Print

ငါးမျက်စိအကြောင်းသိကောင်းစရာ

  23-Jan-2018
Preview Image


     ငါးမျက်စိအကြောင်း နည်းနည်းရေးပါမယ်။ အမေးလည်း များလို့ပါ။ ငါးမျက်စိဆိုတာ Molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်စေပါတယ်။ ပုံစံက အရည်အိတ်ဆန်ဆန် သေးငယ်ဖုဖောင်းနေပြီး ငါးမျက်စိနဲ့တူလို့ ငါးမျက်စိခေါ်ကြတာပါ။ အများစုဟာ အပေါ်ယံ အရေပြားမှာသာဖြစ်ပြီး ပုံမှန်အားဖြင့် သူ့ဘာသာ ပျောက်ကင်းသွားကြတယ်။ ပျောက်ကင်းချိန်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါ။ ယေဘုယအားဖြင့် နှစ်လအတွင်း ပျောက်ကင်းနိုင်တယ်။ နှစ်ချီပြီး ကြာတာမျိုးလည်း ရှိပါတယ်။ ငါးမျက်စိဟာ အသက် ၁၅ နှစ်အောက် ကလေးတွေမှာသာ အဖြစ်များတယ်။ ၈၀ ရာခိုင်နှုန်းက လေးနှစ်အောက်ကလေးတွေမှာ ဖြစ်ပြီး ပူပြီးစိုစွတ်တဲ့ ရာသီမျိုးတွေမှာ အဖြစ်များတယ်။ 


ကူးစက်ပုံ

     ဗိုင်းရပ်စ်ပိုးဟာ ရောဂါရှိတဲ့သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုကနေ ကူးစက်နိုင်တယ်။ သို့မဟုတ် အသုံးအဆောင် ပစ္စည်းတစ်ခုခုကို မျှဝေသုံးစွဲနေခြင်းကလည်း ကူးစက်စေတယ်။ ဥပမာ မျက်နှာသုတ်ပဝါ မျှဝေသုံးစွဲတာမျိုး၊ အင်္ဂါစပ်မှာဖြစ်တဲ့ ငါးမျက်စိအဖုတွေဟာ ကုသဖို့လိုပါတယ်။ အဲဒီလူတွေဟာ လိင်ဆက်ဆံမှုကနေ ကူးစက်တာများတယ်။ ဖြစ်နေသူကနေ တခြားသူမကူးစက်အောင်သာ သတိထားရမယ်။ ယေဘုယအားဖြင့် ဗိုင်းရပ်စ်ဝင်ရောက်ဖို့အချိန် နှစ်ပတ်နဲ့ ခုနစ်ပတ်ကြား ကြပါတယ်။ 


လက္ခဏာရပ်များ

 အရင်ဆုံး အရေပြားမှာ အဖုသေးလေးကို စတင်သတိထားမိလေ့ရှိတယ်။ နာကျင်မှုမရှိပါ။ အဖုပုံစံက အဖြူရောင်၊ ပန်းရောင်၊ တစ်ခုခုဖြစ်နိုင်တယ်။ အလယ်မှာ ချိုင်းနေတတ်ပြီး အထဲမှာ ခင်ပျစ်ပျစ်၊  ခဲနေတဲ့အရည်တွေ အောင်းနေတတ်တယ်။ အဖုတစ်လုံးဟာ ယေဘုယ ၂-၅ မီလီမီတာလောက်သာ ရှိမယ်။ အရွယ်အစား ပင်အပ်ဆိုဒ်ကနေ ခဲတံ၊ ဘောဖျက် ခေါင်းအရွယ်အထိ အမျိုးမျိုးဖြစ်နိုင်တယ်။ အဖုလုံးလေးတွေက တစ်လုံးစ၊ နှစ်လုံးစကနေ အလုံးနှစ်ဆယ်လောက် စုပြီးဖြစ်တာလည်း ရှိပါတယ်။ ခြေဖဝါး၊ လက်ဖဝါးကလွဲရင် ကျန်တဲ့နေရာ အကုန်ဖြစ်နိုင်တယ်။ မျက်နှာ၊ ရင်ဘတ်၊ ဗိုက်၊ ခြေ၊ လက်၊ ပေါင်ခြံ၊ ဂျိုင်းစတဲနေရာမှာ ဖြစ်ကြတယ်။ မျက်နှာနေရာကတော့ အဖြစ်အများဆုံးပဲ။ Facial Mollusca ခေါ်ပါတယ်။ မျက်နှာမှာဖြစ်ရင် ကုရပိုခက်သွားတယ်။ ရောဂါလက္ခဏာက ခုခံအားနည်းလေ ပိုသိသာလေပဲ။

