Print

စတီးရွိုက်စားဆေးများနှင့် အရေပြားပြဿနာ

  08-May-2018
Preview Image

• စတီးရွိုက်ဆေးတွေဟာ လိမ်းဆေးတင်မက သောက်ဆေးမှာလည်းမသုံးတတ်ရင် အန္တရာယ်ရှိပါတယ်။ စတီးရွိုက်ဆေးတွေကို တလွဲအသုံးပြုမှု၊ မလိုအပ်ပဲသုံးစွဲမှု၊ ဆေးအချိန်အဆ မမှန်ကန်မှုတွေကြောင့် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို မလိုအပ်ပဲ ခံစားကြရပါတယ်။


• စတီးရွိုက်လိမ်းဆေးတွေ အမျိုးမျိုး အထွေထွေရှိသလို စတီးရွိုက်သောက်ဆေးတွေလည်း မျိုးစုံအောင် ရှိပါတယ်။ ပရက်နီဆိုလုံး(Prednisolone)၊ ဒက်ဆာလို့အသိများတဲ့ ဒက်ဆာမီသာဆုံး (Dexamethasone)၊ မီသိုင်းပရက်နီဆိုလုံး (Methylprednisolone)၊ ထရိုင်အင်စီနိုလုံး(Triamcinolone) စတဲ့ သောက်ဆေးတွေရှိပါတယ်။


• ဆေးပညာမှာဒီဆေးတွေက မရှိမဖြစ်ကို သုံးနေကြရတဲ့ ဆေးပါ။ အလာဂျီလို့ခေါ်တဲ့ ဓာတ်မတည့်တဲ့ ပြဿနာလောက်ကစပြီး SLE ဆိုတဲ့ အော်တိုအင်မျူး (Autoimmune) ရောဂါများအထိ မြောက်မြားစွာသော ရောဂါတွေ ကုသရာမှာ သုံးနေရပါတယ်။ အရေပြားရောဂါတွေမှာဆိုရင် အရည်ကြည်ဖုတွေပေါက်ပြီး အရေပြားရောင်တဲ့ရောဂါ (Bullous Dermatoses) တို့၊ အနာကြီးရောဂါ အပြင်းအထန်ကန်တဲ့အခါတို့မှာ ဒီဆေးတွေကို မဖြစ်မနေကို သုံးနေရပါတယ်။


• ဒီဆေးတွေက လူနာကို မညွှန်းခင် လူနာမှာ သွေးတိုးရှိမရှိ၊ အစာအိမ်နာရှိမရှိ၊ ဆီးချိုရှိမရှိ၊ ဝက်ရူးပြန်ရောဂါရှိမရှိ၊ မျက်စိရေတိမ်ရှိမရှိ၊ ဂျွတ်ပွေးနာဆိုတဲ့ ဆိုရီးယားစစ် အရေပြားရောဂါရှိမရှိ၊ တီဘီရောဂါရှိမရှိ စတာတွေကို စိစစ်မှုပြုရပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီရောဂါတွေ အခံရှိရင် ဒီဆေးတွေ သုံးခြင်းအားဖြင့် ပိုဆိုးသွားတတ်လို့ပါပဲ။ နောက်တစ်ခု သတိထားရမှာက စတီးရွိုက်စားဆေးတွေ သုံးစွဲနေစဉ်ကာလမှာ တတ်နိုင်သမျှ ကာကွယ်ဆေး(Vaccine) တွေ မထိုးမိ၊ မသောက်မိဖို့ပါပဲ။ ကိုယ်ဝန်ဆောင်မိခင်ကိုလည်း အလွန်လိုအပ်မှသာ ဒီဆေးတွေသုံးရမှာပါ။


• ဒီဆေးမျိုးတွေဟာ ပေးသင့်တဲ့အချိန်အဆထက် ပိုသွားတဲ့အခါ၊ ပေးရမယ့်ကာလထက် ကြာသွားတဲ့အခါမျိုးမှာ မလိုလားအပ်တဲ့ဆိုးကျိုးတွေ ပေါ်တတ်ပါတယ်။ အဓိကအချက်ကတော့ (Hypercorticalism) ဆိုတဲ့ သွေးထဲမှာကော်တီဇုန်းဓာတ်တွေ များတဲ့ကိစ္စကြောင့်ပါ။


