Print

ဆီးချိုသွေးချိုရောဂါနှင့် ဆက်နွှယ်နေတတ်သော အရေပြားအခြေအနေများ

  27-Jan-2018
Preview Image


ဂုတ် (သို့) ကျောအပေါ်ပိုင်းတွင် ဖြစ်ပွားတတ်သော အရေပြားထူလာခြင်း ဖြစ်ပါသည်။ အရေပြားအစိုဓာတ်ထိန်းလိမ်းဆေးများသည် အရေပြားပြန်လည်ပျော့ပျောင်းလာအောင် ကူညီပေးနိုင်သော်လည်း အဓိကလိုအပ်သော ကုသမှုမှာ သွေးအတွင်း ဂလူးကို့စ်ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းရန်ဖြစ်ပါသည်။ 


ခရုသင်း

 ဆီးချိုသွေးချိုရောဂါရှင်အချို့တွင် ခရုသင်းဖြစ်ပွားတတ်ပါသည်။ ရင်ဘတ်နှင့်ဝမ်းဗိုက်တွင် ဖြစ်ပွားသည်ကို အတွေ့ရများပြီး မျက်နှာပြင် (ပါးစပ်၊ နှာခေါင်းပေါက်များနှင့် မျက်လုံးများတစ်ဝိုက်) ပေါ်တွင်လည်း တွေ့ရတတ်ပါသည်။ 


Acanthosis nigricans 

 အရေပြားခေါက်နေသော နေရာများတွင် ဖြစ်ပွားသော အရေပြားအရောင်ရင့်လာခြင်းနှင့် အရေပြားထူလာခြင်း ဖြစ်ပါသည်။ အရေပြားသည် ညို သို့မဟုတ် မည်းလာပြီး အနည်းငယ် မြင့်တက်လာကာ ကတ္တီပါစနှင့်တူလာသည်ဟု ရည်ညွန်းကြလေ့ရှိပါသည်။ လည်ဂုတ်၊ ချိုင်းကြား၊ ရင်သားများအောက်နှင့် ပေါင်ခြံတို့တွင် အတွေ့ရများပါသည်။ ရံဖန်ရံခါ လက်ဆစ်များပေါ်တွင်လည်း တွေ့ရတတ်ပါသည်။ များသောအားဖြင့် အဝလွန်နေသောသူများတွင် ဖြစ်လေ့ရှိပါသည်။ ပျောက်ကင်းမည်ဟု အာမခံနိုင်သောကုသမှု မရှိသေးပါ။ ကိုယ်အလေးချိန်လျှော့ချခြင်းသည် ဤအခြေအနေကို သက်သာစေနိုင်ပါသည်။ Acanthosis nigricans သည် ဆီးချိုသွေးချိုရောဂါ မဖြစ်ပွားမီ ကြိုတင်ဖြစ်ပွားတတ်လေ့ရှိပါသည်။ Acanthosis nigricans သည် အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်မှုမပြုခြင်း၏ ပြယုဂ်တစ်ခုလည်း ဖြစ်တတ်ပါသည်။ 


သွေးကြောများကျဉ်းလာခြင်းနှင့်ပတ်သက်သော အရေပြားရောဂါ

 သွေးကြောများ ကျဉ်းလာခြင်း၏ အဓိကအကြောင်းရင်းမှာ သွေးကြောနံရံများတွင် အဆီဖတ်များကပ်ရာမှ တဖြည်းဖြည်း သွေးကြောနံရံများ ထူလာခြင်းကြောင့် ဖြစ်ပါသည်။ နှလုံးသွေးကြောကျဉ်းခြင်းသည် အရေပြားသွေးကြောများတွင်လည်း ဖြစ်ပွားပါသည်။ အရေပြားသွေးကြောများ ကျဉ်းလာသောအခါ အရေပြားသို့ အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းလာ ပါသည်။ ထိုအခါအမွေးအမှင်များလျော့နည်းလာခြင်း၊ အရေပြားပါး၍ ကြည်လာခြင်း (ခြေသလုံးအရေပြားတွင် အတွေ့ရများပါသည်) ခြေသည်းများထူပြီး အရောင်ပြောင်းလာခြင်းနှင့် အရေပြားအေးခြင်းများ ဖြစ်လာတတ်ပါသည်။ ခြေထောက်အရေပြားများ ထိခိုက်ဒဏ်ရာရသောအခါ အနာကျက် နှေးလာခြင်းများလည်း ဖြစ်လာတတ်ပါသည်။ 


Necrobiosis lipoidica diabeticorum

 Necrobiosis lipoidica diabeticorum သည် အရေပြားအောက်ရှိ collagen နှင့် အဆီများ ပြောင်းလဲမှုကြောင့် ဖြစ်ပါသည်။ ထိုပြောင်းလဲမှုဖြစ်သော နေရာတွင် အပေါ်ယံအရေပြားသည် ပါးပြီး နီရဲလာပါသည်။ ခြေသလုံးအောက်ပိုင်းတွင် အဖြစ်များပြီး ထိခိုက်မိပါက အနာဖြစ်လာတတ်ပါသည်။ Necrobiosis lipoidica diabeticorum ဖြစ်ပွားရာ အရေပြားနှင့် ပုံမှန်အရေပြားကြားတွင် တိကျသော အနားသတ်ရှိလေ့ရှိပါသည်။ တစ်ခါတစ်ရံ ယားယံတတ်ပြီး တစ်ခါတစ်ရံ နာကျင်တတ်ပါသည်။ အနာမဖြစ်လျှင် ကုသမှု့ပြုရန် မလိုသေးပါ။


