Print

အရေးပေါ်အသက်ကယ်နည်း

  30-Oct-2016
Preview Image

လူတိုင်း သိထားသင့်တဲ့ အရေးပေါ်အသက်ကယ်နည်းအကြောင်း ဖော်ပြပါရစေ။ အရေးပေါ်အသက်ကယ်နည်းဆိုတာ ကျန်းမာရေးဝန်ထမ်းတွေသာမက လူတိုင်းသိသင့်သိထိုက်တဲ့ နည်းတခုဖြစ်ပါတယ်။အမေရိကားမှာ အရေးပေါ် အသက်ကယ်နည်းကို အခြေခံကျန်းမာရေးအနေနဲ့ သင်ထားကြရတယ်။ ရုတ်တရက်အခြေအနေမှာ ဒီနည်းနဲ့ လူ့အသက်ကို ကယ်တင်နိုင်ပါတယ်။အရေးပေါ်အသက်ကယ်နည်းကို Cardiopulmonary Resuscitation(CPR) လို့ခေါ်ပါတယ်။ cardio ဆိုတာနှလုံး၊ pulmonary ဆိုတာ အဆုတ်၊ resuscitation ဆိုတာ ကယ်ဆယ်တာ။ ဒါကြောင့် နှလုံး၊အဆုတ်ကို ကယ်ဆယ်ခြင်းလို့ အဓိပ္ပါယ် ဖွင့်နိုင်ပါတယ်။ သတိလစ်မေ့မြောသူ၊ အသက််ရှူရပ်၊နှလုံးခုန်ရပ်သူတွေကို ဒီနည်းနဲ့ ကယ်တင်နိုင်တယ်။စီပီအာဟာ အခြေခံအသက်ကယ်နည်း(basic life support )တမျိုးဖြစ်ပါတယ်။ စီပီအာလုပ်ဖို့ တခြားပစ္စည်းကိရိယာအကူညီ မလိုအပ်ပါ။ အတွေ့အကြံုနှင့် နည်းစနစ်ကို စနစ်တကျ ကျွမ်းကျင်ဖို့သာ လိုအပ်သည်။ CPR အသက်ကယ်ဖို့ အင်္ဂလိပ်အက္ခရာ A, B, C က အရေးပါတယ်။

-A ဆိုတာ Airway -- အသက်ရှူလမ်းကြောင်းကို ပြောတာပါ။ ဆိုလိုချင်တာက အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ရှိ၊မရှိ အရင်စစ်ဆေးရတယ်။ ပိတ်ဆို့နေတာတွေ့ရင် ဖယ်ရှားရမယ်။

- B ဆိုတာ Breathing -- အသက်ရှူတာ ရှိမရှိ ကြည့်ရတယ်။ အသက်ရှူသလား သိအောင် လူနာရဲ့နှာခေါင်းနားကပ်ပြီး ဝင်သက်၊ ထွက်သက်ကို ခံစားကြည့်ရတယ်။ နားထောင်ကြည့်ရတယ်။ အကယ်၍ အသက်မရှူတော့ရင် mouth-to-mouth resuscitation နှုတ်ခမ်းခြင်း တေ့မှုတ်ပြီး အဆုတ်ကို ပြန်လည်လှုပ်ရှားလာအောင် ပြုလုပ်ပေးရတယ်။

- C ဆိုတာ Circulation -- သွေးလည်ပတ်မှု၊ သွေးခုန်နှုန်းကို ကြည့်ရတာပါ ။ C ဆိုတာတာနှလုံးခုန်မှုုနဲ့ သွေးလည်ပတ်မှုုကို စစ်ဆေးရမှာပါ။ လည်ပင်းမှာရှိတဲ့ carotid artery ကိုကြည့်ပြီး သိနိုင်ပါတယ်။ ခြေဖျားလက်ဖျားတွေအေးနေတာဟာ သွေးလည်ပတ်မှုမရှိလို့ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ရင်ညွန့်ရိုးပေါ်မှာ လက်ဖနောင့်နှစ်ခုကို ထပ်တင်ပြီး ဖိပါ။ လက်ကိုဆန့်ထားပါ။ တစ်မိနစ်လျှင် အကြိမ်တစ်ရာနှုုန်းဖြင့် ဖိရမယ်။ ၂ လက်မခန့်နိမ့်ဝင်သွားအောင် ဖိရပါမယ်။သွေးခုန်နှုန်းကိုသိဖို့ လက်ချောင်းထိပ်ဖျားတွေကို အသုံးဝင်တယ်။ အာရုံခံစားမှုအပိုင်းမှာ လက်ချောင်းထိပ်ဖျားက အလွန်ကောင်းမွန်တယ်။ အသက်ရှူမရှူလည်း လက်ချောင်းထိပ်ဖျားလေးတွေနဲ့ စမ်းသပ်နိုင်တယ်။ အသက်ရှူထုတ်တဲ့အခါ လေထဲမှာ ပါဝင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ထွက်လေက ပိုမိုပူနွေးလေ့ရှိတယ်။ လူနာတယောက် အသက်ရှူမရှူဆိုတာ လက်ချောင်းထိပ်နဲ့ အာရုံခံပြီး အလွယ်တကူ ပြောဆိုနိုင်ပါတယ်။

