့ အဲဒီအကြမ်းထည်တွေ စားတာကကိုလက်စထရောလ်တွေ ကျစေတယ်၊ ဆီးချို ဖြစ်တာလျော့စေတယ်၊ နှလုံးရောဂါတွေလည်းကာကွယ်ပါတယ်။

အမျိုးသမီးကျန်းမာရေးသုတေသနလုပ်သူတွေ ဆယ်စု နှစ်များစွာလေ့လာတွေ့ရှိတာကတော့ အဲဒီအကြမ်းတွေကိုတပတ်မှာ ၄ ကြိမ်ကနေ ရ ကြိမ်လောက် အထိစားရင် လုံးဝမစားသူတွေထက် အသက်ရှည်နှုန်း ၃၁ ရာခိုင်နှုန်းပိုတယ်လို့ ဆိုပါ တယ်။ တနေ့တကြိမ်လောက်တော့ စားသုံးသင့်တယ် မဟုတ်လား။ ဖွဲနုနဲ့ လုပ်တဲ့ မုန့်တွေ၊ ဆန်ကြမ်းနဲ့ လုပ်တဲ့မုန့်တွေ၊ ဂျံုကြမ်းပေါင်မုန့်တွေ အများကြီးထဲ က တခုမဟုတ်တခုနေ့စဉ် စားသုံးပေးနိုင်တာပေါ့။

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် မြေထဲပင်လယ်ဒေသအစားအသောက်တွေမှာသစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဖောဖောသီသီပါနေတာကိုတွေ့ရပါတယ်။ အစားအသောက်ကို အရောင်စုံအောင် စားပါ လို့တောင် ဆိုရိုးထားကြလေရဲ့။ အရောင်စုံအသီးအရွက်တွေက ကျန်းမာရေးအတွက် ဆုလာဘ်တွေပါပဲ။ အစာစားတိုင်းအသီးအရွက်ကို ပန်းကန် တဝက်လောက် ဖြည့်တင်းစားသောက်တာက အကောင်းဆုံးလို့ ဆိုကြပါတယ်။ အသီးအရွက် ဖျော်ရည်တွေလည်း ဖြည့်စွက်စားသုံးသင့်ပါတယ်။ အသီးအရွက်တွေရဲ့ သဘာဝအတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်တွေ ပါဝင်တာကကျန်းမာရေးအထောက်အကူတွေ ပေါ့။

သံလွင်ဆီ အဆီရဲ့ သဘောကိုကကောင်းတာနည်းပြီးမကောင်းတာများတာပါ။ ဒါပေမယ့် သံလွင်ဆီကတော့ အဆီထဲမှာဘုရင်ပေါ့။ သူ့ရဲ့အကျိုးကျေးဇူးက နှလုံးကျန်းမာရေးအတွက် အတော်ကောင်းတာကိုး။ တခြားအသီးအရွက်ဆီတွေ နေကြာ၊ ပဲပိစပ် စတာတွေ ရှိပေမယ့် အဲဒီအဆီတွေကသံလွင်ဆီနဲ့ မတူတဲ့ အဆီဓာတ်တွေလည်းပါဝင်နေတာပါ။ သံလွင်ဆီကိုကိုယ့်ရပ် ဒေသမှာပုံမှန်စားသုံးဖို့ ကတော့ ပြဿနာရှိပါ တယ်။

ငါး

အဆီပါတဲ့ ငါးတွေ (သူတို့ဆီမှာတော့ ဆော်လ်မွန်၊ ဆာဒင်း၊ တူနာ၊ မက်ခရဲလ်) ကတော့ မြေထဲပင်လယ် စာရဲ့ အဓိကအစားသောက်ပါပဲ။ ကိုယ်တွေ ဆီမှာတော့ ငါးတန်၊ ငါးမြင်းတွေ ပြောရမှာပေါ့။ ဒီငါးတွေ ကျန်းမာရေးကောင်းစေတာ က အဓိကအားဖြင့် အိုမီဂါ-၃ အဆီအက်ဆစ်ဓာတ် ကြွယ်ဝလွန်းလို့ပါပဲ။ သွေးကြောတွေ ကျန်းမာရေးမှာအဲဒီအဆီအက်ဆစ်ကအထောက်အကူအလွန်ပေးပြီးသွေးတိုး

ထိန်းညှိပေးတာကိုး။ ဒီလိုအဆီများငါးတွေကို တပတ်မှာအနည်းဆုံး ၂ ကြိမ်လောက်တော့ စားသင့်ပါတယ်။