• စတီးရွိုက်လိမ်းဆေးတွေရဲ့အရေပြားပြဿနာတွေနဲ့ခပ်ဆင်ဆင်တူတာတွေရှိပါတယ်။ ဥပမာ အရေပြားအကြောပြတ်တာမျိုး၊ ကိုယ်ဝန်ဆောင်စဉ်မှာလို ဗိုက်ကြောပြတ်တာတွေပါ။ Striae လို့ဆေးပညာမှာခေါ်ပေမဲ့ အရပ်အခေါ် အကြောပြတ် (Stretch Mark) တယ်ပေါ့။ ချိုင်း၊ ပေါင်နဲ့တံကောက်ကွေး စတဲ့နေရာတွေမှာ အတွေ့များပါတယ်။ အဲဒီလို အရေပြား အကြောပြတ်သွားပြီးရင် နဂိုအတိုင်းပြန်ကောင်းဖို့ သိပ်မလွယ်ပါဘူး။


• စတီးရွိုက်သောက်ဆေးများ လေသောက်လေ ဝက်ခြံတွေ များများပေါက်နိုင်လေပါပဲ။ စတီးရွိုက်ဝက်ခြံပေါ့ (Steroid Acne)။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ နောက်ကျော အပေါ်ပိုင်းတွေမှာ အတွေ့များပါတယ်။ ထူးခြားတာက ရုတ်တရက်ပေါ်လာတာဖြစ်ပြီး ဝက်ခြံဖုတွေဟာ တစ်ခုနဲ့တစ်ခု ပုံသဏ္ဌာန် ရှိနေတာပါပဲ။


• စတီးရွိုက်ဆေးတွေ သောက်နေတဲ့ကာလမှာ အဲဒီပုဂ္ဂိုလ်ဟာ အနည်းနဲ့အများ ကိုယ်ခံအား ကျဆင်းသွားပါတယ်။ အဲဒီလို ကိုယ်ခံအားကျသွားတော့ ကူးစက်ရောဂါတွေ အလွယ်တကူ ဝင်ရောက်စွဲကပ်တော့တာပါပဲ။ ဥပမာ- အရေပြားမှိုပေါ့။ အထူးသဖြင့် ကန်ဒီဒါ (Candida) ဆိုတဲ့ အရေပြားမှိုပါ။ မှက္ခရုတွေပေါက်မယ်၊ ညှင်းတွေပေါက်မယ်။ လက်သည်းခြေသည်းလည်း မှိုစွဲလွယ်ပါတယ်။ နောက်ပြီးဗက်တီးရိးယားတွေ ဝင်ပြီးအနာစိမ်းတွေလည်း ပေါက်တတ်ပါတယ်။ အနာရှိရင်လည်း အကျက်နှေးပါတယ်။ ဒါကြောင့် စတီးရွိုက်ဆေးကို ရေရှည်သောက်နေရတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးကောင်းဖို့ အရေးကြီးပါတယ်။


• စတီးရွိုက်သောက်ဆေးတွေ အလွန်အကျွံ သောက်ထားတဲ့သူမှန်း မြင်ရုံနဲ့သိသာတာကတော့ Moon Face လို့ခေါ်တဲ့ ပါးနှစ်ဖက်က ဝဝဝိုင်းဝိုင်းနဲ့ ပြည့်အစ်နေတဲ့ မျက်နှာပါပဲ။ လပြည့်ဝန်းနဲ့တူလို့Moon Face လို့ခေါ်တာပေါ့။ နောက်ပြီးနောက်ကျောဘက်အပေါ်ပိုင်းမှာ အဆီတွေစုနေလို့ Buffalo Hump လို့တောင် ခေါ်ကြပါတယ်။ ကျွဲပခုံးပေါ့။ ဒီလိုပဲ လည်ပင်းတို့ ဗိုက်တို့မှာလည်း ဖောင်းကြွပြီး ဖောသွပ်သွပ်နဲ့ပါ။ ခြေတွေလက်တွေကတော့ ပုံမှန်အတိုင်း မပြောင်းလဲပါဘူး။


• မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်မှာ မွေးညှင်းနုလေးတွေ ရှည်ထွက်လာပါတယ်။ ဆေးပညာအရ Hypertrichosis လို့ခေါ်ပါတယ်။ ထူးဆန်းတာက အဲဒီလို မွေးညှင်းနုတွေ ရှည်ထွက်လာပေမဲ့ ဥိးခေါင်းက ဆံပင်တွေကျတော့ သိသိသာသာကိုပါးသွားတတ်ပါတယ်။


• စတီးရွိုက်သောက်ဆေးတွေ အများအပြားသောက်ထားတဲ့ သူတွေမှာ အသားအရေဟာ ညိုညစ်ညစ်ရှိတတ်ပါတယ်။ ပုံမှန်ထက်အရေပြားဟာ ပါးသွားပြီးနည်းနည်းပါးပါး ထိခိုက်မိတာနဲ့ သွေးခြည်ဥတတ်ပါတယ်။ အသားအရေဟာလည်း ပုံမှန်အစိုဓာတ် ထိန်းသိမ်းမှုနည်းသွားပြီး ကြမ်းတမ်းခြောက်သွေ့နေတတ်ပါတယ်။


• စတီးရွိုက်ဆေးကြောင့် အရေပြားပျက်စီးရပေမဲ့ဒီစတီးရွိုက်ဆေးနဲ့ပဲ အရေပြားရောဂါအမျိုးမျိုးကို ကုသပေးရတာမျိူးလည်း ရှိပါတယ်။ ဒီအခါမှာ ရောဂါအခြေအနေနဲ့ ဆေးအချိန်အဆကို စဉ်ဆက်မပြတ် ဂရုစိုက်ပြီး ချိန်ဆပေးရပါမယ်။


• ဂျွတ်ပွေးနာလို့ခေါ်တဲ့ ဆိုရီးယားစစ် (Psoriasis) ရောဂါမှာ စတီးရွိုက်စားဆေးကို ယေဘုယျအားဖြင့် မသုံးပါဘူး။ တချို့ကျတော့ ဒီစတီးရွိုက်စားဆေးတွေကို မိမိသဘောနဲ့ရေရှည်စွဲပြီး သောက်နေတော့တခြား အရေပြားပြဿနာတွေ တစ်ခုပြီးတစ်ခုပေါ်လာတော့တာပေါ့။ ဒက်ဆာဆိုတဲ့ စားဆေးသောက်ဆေးတွေနဲ့ ကုနေကြတာတွေရှိပါတယ်။ ဒက်ဆာဆိုတာ အလွန်ပြင်းတဲ့ စတီးရွိုက်ဆေးပါပဲ။ မသုံးတတ်ရင် ဘေးအန္တရာယ် ကြီးပါတယ်။


• တကယ်တော့ စတီးရွိုက်ဆေးတွေ မတန်တဆသုံးခဲ့ရင် တခြားသော ကိုယ်အင်္ဂါ မြောက်မြားစွာမှာလည်း ထိခိုက်မှုတွေရှိပါတယ်။ ဥပမာ အစာအိမ်နာမယ်၊ သွေးတိုးမယ်၊ ကြွက်သားအားနည်းမယ်၊ ဆီးချိုကိုပိုဆိုးမယ်၊ မျက်စိတိမ်စွဲမယ်၊ အရိုးပွမယ် စသဖြင့်အများကြီးရှိပါတယ်။


• သုံးတတ်ရင်အကျိုးရှိတဲ့ဆေးပေမဲ့ လွန်သွားရင် အန္တရာယ်ကြီးလွန်းတာကြောင့် တလွဲသုံးတာတွေ၊ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ အတိုင်းအဆမရှိ သုံးနေတာမျိုးတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။


Credit: ဒေါက်တာကျော်ကျော်(အရေပြားအထူးကု)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18