Print

လိင်ဆက်ဆံပြီး ဗိုက်ကြီး မကြီး

  30-Oct-2016
Preview Image

လိင်ဆက်ဆံရာတွင် “ကျား” မှာရော “မ” မှာပါ အဆင့်လေးဆင့်အဖြစ် ခန္ဓာကိုယ်ရော၊ စိတ်မှာပါ အပြောင်းအလဲတွေ ဖြစ်လာစေတယ်။

-ပထမအဆင့်ကတော့ “Desire” လို့ခေါ်တဲ့ ချစ်ချင်စိတ်တွေ စတင်ပေါက်ဖွားလာတဲ့အဆင့်၊

-“Excitement” ဆိုတာက အချစ်စိတ်တွေ နိုးကြားထကြွလာတဲ့ ဒုတိယအဆင့်၊

-တတိယအဆင့် “Orgasm” လို့ခေါ်တဲ့ ပြီးဆုံးသွားတဲ့အဆင့်၊

-စတုတ္ထနဲ့ နောက်ဆုံးအဆင့်ကတော့ “Resolution” လို့ခေါ်တဲ့ အဆင့်ပဲဖြစ်တယ်။

အောင်မြင်တဲ့ လိင်ဆက်ဆံမှုတစ်ခုမှာ “Orgasm” လို့ ခေါ်တဲ့ ပြီးဆုံးခြင်းအဆင့်ကို ရောက်ဖို့လိုတယ်။ အချစ်တောင်ထွဋ်ကို ရောက်ရှိသွားခြင်းလို့ ဆိုရလေမလား။ အဲဒီအချိန်မှာ အမျိုးသားတွေက သုက်ရည်တွေ ပန်းထွက်လာတယ်။ အဲဒါကို “Ejaculation” လို့ခေါ်တယ်။ ထွက်လာတဲ့ သုက်ရည်တွေထဲမှာ သန်းပေါင်းများစွာသော သုက်ကောင်တွေ ပါတယ်။ အဲဒီ သုက်ကောင်လေးတွေဟာ မွေးလမ်းကြောင်းထဲကတစ်ဆင့် ရေကူးပြီး သားအိမ်ထဲဝင်သွားတယ်။ အဲဒီအချိန်မှာ အမျိုးသမီးသားဥလေးကြွေချိန်နှင့် တိုက်ဆိုင်ရင် သားဥပြွန်လေးထဲမှာ အသင့်စောင့်နေတဲ့ သားဥလေးနှင့် ထိတွေ့ပြီး မျိုးစပ် အောင်မြင်နိုင်တယ်။ အဲဒီအခါကျရင် အူဝဲကလေး ရလာပြီပေါ့။

အမျိုးသားတွေဟာ လိင်ဆက်ဆံမှု အောင်မြင်ပြီးဆုံးတဲ့အခါမှာ သုတ်ရည်တွေ ထွက်လာတယ်။ ပန်းသေပန်ညိုးဖြစ်နေရင်တော့ ပြီးဆုံးခြင်းကို မရောက်တော့ဘူး။ တစ်ခါတစ်လေကျရင်တော့ ပြီးဆုံးခြင်း မရောက်နိုင်တဲ့ လိင်ဆက်ဆံမှုတွေရှိနိုင်ပါတယ်။ မပြီးဆုံးရင် သုက်မထွက်ဘူးပေါ့။ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက် တစ်ခါထွက်တဲ့ အရည်ပမာဏချင်း မတူနိုင်ဘူး။ တစ်ယောက်တည်းမှာတောင်မှ ထွက်တဲ့သုက်ရည်ပမာဏဟာ တစ်ကြိ်မ်နဲ့တစ်ကြိမ် ဘယ်တူနိုင်ပါ့မလဲ။ နည်းနည်းပဲထွက်ရင်သိပ်ပြီး မသိသာဘူး။ များများထွက်ရင်တော့ သိသိသာသာ ဖြစ်တာပေ့ါ။

အမျိုးသမီးတွေရဲ့ သားဥအိမ်က သားဥလေးကြွေချိန်နှင့် လိင်ဆက်ဆံချိန် တိုက်ဆိုင်သွားတဲ့အခါမှာ သုက်ကောင်လေးတွေနဲ့ သားဥလေး တွေ့ထိမျိုးအောင်ပြီး အူဝဲလေးကို လိုချင်တာလား၊ မလိုချင်တာလား ဆိုတာကို သေသေချာချာ စဉ်းစားပြီး မလိုချင်သေးရင် မရအောင် ကာကွယ်တားဆီးရမယ်၊ လိုချင်ရင်တော့ ရလာအောင် ကြိုးစားရမယ်။

