Print

Organophosphate Poisoning

  30-Oct-2016
Preview Image

Organophosphate poisoning ဖြစ်တယ် ဆိုတာပတ်ဝန်းကျင်မှာ လက်လှမ်းမီ၊ လွယ်ကူစွာရနိုင်တဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစတဲ့ ဓာတုပစ္စည်းတွေကို ထိမိ၊ စားသုံးမိလို့ ဖြစ်ပြီး မိမိဘာသာ အဆိပ်သောက်၍ အဆုံးစီရင်ခြင်း ဒါမှမဟုတ် မတော်တဆအဆိပ်သင့်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ စိုက်ပျိုးရေးကို အဓိကထားပြီး လုပ်ကိုင်နေတဲ့ နိုင်ငံဖြစ်နေတာနဲ့အညီ ဒီပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး အဆိပ်သင့် တဲ့ organophosphate poisoning ဟာ အလွန်အဖြစ်များပြီး ၊ဆေးရုံပေါ်အရောက်များတဲ့ အဆိပ်သင့်ခြင်းတစ်မျိုးဖြစ် နေပါတယ်။

Organophosophate compound တွေဘယ်မှာတွေ့ရလဲ?

- အဆိပ်ပြင်းထန်မှုများတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတု ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ပစ္စည်းများ (tetraethyl pyrophhate, parathione)

- အဆိပ်ပြင်းထန်မှု အသင့်အတင့်ရှိသော ဓာတုပစ္စည်းများ (chorpyrifos, coumaphos, trichlorfon)

- အဆိပ်ပြင်းထန်မှုနည်းသော အိမ်တွင်းသုံးပိုးသတ်ဆေးပါ ဓါတုပစ္စည်းများ (melthione,diazinon,dichlorovos)

 

အဆိပ်သင့်နေသူမှာ ဘာလက္ခဏာတွေ ပြမလဲ?

