Print

ဆီးကျိတ်ကင်ဆာ

  23-Feb-2018
Preview Image

ဆီးကျိတ်ဟာ အမျိုးသားမျိုးပွားအင်္ဂါတစ်ခုဖြစ်ပြီး အရွယ်အစားက သစ်ကြားသီးအရွယ်အချင်း ၃ စင်တီမီတာမျှရှည်လျားပြီး ၂၀ ဂရမ်မျှ လေးပါတယ်။ ဆီးအိမ်အဝမှာ ရှိပြီး ကျင်ချောင်း urethra ကိုငုံလျက်တည်ရှိပါတယ်။ ဆီးကျိတ်ရဲ့ အနောက်မှာအစာဟောင်းအိမ် rectum ရှိပါတယ်။ ဆီးကျိတ်ငုံထားတဲ့ ကျင်ချောင်းကို ဆီးအိမ်အတွင်းက ဆီးတွေဖြတ်သန်းတဲ့အပြင် လိင်ဆက်ဆံပြီးတဲ့အခါ သုတ်ရည်ထွက်တဲ့လမ်းကြောင်းလည်းဖြစ်ပါတယ်။ သုတ်ရည်မှာ သုတ်ပိုးအပြင် ဆီးကျိတ်က စစ်ထုတ်တဲ့မျိုးပွားခြင်း ဆိုင်ရာအရည်တွေပါဝင်ပါတယ်။


ဆီးကျိတ်အတွင်းမှာ ဂလင်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားပြီး သုတ်ရည်ပါဝင်တဲ့ အရည် ၂၀ ရာခိုင်နှုန်းဟာ ဆီးကျိတ်က ထွက်ရှိပါတယ်။ အဲ့ဒီဆီးကျိတ်ဂလင်းတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် အမျိုးသားဟော်မုန်း လိုအပ်ပါတယ်။ အမျိုးသားဟော်မုန်းကို ဝှေးစေ့နဲ့ ကျောက်ကပ်အပေါ်မှာရှိတဲ့ Adrenal ဂလင်းကနေထုတ်လုပ်ပါတယ်။


ဆီးကျိတ်ကင်ဆာဟာ အနောက်နိုင်ငံတွေမှာ အရေပြားကင်ဆာပြီးရင် ဒုတိယအဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ဆီးကျိတ်ကင်ဆာကြောင့်သေဆုံးတာဟာ အဆုတ်ကင်ဆာ ပြီးရင် ဒုတိယအသေအပျောက်အများဆုံးကင်ဆာဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ သက်တမ်းတစ်လျှောက်မှာ ခြောက်ဦးမှာ တစ်ဦးနှုန်းရောဂါခံစားရနိုင်ပါတယ်။ အသက် ၈၀ ကျော်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းမှာ ဆီးကျိတ်ကင်ဆာဆဲလ်တွေ တွေ့ရှိရတယ်လို့ တချို့သုတေသနပြုမှုတွေအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာလည်း မြို့ပြယဉ်ကျေးမှုတွေ များလာတာ၊  အစားအသောက်အနေအထိုင်ပုံစံ ပြောင်းလဲတာတွေကြောင့် တခြားကင်ဆာ ဖြစ်ပွားနှုန်းမြင့်မားလာတာနဲ့ အတူဆီးကျိတ်ကင်ဆာဖြစ်ပွားတာလည်း များပြားလာတာတွေ့ရပါတယ်။ 


ဆီးကျိတ်ကင်ဆာ သဘောသဘာဝအကြောင်းမပြောခင် ကင်ဆာဆိုတာ ဘာလဲဆိုတာ အရင်ဆုံးပြောပြချင်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အသေးငယ်ဆုံးအစိတ်အပိုင်း unit ဟာ ကလာပ်စည်း cell တွေဖြစ်ပါတယ်။ အဲ့ဒီကလာပ်စည်းတွေဟာ အချိန်တိုင်းမှာ အသစ်ပွားများနေသလို အချိန်တိုင်းသေဆုံးပျက်စီးနေပါတယ်။ သေဆုံးသွားတဲ့ကလာပ်စည်းနေရာကို အသစ်ဖြစ်ပေါ်တဲ့ ကလာပ်စည်းတွေက အစားထိုးဆောင်ရွက်ပါတယ်။ ဒါကြောင့် ဖြစ်တာ၊ ပျက်တာ အစဉ်အမြဲဖြစ်နေပါတယ်။ ဒီလို အသစ်ဖြစ်ပေါ်လာဖို့ ကလာပ်စည်းတွေ ပွားများတာကိုလူရဲ့ဗီဇက ထိန်းချုပ်ထားပါတယ်။ကလာပ်စည်းတွေပွားများရာကနေ မူမမှန်ဆဲလ်ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီလိုမူမမှန် ဆဲလ်တွေဖြစ်ပေါ်လာရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဖျက်ဆီးပစ်ရပါတယ်။ ဒီလိုနည်းနဲ့ ခန္ဓာကိုယ်တွင်း ဆဲလ်တွေအလွန်အကျွံများတာ မဖြစ်အောင် စီစဉ်ထားပါတယ်။