သားဆက်ခြားနည်းတွေက အများကြီး… အဲဒီထဲကမှ မိမိနဲ့ သင့်တော်ကိုက်ညီ၊ အဆင်ပြေ နှစ်သက်သဘောကျပြီးတော့ ထိရောက်ယုံကြည်မှုလည်း ရှိတဲ့နည်းကို ဆရာဝန်နှင့်တိုင်ပင်ပြီး အတည်တကျ ရွေးချယ်ရမယ်။ စား ဆေးကတ်လေးတွေ ရှိတယ်။ ထိုးဆေးရှိတယ်။ သုံးလဆေးထိုးရမယ် ဆိုရင်လည်း ကြိုတင်ပြီးထိုးရတယ်။ လိင်ဆက်ဆံပြီးမှ ကလေးရခြင်းကို မကာကွယ်နိုင်ပါတော့ဘူး။

လိင်ဆက်ဆံပြီးပြီးချင်း ကလေးမလိုချင်သေးရင် အရေးပေါ် သန္ဓေတားဆေး သောက်ရတယ်။ ကွန်ဒုံးလို့ခေါ်တဲ့ အစွပ်လေးတွေ သုံးတဲ့နည်းလေး ရှိသေးတယ်။ ဒီနည်းကတော့ ကလေးမရနိုင်အောင် တားဆီးပေးရုံသာမက လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဆိုးတွေရဲ့ အန္တရာယ်ကလည်း ကာကွယ်ပေးနို်င်ပါတယ်။

နောက်ထပ် “ရက်ရှောင်တဲ့နည်း” ဆိုတာလည်းရှိတယ်။ အဲဒီနည်းကိုတော့ “Safe Period” လိုပခေါ်ပါတယ်။ သားဥကြွေချိန်မှာ လိင်ဆက်ဆံရင် ကလေးရတယ်ဆိုတော့ သားဥမကြွေတဲ့အချိန်ကို တွက်ချက်ပြီး ဆက်ဆံတဲ့နည်းပဲ ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် ၂၈ ရက်တစ်ခါ ရာသီလာတဲ့ အမျိုးသမီးတစ်ယောက်ဟာ အလယ်တည့်တည့် ၁၄ ရက်မြောက်လောက်မှာ သားဥကြွေတတ်တယ်။ အဲဒါကြောင့် ရာသီစလာပြီး ခုနစ်ရက်အတွင်းနဲ့ နောက်တစ်ကြိမ် ရာသီလာခါနီ ခုနစ်ရက်အတွင်းမှာ အတူနေရင်တော့ ကလေးမရဖို့ စိတ်ချရတယ်လို့ ယေဘုယအားဖြင့် ပြောလို့ရတာပေါ့။ ဒါပေမယ့် သတိပြုရမယ့် အချက်ကတော့ ဒီနည်းဟာ လစဉ်ပုံမှန် ရာသီမှန်မှန်လာတဲ့ သူတွေမှာပဲ သုံးလို့ရတယ်။ ရက်တွေတွက်ချက်ပြီး အတူနေရတာမို့ အတွက် မှားရင်တော့ မလိုချင်ဘဲ ကလေးရသွားတတ်တယ်။

သားဆက်ခြား နည်းတွေကတော့ အများကြီးပါပဲ။ သားအိမ်တွင်းထည့်တဲ့ ပစ္စည်းလေးရှိတယ်။ တစ်ခါထည့်ထားရင် ငါးနှစ်၊ ခုနစ်နှစ်လောက်အထိ စိိတ်ချရတယ်။ လက်မောင်းအသားထဲမှာ မြှုပ်ထားတဲ့ “Jadelle Inplanon” စတဲ့ ပစ္စည်းတွေဟာလည်း အခုရှိနေပြီ။ တစ်ခါထည့်ထားရင် ငါးနှစ်တိတိကလေး မရဖို့စိတ်ချရပါတယ်။

သားဥကြွေချိန်ကို ရှောင်ရင် ကလေးမရတတ်ဘူးလို့ ဆိုတာကိုသိရင် ကလေးလိုချင်ရင်တော့ ဒီသားဥကြွေတဲ့ရက်လေးမှာ သတိထားတွက်ချက်ပြီး အချိန်ကိုက်အတူနေဖို့ လိုပါတယ်။ ရာသီစလာတဲ့ ရက်ကတွက်ရင် ၁၂ ရက်နဲ့ ၁၇ ရက်ကြားမှာအတူနေရင် ကလေးရဖို့ အခွင့်အရေး ပိုများတဲ့အကြောင်း အကြံပေးပါရစေ။

 

Healthcare.com.mm

Ref: ဒေါက်တာစိုးလွင် (တွဲဖက်ပါမောက္ခ)

Health for all magazine

August 2015, No.103, pg.29-30



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18