ဖြစ်ပေါ်တဲ့ လက္ခဏာ အခြေအနေတွေက အဆိပ်ဝင်တဲ့ လမ်းကြောင်းပုံစံ (အသက်ရှုလမ်းကြောင်းမှ ဝင်ခြင်း၊ အရေပြားနှင့် ထိမိခြင်း၊ အစာအိမ်အူလမ်းကြောင်းမှ ဝင်ခြင်း)၊ ပမာဏ အနည်းအများ၊ အဆိပ်ရဲ့ ပြင်းထန်မှု၊ လူနာရဲ့ ပင်ကိုယ်ခံနိုင်ရည်အားတွေအပေါ်မူတည်၍ ကွာခြားသွားနိုင်ပါတယ်။အဆိပ်သင့်နေသူမှာ organophosphorus compound ရဲ့ သိသာတဲ့ အနံ့ဖြစ်တဲ့ စူးရှတဲ့ ကြက်သွန်ဖြူလိုအနံ့မျိုး ရနေနိုင်ပါတယ်။လူနာက ခေါင်းမူးခြင်း၊ မူးမိုက်လဲကျခြင်း၊ တို့ဖြစ်နိုင်ပြီးစမ်းသပ်ကြည့်ပါကနှလုံးခုန်နှုန်းနှေးခြင်း၊ သွေးပေါင်ကျခြင်းတို့ ဖြစ်နေတတ်ပါတယ်။ခန္ဓာကိုယ်မှာ ထွက်တဲ့ စိမ့်ထွက်ရည်တွေ အားလုံးအထွက်များလာပါတယ်။ ဒီအခါမှာလေပြွန်ကျဉ်း၍ ချွဲများကြပ်ကာ အသက်ရှူရခက်ခြင်း၊ အသက်ရှူကြပ်ခြင်း တံတွေးအများအပြားထွက်ခြင်း၊ ချွေးထွက်များခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း ၊ အန်ခြင်း၊ ဝမ်းအလွန်အကျွံသွားခြင်း တို့အပြင် ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။သူငယ်အိမ်ကျဉ်းခြင်း၊ မျက်ရည်များထွက်လာခြင်း တို့ကြောင့် အမြင်ဝေဝါး တာလည်းကြွက်တက်ခြင်း၊ အကြောဆွဲခြင်း၊ ကြွက်သားအားနည်းခြင်း နဲ့ အရမ်းဆိုးလာရင် အကြောတွေဆိုင်းသွားတဲ့ အထိ ဖြစ်နိုင်ပါတယ်. အကယ်၍ အသက်ရှူလမ်းကြောင်းကို ထိန်းချုပ်ပေးထာတဲ့ ကြွက်သားတွေကိုသာ ထိခိုက်သွားရင်တော့ ရုတ်တရက် အသက်ရှူရပ်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။အာရုံကြောကို ထိခိုက်တဲ့ အခြေအနေတွေမှာ ဆိုရင်တော့ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ စိုးရိမ်မှုလွန်ကဲနေခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း၊ ယောက်ယပ်ခပ်ကာ ထိန်းမရဖြစ်ခြင်း တို့မှတဆင့် တက်ခြင်း၊ သတိမေ့ခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။အဆိပ်သင့်နေပြီလို့ ယူဆရတဲ့ လူကိုတွေ့တာနဲ့ အဆိပ်သင့်ခြင်း ခံစားရတဲ့ နေရာမှ အမြန်ဆုံးဖယ်ရှားပေးရပါမယ်။ လူနာရဲ့ အဝတ်အစားများကိုဖယ်ရှားပေးပြီး ထပ်ပြီး အဆိပ်စိမ့်ဝင်မှု မရှိနိုင်အောင် ရေနဲ့ တစ်ကိုယ်လုံးကို သန့်စင်ပေးသင့်ပါတယ်။ မျက်လုံးထဲ ဝင်တာဖြစ်ပါက မျက်လုံးကိုသေချာရေဆေးသန့်စင်ပေးရမှာဖြစ်ပါတယ်။ အဆိပ်သင့်နေတဲ့ လူတွေကို ကိုင်တွယ်တဲ့ အခါမှာ အကာအကွယ်တွေ၊ လက်အိပ်တွေနဲ့ ကိုင်ရပါမယ်။ ပြီးရင်တော့ ဆေးရုံကို အမြန်ဆုံးပို့သင့်ပါတယ်။ အစာအိမ်မှ ဝင်တာဖြစ်ပြီး ၃-၄နာရီအတွင်းဖြစ်မယ်ဆိုရင် ထပ်ပြီး စုပ်ယူမှု မရှိတော့အောင် အစာအိမ်ဆေးခြင်း ကိုလုပ်ရတတ်ပါတယ်။ အသက်ရှူတာ ပုံမှန်မဟုတ်သော လူနာများတွင် အသက်ရှူပိုက်ထည့်ခြင်း၊ အသက်ရှူစက်တပ်ပေးထားခြင်းတို့ လုပ်ပေးထားနိုင်ပါတယ်။ သွေးပေါင်ချိန်၊နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်း၊ သူငယ်အိမ်အနေအထား တို့ကို တောက်လျှောက် အနီးကပ်စောင့်ကြည့်နေရပါမယ်။ တစ်ချိန်တည်းမှာ ပဲ အဆိပ်သင့်နေတဲ့ အခြေအနေ မှလွတ်မြောက်အောင်လုပ်ပေးနိုင်မယ့် ဆေးတွေကို ပေးထားရပါတယ်။ (ATROPINE, PRALIDOXIME) ဒီဆေးတွေက အဆိပ်ကြောင့် ဖြစ်နေတဲ့ ခန္ဓာကိုယ်မှ ပြောင်းလဲမှုတွေဖြစ်တဲ့ စိမ့်ထွက်ရည်များခြင်း၊ အသက်ရှူကြပ်ခြင်း၊ကြွက်သားအားနည်းခြင်း၊သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှေးခြင်းတို့တဖြေးဖြေးသက်သာလာစေမှာ ဖြစ်ပါတယ်။ဆေးပေးတဲ့အချိန်တောက်လျှောက်လည်း တိုးတက်မှု ကိုအနီးကပ်စောင့်ကြည့်နေရမှာဖြစ်ပါတယ်။အဆိပ်သင့်တဲ့ လူနာဟာ အဆိပ်သင့် လက္ခဏာတွေ ကင်းစင်သွားပြီး ၁၂နာရီ ကြာတဲ့ အထိ အနီးကပ်စောင့်ကြည့် မှုခံယူသင့်ပါတယ်။အချိန်မှီ ဆေးရုံရောက်ကာ ကုသမှုရရှိပါက အသက်အန္တရာယ်မှာလွတ်မြောက်နိုင်တဲ့ အတွက် အဆိပ်သင့်နေသူကို ဆေးရုံအရောက်ပို့ဖို့ အလွန်အရေးကြီးလှပါတယ်။

ဘယ်လို ကာကွယ် ကြမလဲ?

 

- ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ကိုင်တွယ် အသုံးပြု နေရသူများ ကို ဓာတုဆေးများ၏ အန္တရာယ် ကိုသေချာသိအောင် ပညာပေးခြင်း။

- ကိုင်တွယ်ရာတွင် လက်အိပ်များ၊ အကာအကွယ်များ ဖြင့်ကိုင်တွယ်ခြင်း။

- ကလေးများ လက်လှမ်းမမှီနိုင်သောနေရာတွင်ထားခြင်း၊

- တခြားဆေးပုလင်းများနှင့် ရောယှက်မထားပဲ စနစ်တကျ သိမ်းဆည်းခြင်း။

- အဆိပ်သင့်ခြင်း၏ အရေးပေါ်လက္ခဏာ များကို သိရှိထားပြီး ဆေးရုံကိုအရောက်ပို့ သင့်ကြောင်း သိရှိစေခြင်း

စသည့်အချက်တွေလုပ်ဆောင်ခြင်းဖြင့် ပိုးသတ်ဆေး အဆိပ်သင့်ခြင်းတွေဝေးအောင်၊ အဆိပ်သင့်ပါက အချိန်မှီ ကယ်တင်နိုင်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18