Print

ဆီးချိုသွေးချိုရှိသူများအတွက် အရေပြား ထိန်းခြင်း၊ စောင့်ရှောက်နည်းများ

  19-Apr-2018
Preview Image

သင့်မှာ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါရှိပါက ခန္ဓာကိုယ်တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးကို ဂရုစိုက်ရသလို အရေပြားကို ဂရုစိုက်ဖို့လည်းလိုပါတယ်။ အာရုံကြောတွေ ပျက်စီးတာကြောင့် ထုံတာ၊ ကျဉ်တာတွေအပြင် သွေးတွင်း သကြားဓာတ်များတာ၊ သွေးလှည့်ပတ်မှု မကောင်းတာတွေကြောင့် ပိုးဝင်နိုင်ခြေများပြီး အနာကျက်လည်း နှေးလို့ ခြေထောက်နဲ့ လက်တွေမှာ ထိခိုက်ဒဏ်ရာရနိုင်ခြေ ပိုများပါတယ်။ အမျိုးအစား ၂ ဆီးချိုသွေးချိုရှိသူတွေရဲ့ သုံးပုံတစ်ပုံ အရေပြားပြဿနာတွေ ဖြစ်ပွားတတ်ကြပါတယ်။ ပြဿနာအများစုကို နေ့စဉ် အရေပြားထိန်းသိမ်းစောင့်ရှောက်မှုတွေကို ပြုလုပ်ပေးရုံနဲ့ ကာကွယ်နိုင်ပါတယ်။


ပြုလုပ်ပေးသင့်သောနေထိုင်မှုပုံစံများ


(၁) သွေးတွင်း သကြားပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းပါ


သွေးတွင်း သကြားဓာတ်များနေတာက အရေပြားခြောက်သွေ့တာ၊ ကွဲအက်တာတွေ ဖြစ်စေပြီး ပိုးမွှားတွေ ဝင်ရောက်ဖို့ တံခါးဖွင့်ပေးနေသလိုပါပဲ။ ဒါ့အပြင်ရောဂါပိုးမွှားတွေ ဝင်ရောက်လာပြီဆိုရင်လည်း ခန္ဓာကိုယ်က တိုက်ထုတ်နိုင်ဖို့ အလွန်ပဲ ခက်ခဲပါတယ်။ သင့်မှာ ဆီးချိုသွေးချိုရောဂါရှိပါက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းတာ၊ အရေပြားဆရာဝန်နဲ့ ပြသစစ်ဆးတာတွေကို ပြုလုပ်သင့်ပါတယ်။


(၂) သွေးဖိအားကို ထိန်းချုပ်ပါ


ဆီးချိုသွေးချိုရှိသူတွေဟာ သွေးဖိအားလည်း မြှင့်တက်ကြပြီး အရေပြားပေါ်သက်ရောက်မှု ရှိတတ်ကြပါတယ်။ သွေးဖိအားလျော့နည်းအောင် ဆေးဝါးသောက်သုံးတာ၊ လေ့ကျင့်ခန်းလုပ်တာတွေ ပြုလုပ်သင့်ပါတယ်။ သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအား ပုံမှန်ပြန်ဖြစ်သွားပါက အရေပြားဆီ သွေးစီးဆင်းမှုကောင်းသွားလို့ အရေပြားပြဿနာတွေ ဖြစ်ပွားမှုမှ တားဆီးနိုင်မှာ ဖြစ်ပါတယ်။ 


(၃) ရေပူပူ ချိုးခြင်းမှ ရှောင်ကြဉ်ပါ


ရေနွေးနွေးနဲ့ ရေချိုးတာက အရေပြားခြောက်သွေ့မှုကို ဖြစ်စေလို့ ဆီးချိုသွေးချိုရောဂါရှိသူတွေ မချိုးသင့်ပါ။ ရေစိမ်ချိုးတတ်သူတစ်ယောက် ဖြစ်မယ်ဆိုရင်လည်း ၁၀-၁၅ မိနစ်ထက်ပိုပြီး စိမ်မချိုးသင့်ပါ။ ဆီးချိုသွေးချိုကြောင့် အာရုံကြောထိခိုက်နေသူတွေမှာ အပူလောင်တာ ဖြစ်နိုင်ခြေပိုများပါတယ်။


(၄) အစိုဓာတ်ဖြည့်ပေးပါ


ပုံမှန် အစိုဓာတ်ဖြည့်ပေးပါက အရေပြားခြောက်သွေ့မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆီးချိုသွေးချိုရှိသူတွေအတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ရွေးဝယ်ပြီး လိမ်းမယ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။ 


(၅) အရေပြားကို သန့်စင်ပြီး ခြောက်သွေ့အောင်ထားပါ


အရေပြားစိုစွတ်ပြီး အလင်းရောင်နည်းနိုင်တဲ့ နေရာတွေဖြစ်တဲ့ ချိုင်းကြား၊ ရင်သားအောက်ဘက်၊ ပေါင်ခြံ၊ ခြေချောင်းကြားစတဲ့ နေရာတွေက မှိုပိုးတွေ တွယ်နိုင်ခြေများပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါ အဲဒီနေရာတွေကို သေချာစွာ သန့်စင်ပါ။ ပြီးတဲ့အခါ တဘက်နဲ့ခြောက်သွေ့အောင် ရေသုတ်ဖို့လိုပါတယ်။ 


