Print

ဒေါသ ဘယ်လိုလျှော့မလဲ

  05-Aug-2019
Preview Image

ဒေါသသည် လူကို ကျန်းမာရေး ဆိုးကျိုးဖြစ်စေသော ကိုလက်စထရောဓာတ်များ သွေးထဲများသထက် များလာအောင် လုပ်နိုင်၏။ ကိုယ်ခံစွမ်းအားကို ကျဆင်းစေနိုင်၏။ အဆိုးဆုံးကား နှလုံးပါ ဖောက်ပြန်ကာ သေဆုံးသည်အထိ ဖြစ်စေနိုင်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဒေါသအပူမီးကို အပူရှိန်လျှော့ချတတ်ဖို့ အရေးကြီးသည်။ အပူရှိန် ဘယ်လိုလျှော့မလဲ အောက်မှာ အကြံပြုချက်လေးများ တင်ပြလိုပါသည်။

အသက်ပြင်းပြင်း သုံးခေါက်ရှူ။

အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်သည့်အခါ လူရောစိတ်ရော တင်းကျပ်နေတာများ လျော့ကျသွားသည်။ သွေးထဲမှာ အောက်ဆီဂျင် ဓာတ်တိုးလာသဖြင့် ဒေါသကြောင့် ထွက်ထားသော အဖျက်ဟိုမုန်းများကို ဆေးကြော သန့်စင်ပစ်လိုက်ရာ ရောက်သည်။ ထိုအခါ လူသည် သက်သောင့်သက်သာ ရှိသွားကာ ဒေါသအရှိန်လည်း ကျသွားသည်။ ဒေါသကြောင့် ကိုယ်တွင်း ပူလောင်နေမှုများလည်း အေးမြသွားသည်။

လက်သီးစွမ်း လျှောက်မပြပါနဲ့။
ဒေါသထွက်နေချိန်တွင် နံရံကိုဖြစ်ဖြစ် တစ်ခုခုကို လက်သီးစာ ကေ၊ွးလိုက်ရခြင်းသည် ဒေါသကို ပြေစေသည်ဟု လူများစုကြီး ယူဆတတ်ကြသည်။ တကယ်တမ်းတွင်ကား ဆန့်ကျင်ဖက်ဖြစ်၏။ လက်တွေ့လေ့လာမှုများ အရလည်း ဒေါသထွက်နေချိန်တွင် တစ်ခုခုကို လက်သီးနဲ့ ထိုးခြင်း၊ ခြေနဲ့ကန်ခြင်းသည် ဒေါသစိတ်ကို မလျော့စေရုံသာမက ပို၍ပင် မီးတောက်လာစေကာ ကိုယ့်ကို လူကြမ်းမင်းသား သရဖူသာ ဆောင်းပေးလိမ့်မည်။

မမေ့ပါနဲ့။ ဒေါသထွက်သူဟာ အရှုံးချည်းပါ။
ကိစ္စတစ်ခုမှာ ဘယ်သူမှန်မှန် ဘယ်သူမှားမှား ဒေါသထွက်သူဟာ အများအမြင်မှာ အမှားလုပ်သူဟု အလိုလို တံဆိပ် ကပ်ခံရမည်။ ကိုယ်ဒေါသထွက်ပြီး စိတ်လွတ်ကာ ပေါက်ကရတွေ အကုန်လျှောက်လုပ်နေရင် ဘယ်လို ဖြစ်သွားနိုင်လဲ စိတ်ကူးကြည့်ပါ။ ကောင်းကျိုး ရလဒ်ထွက်စရာ တစ်ခုမှ မရှိသည်ကို မြင်လိမ့်မည်။ ကိုယ့်အပြုအမူတွေကို အခွေ ပြန်ရစ်ကြည့်သလို နောက်ပြန်ရစ်ကြည့်ပြီး အကြမ်းအနု ပုံစံအမျိုးမျိုးမှာ ကိုယ့် ကိုယ့်ကိုယ် ထည့်ပြီး မြင်ယောင်ကြည့်ပါ။ ဒေါသနဲ့ ကြမ်းကြမ်း တမ်းတမ်း တုံ့ပြန်ခြင်းသည် မည်သည့် အခါတွင်မျှ အပြုသဘောဆောင် ရလဒ် မထွက်ကြောင်း ကောင်းကောင်း မြင်လိမ့်မည်။

အနီရောင် ဆိုင်းဘုတ် စိတ်ထဲ ထောင်ထားပါ။
လက်မှာ သားရေပင်ကွင်း ပတ်ထားပါ။ သို့မဟုတ် အလှဝတ်လို့ရသည့် ရာဘာကွင်းမျိုး ပတ်ထားပါ။ ဒေါသအိုး ဆူလာပြီမှန်း သတိထားမိသည်နှင့် သားရေပင်ကွင်းကို ဆတ်ခနဲဆွဲပြီး မိမိကိုယ်ကို သတိပေးပါ။ ဒေါသရှေ့မထားဖို့ မိမိကိုယ်ကိုယ် သတိပေးပါ။ စိတ်ထဲမှာလည်း ဒေါသမထွက်ရဟု မီးနီ ဆိုင်းဘုတ် ပြထားပါ။ စိတ်ကို နည်းနည်းလျှော့ပြီး အဖြစ်အပျက်တွေကို ခံစားချက်ဖယ်ကာ အချက်အလက် မူရင်းအတိုင်း မြင်နိုင်အောင် ကြိုးစားကြည့်ပါ။ ထိုအခါ ကိစ္စအတော်များများသည် မလိုအပ်ဘဲ ဒေါသထွက်နေမိခြင်း ဖြစ်ကြောင်း မြင်လာလိမ့်မည်။