Diabetic dermopathy

 ခြေသလုံးအစက်များ (Shin spots) ဟု ခေါ်ကြပါသည်။ အရေပြားသွေးကြောများ ပြောင်းလဲမှုကြောင့် ဖြစ်ပွားသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အဝိုင်း သို့မဟုတ် ဘဲဥပုံအစက်များဖြစ်ပြီး ခြေသလုံးအောက်ပိုင်းတွင် တွေ့ရလေ့ရှိပါသည်။ နာကျင်မှုမရှိတတ်ဘဲ တစ်ခါတစ်ရံ ယားယံခြင်း၊ ပူခြင်းစသည်တို့ ခံစားရတတ်ပါသည်။ ယေဘုယျအားဖြင့် ကုသမှုပြုရန် မလိုပါ။


Digital sclerosis

 Digital sclerosis သည် ခြေချောင်းများ၊ လက်ချောင်းများနှင့် လက်များရှိ အရေပြားထူပြီး တင်းလာခြင်းဖြစ်ပါသည်။ လက်ချောင်းဆစ်များ တောင့်တင်းနေခြင်းလည်း တွေ့ရတတ်ပါသည်။ အရေပြားအစိုဓာတ်ထိန်းသိမ်းဆေးများသည် အရေပြားပြန်လည်ပျော့ပြောင်းလာအောင် ကူညီပြီး အဓိကကုသမှုမှာ သွေးအတွင်းဂလူးကို့စ်ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းရန် ဖြစ်ပါသည်။


Disseminated granuloma annulare

 လက်စွပ်ပုံ သို့မဟုတ် စက်ဝိုင်းခြမ်းပုံတွေ့ရသော အရေပြားအခြေအနေတစ်ခုဖြစ်ပါသည်။ များသောအားဖြင့် လက်ချောင်းများနှင့် နားရွက်များတွင် ဖြစ်ပွားပါသည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်တွင်လည်း ဖြစ်ပွားပါသည်။ အနီရောင်၊ နီညိုရောင်နှင့် အသားရောင်စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါသည်။ များသောအားဖြင့် ကုသရန် မလိုအပ်ပါ။ စတီးရွိုက်လိမ်းဆေးများ လိမ်းနိုင်ပါသည်။


ဗက်တီးရီးယားပိုးဝင်ခြင်းများ

 အမျိုးမျိုးသော ဗက်တီးရီးယားများ စွဲကပ်နိုင်ပါသည်။ ဆီးချိုသွေးချိုရောဂါသည်များအနက် သွေးအတွင်း ဂလူးကို့စ်ပမာဏထိန်းသိမ်းမှု မကောင်းသူများအဖို့ taphylococcus ခေါ် ဗက်တီးရီးယားပိုးဝင်ခြင်းသည် အဖြစ်အများဆုံးနှင့် အန္တရာယ်အပေးနိုင်ဆုံး ဖြစ်ပါသည်။ မွေးညင်းပေါက်များမှတစ်ဆင့် ပိုးဝင်ခြင်းသည် အဖြစ်အများဆုံး ဖြစ်ပါသည်။ ကုသမှုအဖြစ် ပဋိဇီဝဆေးများ သောက်သုံးရန်လိုအပ်ပါသည်။


မှိုစွဲခြင်းများ

 Candida albicans သည် ဆီးချိုသွေးချိုရောဂါသည်များတွင် အဖြစ်များသော မှိုတစ်မျိုးဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါသည် အမျိုးသမီးများတွင် မိန်းမကိုယ်အတွင်း ဤမှိုစွဲမှု အဖြစ်များပါသည်။ Candida albicans မှိုစွဲမှုသည် လက်ချောင်းများအကြား၊ ခြေချောင်းများအကြား၊ ပါးစပ်ထောင့်များနှင့် လက်သည်းခြေသည်များတွင်လည်း အဖြစ်များပါသည်။ ယားယံပြီးနီရဲသော အရေပြားအခြေအနေတစ်ခုအဖြစ် တွေ့ရလေ့ရှိပါသည်။ စိုစွတ်၍ ပူနွေးသော အရေပြားခေါက်များကြားတွင် ဖြစ်ပွားလေ့ရှိပါသည်။ ဆီးချိုသွေးချိုရောဂါသည်များတွင် ပွေးလည်း အဖြစ်များပါသည်။ ကုသရာတွင် မှိုသတ်ဆေးများလိမ်းရန် သို့မဟုတ် သောက်ရန်လိုအပ်ပါသည်။ 


ကာကွယ်ခြင်း

 ဖော်ပြပါ ဆီးချိုသွေးချိုရောဂါနှင့် ဆက်စပ်နေသော အရေပြားအခြေအနေများသည် များသောအားဖြင့်  သွေးအတွင်း ဂလူးကို့စ်ပမာဏ မြင့်တက်နေမှု ကြာရှည်မှသာ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ကာကွယ်ရန် အရေးအကြီးဆုံးအချက်မှာ ဆီးချိုသွေးချိုရောဂါကို ထိန်းထားနိုင်ခြင်းဖြစ်ပါသည်။ အာဟာရပြည့်ဝအောင်စားသုံးခြင်း၊ လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းနှင့် လိုအပ်ပါက ဆေးဝါးသောက်သုံးခြင်းများ ပြုလုပ်ရန်လိုအပ်ပါသည်။ 


Credit:

ဒေါက်တာခိုင်ခိုင်ဇော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18