ဘယ်အချိန်မှာ အသုံးဝင်လဲ

လူတစ်ယောက်ရုတ်တရက် လဲကျပြီး လှုပ်ရှားမှုမရှိ၊အသက်မရှူတော့ဘူးဆိုရင် စီပီအာရ်အရေးပေါ်အသက်ကယ်နည်းက အင်မတန်အသုံးဝင်တယ်။ ပိုတိတိကျကျပြောရရင်

- ရုတ်တရက်နှလုံးဖောက်တဲ့အခါ၊

- ရေနစ်ပြီးအသက််ရှူရပ်တဲ့ အခါ၊

- အသက်ရှူလမ်းကြောင်းပိတ်ဆို့တဲ့အခါ၊

- လေဖြန်းတဲ့အခါ၊

- ရှောခ့်ရတဲ့အခါ၊

- ဆေးအလွန်အကျွံသာက်ပြီး သတိလစ်တဲ့အခါ၊

- ဓာတ်လိုက်တဲ့အခါ၊

- ဒဏ်ရာရပြီး(သို့)ကြောက်ပြီး သတိလစ်တဲ့အခါ၊

စတာမျိုးတွေမှာ CPRလုပ်လေ့ ရှိပါတယ်။

 

အရေးပေါ်အသက်ကယ်နည်း ပြုလုပ်ပုံအဆင့်ဆင့်

 

၁။ လဲကျသွားသော လူနာကို ရှေးဦးစွာ အန္တရာယ်ကင်းသောနေရာ၊အရိပ်ရသော နေရာသို့ရွေ့ပြောင်းပေးပါ။

၂။ လူနာကို ညီညာမာကျောသော ကြမ်းပြင်ပေါ်တွင် ပက်လက်ထားပါ။

၃။ အဝတ်အစားများ တင်းကြပ်နေပါက ဖြေလျှော့ပေးပါ။

၄။ ပြုစုကုသသူသည် လူနာ၏ဘေးတွင် ဒူးထောက်ထိုင်ချပါ။

၅။ မိမိ၏လက်ဖနောင့်ကို လူနာ၏ရင်ဘတ်အလယ်တည့်တည့်(ရင်ညွန့်ရိုး)တွင် ထားပါ။

၆။ ကျန်သောအခြားလက်တစ်ဖက်ဖြင့် အဆိုပါလက်ပေါ်သို့ ထပ်ပြီး အုပ်ကိုင်ပါ။

၇။ လက်နှစ်ဘက်ကို ဆန့်တန်းထား၍ လက်ဖနောင့်အားသုံးပြီး လူနာကို ဖိပေးပါ။ ဖိနေစဉ် မိမိအလေးချိန်ကို လက်နှစ်ဘက်ပေါ်သို့ သက်ရောက်စေသင့်သည်။

၈။ ရင်ဘတ်ပေါ် တစ်ခါဖိတိုင်း လူနာရင်ဘတ် နှစ်လက်မခန့် နိမ့်ဝင်အောင် ဖိသင့်ပေးသင့်သည်။ ဖိသည့်အကြိမ်အရေအတွက်ကို တစ်မိနစ် အကြိမ် ၁၀၀နှုန်းဖြင့် ပြုလုပ်ရမည်။

၉။ ရင်ဘတ်က်ို အကြိမ်သုံးဆယ်ဖိပြီးတိုင်း လူနာ၏ပါးစပ်ထဲသို့ လေမှုတ်သွင်းခြင်း နှစ်ခါပြုလုပ်ပေးပါ။(၃၀:၂)

၁၀။ လေမှုတ်သွင်းသည့်အခါ လူနာ၏ နှာခေါင်းကိုပိတ်ထားပြီး ၊မေးစေ့ကိုမ၍ ပါးစပ်ကို ဖွင့်ဟထားရမည်။ (ပါးစပ်မဟနိုင်လျှင် နှာခေါင်းမှ မှုတ်သွင်းပါ။)

၁၁။ မှုတ်သွင်းသည့်အခါ လေကိုကောင်းစွာ ရှူရှိုက်၍ လူနာ၏ပါးစပ်ကိုငုံမိအောင် ထားပြီး မှုတ်သွင်းပါ။(အချိန် တစ်စက္ကန့်အတွင်း နှစ်ကြိမ်ပြည့်အောင် မှုတ်သွင်းပေးသင့်သည်)

