Print

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ

  30-Oct-2016
Preview Image

လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။

 

လက်မထပ်ခင် ဆေးစစ်ခြင်း

------------------------------

လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကို စစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။ လက်မထပ်ခင် ဆေးမစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။

 

ရောဂါတွေ့ခဲ့လျှင်

------------------

ဆေးစစ်ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါတစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ်သုံးပြီး ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါရှိမှန်း သိခဲ့ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ်မျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

 

တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင်

----------------------------------------------------------------

မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

 

သားသမီးရယူရေး

--------------------

အိမ်ထောင်သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေးမယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေး ထားသင့်ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။

 

သားသမီးဦးရေ

-----------------

ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလိုကြတော့ပါဘူး။ အကောင်းဆုံးကတော့ ကလေးယူတဲ့အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်းနိုင်သလို မွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။

 

စောင့်ထိန်းမှု

--------------

အိမ်ထောင်မပြုခင်က ဆေးစစ်လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင်ပြုပြီးချိန်မှာ အိမ်ထောင်ဖက်တစ်ဦးက ထင်သလို စိုင်းလိုက်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံး

အတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင် ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်းကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးလှပါတယ်။

 

Healthcare.com.mm

Ref: Good Health

ညမင်းသား



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18