Print

အအေးမိဖျားနာနေပါသလား

  02-Aug-2019
Preview Image

နှာရည်တွေ တစ်ချိန်လုံး ကျနေမယ်။ ချောင်းဆိုးမယ်။ ဒါပေမဲ့ ဒီလက္ခဏာတွေဟာ အအေးမိခြင်းကြောင့်ဖြစ်တာ ဟုတ်ပါရဲ့လား။ တုပ်ကွေးကြောင့် (သို့) ဓာတ်မတည့်မှု တစ်ခုခုကြောင့်လည်း ဖြစ်နိုင်သေးတယ်ဆိုတာ သိစေချင်ပါတယ်။ ဒီလမှာတော့ ရိုးရိုးအအေးမိ နှာစေးချောင်းဆိုးခြင်း (Common cold) နဲ့ တုပ်ကွေးမိခြင်း (Flu) တို့အကြောင်း မျှဝေပေးချင်ပါတယ်။

အအေးမိခြင်းလက္ခဏာကတော့ …
၁။ နှာရည်ကျခြင်း၊ နှာပိတ်ခြင်း
၂။ လည်ချောင်းနာခြင်း
၃။ နှာချေခြင်း
၄။ ကိုယ်ပူချိန် 99.F အထက်နှင့် 101.F ကြား ကိုယ်ပူခြင်း (Mild & Moderate Fever)
၅။ ချောင်းဆိုးခြင်း
၆။ ခေါင်းကိုက်ခြင်း
၇။ အနည်းငယ်မောပန်းနွမ်းနယ်ခြင်း

အအေးမိခြင်းကို ကုသကြစို့

အအေးမိတာဟာ ပထမနှစ်ရက်ကနေ သုံးရက်အတွင်းမှာ ဆက်တိုက်ဖြစ်တတ်တာကြောင့် အိမ်မှာပဲ နားနေဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ် ပိုးဝင်လို့ ဖြစ်တာကြောင့် ဘက်တီးရီးယား ပိုးသတ်ဆေးတွေဟာ အအေးမိခြင်းကို ကုသဖို့ ထိရောက်တဲ့ အာနိသင်မရှိပါဘူး။ ဒါပေမယ့်လည်း ဆေးဆိုင်မှာ ဝယ်ယူလို့ရတဲ့ ဆေးဝါးတွေဖြစ်တဲ့ (antihistamin, decongestants, acetaminophen (paracetamol) နဲ့ စတီးရွိုက်မပါတဲ့ ရောင်ရမ်းနာကျင်မှု ပျောက်ဆေးများကတော့ အအေးမိခြင်းကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းအတွင်း ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းနဲ့ အခြားအအေးမိ လက္ခဏာဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ရေဓာတ် မဆုံးရှုံးအောင် အရည်များများ (ဓာတ်ဆား၊ ရေကျက်အေး၊ စွပ်ပြုတ်ရည်) သောက်သုံးပေးပါ။ အအေးမိတာကို မြန်မြန်သက်သာအောင် သဘာဝ အားဖြည့်ဆေးတွေဖြစ်တဲ့ ဇင့်ဓာတ်၊ ဗီတာမင်စီ စတာတွေကလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနိုင်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ အအေးမိဖျားနာခြင်းဟာ ပျောက်ကင်းသွားနိုင်ပါတယ်။ တစ်ပတ်သောက်တဲ့အထိ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသပါ။ ဓာတ်မတည့်ခြင်း (သို့) ဘက်တီးရီးယားပိုး ထပ်ဆင့်ဝင်ရောက်ခြင်း ဖြစ်တာမို့ လိုအပ်ရင် ဆရာဝန်မှ ဗက်တီးရီးယားပိုးသတ်ဆေးနဲ့ ဆက်လက်ကုသပေးပါလိမ့်မယ်။ မကြာခဏ ချောင်းဆိုးနေခြင်းကလည်း ရင်ကျပ်ပန်းနာ(သို့) လေပြွန်မကြီးရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်တာကြောင့် သေချာစစ်ဆေးဖို့ လိုပါတယ်။

အအေးမိဖျားနာခြင်းမှ ကာကွယ်ရန်

၁။ ရှောင်ကြဉ်ပါ။
ဘာကိုရှောင်ကြဉ်ရမလဲဆိုတော့ အအေးမိနေတဲ့သူဟာ လူကြီးဖြစ်နေခဲ့ရင် ကလေးငယ်တွေကို အနားပေး ပူးပူးကပ်ကပ်မနေပါစေနဲ့။ အသုံးအဆောင် ပစ္စည်းတွေကို သီးသန့်သုံးစွဲပေးပါ။ (ဥပမာ -သွားတိုက်တံ၊ မျက်နှာသုတ်ပဝါ)။ လူနေထူထပ်သောနေရာသို့ မသွားပါနဲ့။ ဖြစ်နိုင်လျှင် အိမ်မှာနားနေပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ လက်ကိုသတိထားပြီး ဆေးကြောပါ။ အထူးသဖြင့် နှာခေါင်း၊ မျက်စိနှင့် ပါးစပ်တို့ကို မကိုင်မီနှင့်ကိုင်ပြီတွင် သေချာသတိထား ဆေးကြောပါ။ ချောင်းဆိုး၊ နှာချေစဉ် လက်ကိုင်ပဝါ (သို့) လက်ဖမိုးဖြင့် ကာပြီးမှ ဆိုးပါ၊ ချေပါ။ ပြီးရင် လက်ကိုဆေးပါ။