ပဲအမျိုးမျိုး ပဲသီး၊ ပဲစေ့ အားလုံးကအမျှင်ဓာတ် ကြွယ်ဝပါတယ်။ ပရိုတင်းခေါ်တဲ့ အသားဓာတ် အဓိကပါဝင်တဲ့ အစာတွေလည်း ဖြစ်ပါတယ်။ အဆီလည်းပါဝင်မှု နည်းပါးလွန်းတာက ကျန်းမာရေးအထောက်အကူတချက်ပါပဲ။ လတ်လတ်ဆတ်ဆတ်ကို ချက်ပြုတ်စားသုံး နိုင်သလို စည်သွတ်ဘူးတွေလည်း စားလို့ အဆင်ပြေပါတယ်။ သတိပြုစရာတချက် ကတော့ စည်သွတ်ဘူးလုပ်ရာမှာဆားတွေ သိပ်မထည့်မိစေဖို့ပါပဲ။

အစေ့အဆန်များ

အစေ့အဆန်တွေ (ဖရုံ၊ နေကြာစသဖြင့်) မှာကယ်လိုရီတွေ များတတ်တာမို့ တချို့က ဝမှာကြောက်ပြီးရှောင်ကြဉ်ကြ ပါတယ်။ ဒါပေမယ့် သူတို့မှာပါဝင်တဲ့ အဆီတွေက ပြည့်ဝဆီမဟုတ်တာကြောင့် စားသုံးသင့်ပါတယ်။ များများစားသုံးတာက နှလုံးရောဂါ ဖြစ်နိုင်ခြေတောင် လျော့ကျစေပါတယ်။ သိပ်ငန်တာမျိုးမဟုတ်တဲ့ အစေ့အဆန်တွေကိုတနေ့ လက်တခုပ်စာလောက်တော့ စားသုံးသင့်တယ်လို့ ဆိုပါတယ်။

ကယ်လ်ဆီယမ်နဲ့ နို့ထွက်ပစ္စည်း

မြေထဲပင်လယ် ဒေသနေထိုင်သူတွေကဒိန်ခဲတွေ၊ မလိုင်တွေ အလွန်အကျွံ စားလေ့ရှိကြပါတယ်။ ဒါတွေက နှလုံးသွေးကြောရောဂါတွေ အတွက် ရှောင်ကြဉ်သင့်တာ တွေ ဖြစ်နေပါလျက်နဲ့ သူတို့တော့ မဖြစ်ကြတာကိုလေ့လာနေကြဆဲပါပဲ။ တချို့ကတော့ သူတို့ကစားတဲ့ ပမာဏထက် လှုပ်ရှားမှု ပိုများကြလို့ ဆိုပြီးပြောကြပါတယ်။ ဒိန်ချဉ်လိုမျိုးတွေ စားတာကတော့ ကျန်းမာရေးအထောက်အကူ ဖြစ်ပြန်တယ် လို့ဆိုပါတယ်။

ဝိုင်

ဝိုင်ဆိုတာကလည်းအရက်နွယ်ဝင် ပေမို့ ဒီကိစ္စကတော့ အငြင်းပွားစရာ ဖြစ်ပေမယ့် မြေထဲပင်လယ် ဒေသကလူတွေ ဝိုင်သောက်တဲ့ ဓလေ့က သက်ရှည်ကျန်းမာခြင်းနဲ့ သက်ဆိုင်တယ် လို့ ကောက်ချက်ဆွဲ ကြပါတယ်။ အမျိုးသမီးတွေ တနေ့တခွက်လောက်၊ အမျိုးသားတွေ တနေ့ ၂ ခွက်လောက် ဝိုင်သောက် တာက နှလုံးရောဂါဖြစ်ပွားမှု လျော့ကျစေတာတော့ အမှန်ပဲလို့ ဆိုပါတယ်။ အရက်သဘာဝအရ တခြား အန္တရာယ်တွေ ရှိတတ်တော့ ဒါကချိန်ဆရမယ့် အချက် ပေါ့။ အထက်မှာရခဲ့တာတွေ ကြည့်ရင် မြေထဲပင် လယ်ဒေသမှာနေထိုင်သူတွေ ကျန်းမာသက်ရှည်စေတဲ့ အစားအသောက်တွေကိုသတိမူမိမှာ ပါ။ အဲဒါတွေကမြေထဲပင်လယ်မှာသာရတဲ့ အစားအသောက်တွေ မဟုတ်ဘဲကိုယ့် ပတ်ဝန်းကျင်တွေ မှာလည်းရှိနေတာတွေ့ရမှာပါ။ အဲဒီတော့ ကျန်းမာဖို့၊ အသက်ရှည်ဖို့ အတွက် မြေထဲပင်လယ် အစားအသောက်မျိုးတွေ အသီးအရွက်နဲ့ ငါးအခြေခံစားသောက်ကြည့်ပြီးစမ်းသပ် ကြည့်ကြရအောင်လား။

 

Ref:

ဒေါက်တာသက်ဦး

November 28, 2014

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18