မွေးရာပါဗီဇအတွင်း ပြောင်းလဲတာ၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေကြောင့် ဗီဇပြောင်းလဲတာကြောင့် အထက်ပါထိန်းချုပ်မှုတွေ ပျက်စီးပြီး မူမမှန်ဆဲလ်တွေအလွန်အကျွံပွားများလာတာကို ကင်ဆာဆဲလ်ပွားများတာလို့ ခေါ်ပြီး ဒီလိုပွားများလာလို့ ရောဂါဖြစ်ပေါ်လာတာကို ကင်ဆာရောဂါလို့ ခေါ်ပါတယ်။


ဆီးကျိတ်ကင်ဆာဆိုတာ ဆီးကျိတ်ထဲက ဂလင်းငယ်တွေမှာရှိတဲ့ ဆဲလ်တွေပုံမှန်ဆဲလ်ပွားနေရာက မူမမှန်ဆဲလ်တစ်ခုအဖြစ် ပြောင်းလဲပြီး အဲဒီမူမမှန်ဆဲလ်တွေ အဆင့်လေးဆင့် ဆက်လက်ပြောင်းလဲကာ ကင်ဆာဆဲလ်တွေ ဖြစ်လာပြီး အထိန်းအချုပ်ကင်းမဲ့ကာ လျှင်လျှင်မြန်မြန်ပွားလာတာကြောင့် ဆီးကျိတ်ကင်ဆာရောဂါ စတင်ဖြစ်ပေါ်လာပါတယ်။


ဆီးကျိတ်ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျမသိရသေးပေမယ် ဗီဇကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားတယ်လို့ ယူဆကြပါတယ်။ ဗီဇအပြင် ဖြစ်နိုင်ခြေမြင့်မားစေတဲ့ အချက်တွေကတော့ 


- အသက်ကြီးလာတာ - အသက် ၅၀ နှစ်အောက်မှာ ဖြစ်ပွားတာနည်းပြီး ဆီးကျိတ်ကင်ဆာဖြစ်သူထက်ဝက်ကျော်ဟာ အသက် ၇၀ ကျော်သူတွေဖြစ်ပါတယ်။

- အစားအသောက်

- အဝလွန်တာ

- ကိုယ်လက်လှုပ်ရှားမှုနည်းတာ

- ဆေးလိပ်သောက်တာ တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သုတေသနပြုချက်တွေအရ သိရှိရပါတယ်။


တခြား မသေချာတဲ့ ဆက်စပ်မှုတွေကတော့ ဆေးလိပ်သောက်တာ၊ အမျိုးသားတွေမှာ သားကြောဖြတ်တာ၊ ဆီးကျိတ်ရောင်တာ ၊ မီးသတ်သမား၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ ဖြစ်ဖူးတာ တွေဖြစ်ပြီး အဝလွန်သူတွေမှာဆီးကျိတ်ကင်ဆာကြောင့် အသက်ဆုံးရှုံးလေ့ရှိတာကို တွေ့ရှိထားပါတယ်။


အမျိုးသားဟော်မုန်း နဲ့ ဆီးကျိတ်ကင်ဆာဆက်စပ်မှုရှိတာကိုလည်း တွေ့ရှိရပါတယ်။ သင်းကွပ်ထားသူတွေမှာ ဂလင်းကဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားတာ မတွေ့ရတဲ့အပြင် အမျိုးသားဟော်မုန်းမထွက်ရှိအောင် ပြုလုပ်ထားရင်လည်း ဆီးကျိတ်ကင်ဆာ သက်သာစေတာကို တွေ့ရှိရပါတယ်။


ဆီးကျိတ်ကင်ဆာဖြစ်ပွားတာကို မကာကွယ်နိုင်ပေမယ့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တဲ့အချက်တွေကို ရှောင်ကြဉ်ရပါမယ်။ အဓိကအနေနဲ့ အဆီ၊ အသား၊ နို့ထွက်ပစ္စည်း စားသုံးမှုကိုလျှော့ချတာ၊ အဆီများတဲ့ ငါးနဲ့ခရမ်းချဉ်သီးစားသုံးတာ၊ ဗီတာမင်အီးနဲ့ ဆီလီနီယမ် ဆေးဝါးသုံးစွဲတာ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာတွေပြုလုပ်ရပါမယ်။


ဂျပန်မှာ သုတေသနပြုလုပ်ချက်တွေအရ သက်သက်လွတ်အသီးအရွက်တွေသာ စားသုံးသူတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု လျော့နည်းတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် အဆီ၊ အသားလျှော့စားတာ၊ အသီးအရွက်၊ အသီးအနှံ၊ ငါးများများစားတာ၊ လေ့ကျင့်ခန်းပြုလုပ်တာ၊ ဘဝတစ်လျှောက်လုံးကျန်းမာတဲ့ ကိုယ်အလေးချိန်တွင်းရှိအောင် ထိန်းသိမ်းတာတွေကြောင့် ဆီးကျိတ်ကင်ဆာသာမက တခြားကင်ဆာတွေအပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတဲ့မကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကို လျှော့ချနိုင်မှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။


Dr. Oliver

Credit: ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

အာရောဂျံ (AROGYAM health magazine) Vol.260/ March/ 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18