(၆) ရာသီဥတု အပူ၊ အအေးကို ဂရုပြုပါ


အေးတဲ့ရာသီဥတုမှာ နှုတ်ခမ်းဆိုးဆေးအဆီဆိုးပေးတာက နှုတ်ခမ်းသားတွေ ခြောက်သွေ့မှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ပူအိုက်တဲ့ရာသီဥတုမှာဆိုရင်လည်း နေလောင်တာမျိုးတွေ မဖြစ်အောင် နေရောင်ကာခရင်မ်ကို လိမ်းပေးဖို့ လိုပါတယ်။ 


(၇) ရေများများသောက်ပါ


ကဖင်းနဲ့ အချိုရည်တွေက အရေပြားကျန်းမာရေးအတွက် မကောင်းတာကြောင့် အဲဒါတွေအစား ရေများများသောက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တဲ့အခါ ဗေစိုပရက်စင် ဟော်မုန်းမြင့်မားလာပြီး အသည်းက သွေးတွင်းကို သကြားဓာတ်ကို ပိုမိုထုတ်လုပ်ပါတယ်။ 


(၈) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားသုံးပါ


ပြည့်ဝဆီပါဝင်မှု နည်းတာ၊ ကောက်နှံတစ်ခုလုံးပါဝင်တာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာပါ။ သို့သော် သစ်သီးခြောက်တွေမှာ သကြားပါဝင်မှု မြင့်မားတာကြောင့် ဆီးချိုသွေးချိုရှိသူတွေ မစားသင့်ပါ။ 


(၉) ပြင်းအားများတဲ့ အသုံးအဆောင်ပစ္စည်းတွေကို မသုံးသင့်ပါ


ဆီးချိုသွေးချိုရှိသူတွေအနေနဲ့ ဆပ်ပြာ၊ အစိုဓာတ်ထိန်းခရင်မ် စတာတွေကို သုံးတဲ့အခါ ဓာတုပစ္စည်းပါဝင်မှုများတဲ့၊ ပြင်းအားများတဲ့ ပစ္စည်းတွေကို မသုံးသင့်ပါ။ ဓာတ်မတည့်မှုတွေဖြစ်ပြီး အရေပြားကို ထိခိုက်နိုင်တာကြောင့်ပါ။ 


(၁၀) ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ


ဆီးချိုသွေးချိုရှိသူတွေဟာ အနာကျက်နှေးကြီး ပိုးဝင်ကူးစက်နိုင်ခြေ မြင့်မားတာကြောင့် ထိခိုက်ဒဏ်ဖြစ်လာပြီဆိုရင် ဆရာဝန်ထံပြသပြီး ကုသမှုကို ချက်ချင်းခံယူသင့်ပါတယ်။ ပြတ်ရှဒဏ်ရာ ဒါမှမဟုတ် ပိုးဝင်တာတွေ ဖြစ်လာပြီး နှစ်ရက်ထက် ကြာလာတဲ့အခါ အဲဒီဒဏ်ရာက ပိုပြန့်လာပြီး ဖျားတာတာပါ။ တွဲပြီးဖြစ်လာခဲ့ရင် ပိုဆိုးလာတဲ့လက္ခဏာဖြစ်တာကြောင့် ဆရာဝန်နဲ့ မပြသင့်ပါဘူး 


(၁၁) ခြေထောက်ကိုနေ့စဉ်စစ်ဆေးပါ


ဆီးချိုရောဂါရှိသူတွေမှာ သွေးစီးဆင်းမှုကလည်း အားနည်းနေတာကြောင့် ထိခိုက်မိတဲ့နေရာတွေမှာ ပိုးဝင်လွယ်တာ၊ အနာကျက်နှေးတာတွေကြောင့် အရေပြားပုပ်လွယ်ပြီး တခြားနောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ခြေထောက်ကို သေချာစွာ သန့်စင်ပေးပြီး စစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် ခြေမနဲ့ ခြေညိုးကြားနေရာကို သေချာစွာ စစ်ဆေးကြည့်ရှုဖို့ လိုပါတယ်။


ဆီးချိုသွေးချိုရောဂါရှိပြီဆိုရင် အရေပြားပြဿနာတွေလည်း တစ်ချိန်မဟုတ်တစ်ချိန် ရင်ဆိုင်ရနိုင်တယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ ဒါကြောင့် အရေပြားပြဿနာတွေ ဖြစ်လာတဲ့အခါ အလွယ်တကူ အသုံးပြုနိုင်ဖို့ ပိုးသတ်ဆေး၊ ပတ်တီး၊ စက္ကူတိပ်စတာတွေကို အိမ်မှာ အဆင်သင့်ဆောင်ထားဖို့ လိုပါတယ်။


Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18