ထိုင်ဒေါသ ထွက်မနေပါနဲ့။ ထပြီး တက်တက်ကြွကြွ နေပါ။
ထိုင်ဒေါသ ထွက်နေခြင်းသည် ဒေါသအိုးကို ပူသထက်ပူ၊ ဆူသထက် ဆူလာအောင် မီးထိုးခြင်းမည်၏။ စက်ဘီးဆွဲ အပြင်ထွက်ပြီး စိတ်ပြေ လက်ပျောက် စက်ဘီးစီးပါ။ လေကောင်း လေသန့်လည်း ရသည်။ ကျန်းမာရေးနဲ့လည်း ညီသည်။ သွေးလေ လည်ပတ်မှု ကောင်းသဖြင့် သွေးတွင်းက ဒေါသဆိပ်များလည်း ပြေလျော့သွားသည်။ အခြေအနေကို အရှိအတိုင်း သုံးသပ်ကာ စိတ်အေးအေး တုံ့ပြန်နိုင်မည်။ စက်ဘီးမစီးချင်လျှင် ခြံထဲဆင်း မြက်တွေ ရှင်းလိုက်ပါ။ ဒေါသထွက်နေသည့် အချိန်တွင် မြက်ရှင်းရခြင်းသည် အလုပ်ပိုပြီး၏။ လူလည်း ပင်ပန်းသွားကာ ဒေါသစိတ်လည်း ကျသွားမည်။ လှုပ်လှုပ်ရှားရှား လုပ်လိုက်သဖြင့် ကျန်းမာရေးနဲ့လည်း ညီညွတ်သည်။ အခြားသော ခပ်ပြင်းပြင်း ကိုယ်လက်လှုပ်ရှားမှုမျိုးတွေလည်း မိမိဉာဏ်ရှိသလို လုပ်နိုင်သည်။ တစ်ခုသတိပြုရန်မှာ အလုပ်ကို အာရုံစိုက်လုပ်ခြင်းမျိုးသာ ဖြစ်ရမည်။ နံရံလက်သီးနဲ့ ထိုးခြင်းကဲ့ သို့သော ကိုယ်လက် လှုပ်ရှားမှုမျိုးကား လှုပ်ရှားသည် မှန်သော်လည်း စိတ်သည် တစ်ဖက်သားကို ပျက်စီးစေချင်သော ဦးတည်ချက်ဖြင့် လှုပ်ရှားခြင်း ဖြစ်သောကြောင့် ဒေါသအိုးက ပိုဆူလာလိမ့်မည်။

သံစဉ်ပြောင်း။
သီချင်းနားထောင်ရတာ မကြိုက်သူ ခပ်ရှားရှားရယ်။ လူတစ်ကိုယ် သီချင်း အကြိုက်တစ်မျိုးစီတော့ ရှိကြသည်ချည်း ဖြစ်သည်။ ဒေါသထွက်နေလျှင် ချက်ချင်း ဝုန်းဝုန်းဒိုင်းဒိုင်း မတုံ့ပြန်ဘဲ ချောင်တချောင်ချောင်ကပ်ပြီး ကိုယ်ကြိုက်သည့် သီချင်းလေးတွေ နားထောင် နေလိုက်ပါ။ စိတ်ဒေါသ သံစဉ်မှသည် ကိုယ်ကြိုက်သည့် သီချင်းသံစဉ်များဆီကို ကူးပြောင်းလိုက်ပါ။ ပိုကောင်းသည်မှာ စိတ်ကြည်လင် နေချိန်များမှာ နည်းနည်းလောက် အချိန်ယူပြီး ဒေါသထွက်လျှင် ချက်ချင်းနားထောင်လို့ရအောင် သီချင်းလေးများ သီးသန့် စုထားလိုက်ပါ။ ယနေ့ စမတ်ဖုန်းများသည် အကောင်းဆုံးသော သီချင်းနားထောင် စက်များဖြစ်၏။ မိမိနားဆင်လိုသော သီချင်းများကိုလည်း အလွယ်တကူ အမျိုးအစားခွဲ စုထားလို့ရသည်။ ထိုသို့ ကြိုစုထားခြင်းဖြင့် ဒေါသထွက်လာလျှင် ဖုန်းဖွင့် နားကြပ်တပ်ပြီး အသင့်နားထောင်နိုင်သည်။ ဒေါသထွက်ခါမှ ဖုန်းထဲမှာ သီချင်းလိုက်ရှာနေရလျှင် မီးလောင်ရာ လေပင့်သည့်နှယ် ဖြစ်သွားမည်။

Credit : ကိုထိုက်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18