၁၂။ လေမှုတ်သွင်းနေစဉ် လူနာ၏ ရင်ဘတ်မို့မောက်လာမှ လုပ်နည်းမှန်ကန်သည်။

၁၃။ CPRကို နှစ်မိနစ်ခန့် လုပ်ပေးပြီးတိုင်း လူနာ၏အခြေအနေကို ပြန်လည်ဆန်းစစ်ရမည် ဖြစ်သည်။

၁၄။ လူနာ သတိမရမချင်း(သို့)လူနာတင်ယာဉ်မလာမချင်း ဆက်လက်လုပ်ဆောင်သွားသင့်သည်။

 

ကလေးငယ်များ အသက်ကယ်နည်း(တစ်နှစ်အောက်)

 

၁။ အသက်ရှူလမ်းကြောင်း စစ်ဆေးပြီး ပိတ်သည့်အရာများကို ဖယ်ရှားပေးပါ။

၂။ ကလေး၏ရင်ဘတ်(ရင်ညွန့်ရိုး)ပေါ်တွင် လက်မနှစ်ချောင်းအပြိုင်ထား၍ ဖိပေးပါ။

၃။ ဖိသည့်အကြိမ်အရေအတွက် တစ်မိနစ်လျှင် အကြိမ် ၂၀၀နှုန်းဖြင့် ဖိသင့်သည်။

၄။ တစ်ခါဖိလျှင် ရင်ဘတ်အောက် တစ်လက်မခန့် နစ်ဝင်အောင်ဖိပါ။(ကလေးကို ဖိစဉ် ကိုယ်ခန္ဓာအားသုံးရန် မလိုဘဲ လက်မအားနှင့်သာ ဖိပေးရမည်)

၅။ အကြိမ်သုံးဆယ်ဖိပြီးတိုင်း လေနှစ်ခါမှုတ်သွင်းပေးဖို့ မမေ့ပါနှင့်။(၃၀:၂)

၆။ လေမှုတ်သွင်းသည့် အခါ ပြုစုသူ၏ပါးစပ်သည် ကလေးငယ်၏ နှာခေါင်းသာမက ပါးစပ်ကိုပါ ငုံမိအောင် ထားပြီး မှုတ်သွင်းပေးသင့်သည်။

၇။ သင်၏ မှုတ်သွင်းနည်းမှန်ပါက ကလေးငယ်၏ ရင်ဘတ်မောက်တက်လာသည်ကို တွေ့ရမည်ဖြစ်သည်။

၈။ အသက်ကယ်နည်းကို ၂မိနစ်ခန့်(၅ကြိမ်)ကြာအောင်လုပ်ပြီး ကလေးငယ်၏အခြေအနေကို ပြန်လည်စမ်းစစ်သင့်သည်။

၉။ ဤနည်းအားဖြင့် လိုလျှင်လိုသလို ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်သည်။

 

ပြောင်းလဲလာသော သီအိုရီများ

 

ဒီနောက်ပိုင်း CPRလုပ်တဲ့အခါ နှလုံးကိုသာမက ဦးနှောက်ကိုပါ အဓိကထားလာကြပါတယ်။ သီအိုရီအရ ဦးနှောက်ဟာ တခြားအစိတ်အပိုင်းများထက် အောက်စီဂျင်ပြတ်တောက်မှုကို ပိုမို ခံစားလွယ်တယ်။ ဦးနှောက်ဆဲလ်တွေဟာ အောက်စီဂျင် ပြတ်တောက်မှုကို မိနစ်ပိုင်းထက် ပိုပြီးမခံပါ။ ဒါ့တင်မက နှလုံး၊အဆုတ်စသည့် အင်္ဂါအစိတ်အပိုင်းများသည် ဦးနှောက်၏ သိစိတ်မယ့် လှုံ့ဆော်မှုအောက်မှာ အလုပ်လုပ်နေကြတယ်။ ဒါ့ကြောင့် ဦးနှောက်ဟာ ပိုမိုအရေးပါလာတယ်။ ဒီနောက်ပိုင်း cardiopulmonary resuscitation အစား cardiocerebral resuscitation အဖြစ် ပြောင်းလဲသတ်မှတ်ဖွယ် ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိချိန်ထိ စီပီအာလုပ်ခြင်းဟာ လူ့အသက်ပေါင်းများစွာကို ကယိတင်နိုင်လို့ လူတိုင်း တတ်ထားသင့်တဲ့ အသက်ကယ်နည်းတခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

 

 

Ref: ဒေါက်တာ အေးမင်းထူး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18