တုပ်ကွေးမိခြင်း


Influenza (သို့) Flu လို့ခေါ်တဲ့ တုပ်ကွေးမိ ဖျားနာခြင်းမှာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ရောင်ရမ်းခြင်းဖြစ်ပါသည်။ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်းကြောင့်ဖြစ်ပြီး ဗက်တီးရီးယားပိုး ထပ်ဆင့်လည်း ဝင်ရောက်ခဲ့ရင်တော့ နမိုးနီးယားလို ပြင်းထန်တဲ့
အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ရင်ကျပ်ပန်းနာရောဂါ ရှင်တွေ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါရှိသူတွေလို ခုခံအားကျဆင်းနေသူတွေမှာ ပိုပြီးသတိထားရမှာ ဖြစ်ပါတယ်။ ရိုးရိုးအအေးမိဖျားနာတာနဲ့ မတူပါဘူး။ အအေးမိ ဖျားနာလာပါက ရာသီမရွေးဖြစ်တတ်ပြီး တုပ်ကွေးကတော့ ယျေဘုယအားဖြင့် ဆောင်းရာသီမှာ ဖြစ်လေ့ရှိပါတယ်။ influenza ဗိုင်းရပ်စ်အမျိုးအစား A, B နဲ့ C ဆိုပြီး ရှိပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် တုပ်ကွေးဖြစ်ပွားစေသော ရောဂါပိုးများ ကွာခြားတတ်တာကြောင့် ကာကွယ်ဆေးထိုးမယ်ဆိုရင် တစ်နှစ်တစ်ခါ ထိုးဖို့လိုပါတယ်။

တုပ်ကွေးနဲ့လက္ခဏာတွေကတော့ …
၁။ ချောင်းခြောက်ဆိုးခြင်း
၂။ ကိုယ်ပူခြင်း၊ ခြွင်းချက် - (တုပ်ကွေးဖြစ်သူတိုင်း အဖျားမကြီးနိုင်ပါ)
၃။ လည်ချောင်းနာခြင်း
၄။ ချမ်းတုန်ခြင်း
၅။ ကိုယ်လက်များ ပြင်းထန်စွာ ကိုက်ခဲခြင်း
၆။ ခေါင်းကိုက်ခြင်း
၇။ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း (နှစ်ပတ်ခန့်ကြာမြင့်နိုင်)


အချို့သောသူတွေမှာ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းများကို ခံစားနိုင်ပါတယ်။ တုပ်ကွေးဖြစ်ခြင်း အမြန်ဆုံး သက်သာစေဖို့ အကောင်းဆုံးနည်းကတော့ အနားယူပြီး ရေဓာတ်များများ ဖြည့်ပေးဖို့ပါပဲ။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ibuprofen, paracetamol, antihistamine ပါဝင်တဲ့ ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ Aspirin ကိုတော့ လုံးဝမသောက်သုံးသင့်ပါဘူး။
၁။ တုပ်ကွေးဖြစ်သူဟာ အသက် ၅ဝ ကျော်မယ်
၂။ ကိုယ်ဝန်ဆောင် မိခင်လောင်းဖြစ်မယ်
၃။ အသက် ၂ နှစ်အောက်ကလေးဖြစ်မယ်
၄။ HIV, AIDS ဝေဒနာရှင်တွေဖြစ်မယ်၊ စတီးရွိုက် ဆေးမှီဝဲနေသူဖြစ်မယ်၊ ကင်ဆာကုထုံးယူနေရသူ ဖြစ်မယ်၊
၅။ နာတာရှည်အဆုတ်ရောဂါ၊ နှလုံးရောဂါရှိသူဖြစ်မယ်၊
၆။ ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါ ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။
၁။ အသက်ရှူခက်ခဲလာခြင်း
၂။ လည်ချောင်းနာတာ ပိုပြင်းထန်လာခြင်း
၃။ ချောင်းဆိုးစဉ် ချွဲသလိပ် အစိမ်းရောင်ထွက်ခြင်း
၄။ အဖျားကြီး၍ ကိုယ်ပူလုံးဝမကျခြင်း
၅။ ရင်ဘတ်ထဲတွင် မအီမသာခံစာရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကလေးတွေမှာ …
၁။ အသက်ရှူရခက်ခဲလာခြင်း
၂။ ဂနာမငြိမ်ဖြစ်လာခြင်း
၃။ မလှုပ်ရှားချင်ဖြစ်ခြင်း
၄။ အစာမစားချင်၊ မသောက်ချင်ဖြစ်ခြင်း
၅။ မှိန်းနေခြင်းစတဲ့ လက္ခဏာတွေ ဖြစ်လာရင် အမြန်ကုသမှုခံယူပါ။

Credit : ဒေါက်တာခင်မိုးမိုးအောင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18