     HIV / AIDS ရောဂါသည်တွေမှာလည်း ငါးမျက်စိ အဖြစ်များတယ်။ ဒီလိုရောဂါသည်တွေဖြစ်ရင် စနစ်တကျကုသရပါတယ်။ ခုခံအား CD4 Cell counts နည်းလာတာမို့ ဗိုင်းရပ်စ်ပိုးက ဝင်ရောက်လွယ်တယ်။ ပျံ့နှံ့လွယ်တယ်။ သမရိုးကျနည်းတွေနဲ့ အလုပ်မဖြစ်တတ်ပါ။ တစ်ခါတစ်ရံ အနာဖုထဲကို Interferon ထိုးထည့်ရတာတစ်မျိုးထိ ရှိတယ်။ ဘေးထွက်ဆိုးကျိုးလည်း များပါတယ်။ တုပ်ကွေးဆန်ဆန်လက္ခဏာ ကိုယ်လက်နာကျင်ကိုက်ခဲ၊ အားယုတ်၊ မအီမသာဖြစ်တာ ရှိသေးတယ်။ အကောင်းထက် ဆိုးကျိုးသာများလို့ မသုံးကြပါ။ 


ကုသနည်း

     ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာမို့ ကုသဖို့မလိုအပ်ဘဲ သူ့ဘာသာ ပျောက်ကင်းနိုင်ပါတယ်။ နှစ်လနဲ့ တစ်နှစ်အတွင်း  ကြာနိုင်ပါတယ်။ ခပ်မြန်မြန် ပျောက်ကင်းအောင်လုပ်တဲ့နည်းတွေ ရှိတယ်။ ဒီနည်းတွေထဲမှာ သောက်ဆေး၊ လိမ်းဆေးအမျိုးမျိုးရှိတယ်။ သောက်ဆေးထဲမှာ Cimetidine က အသုံးများတယ်။ တခြားနည်းတွေထက် ပျောက်ကင်းချိန် နည်းနည်းပိုကြာတယ်။ ငယ်ရွယ်တဲ့ ကလေးတွေမှာတော့ သောက်ဆေးကိုသာ အဓိကသုံးပါတယ်။ လိမ်းဆေးထဲမှာ Podophyllotoxin cream 0.5% ကို လိမ်းကြတယ်။ ဒီဆေးကို မျက်နှာမှာသုံးရင် သတိပြုပါ။ အရေပြားစားသွားနိုင်တယ်။ ကိုယ်ဝန်ဆောင်တွေ မသုံးသင့်ပါ။ ကလေးကိုပါ ထိခိုက်နိုင်တယ်။ အဲဒီအတွက် Lodine နဲ့ Salicylic acid ကို ရောလိမ်းလို့ရပါတယ်။

     သောက်ဆေး၊ လိမ်းဆေး မရသူတွေအတွက် Curettage ခြစ်ထုတ်တဲ့နည်းကို သုံးကြတယ်။ ငါးမျက်စိနေရာကို ထုံဆေး (လိမ်းဆေး) ပေးပြီး အထဲကခပ်ပျစ်ပျစ် အရည်ကို ခြစ်ထုတ်တဲ့နည်းပါ။ ပျောက်ကင်းတာ သိသာတယ်။ ပြန်လည်း ဖြစ်နိုင်ပါတယ်။ အရေပြား ဆေးခန်းတွေမှာတော့ လေဆာနည်းနဲ့ လုပ်ကြတယ်။ နိုက်ထရိုဂျင် အရည်သုံးပြီး Cryotherapy နည်းနဲ့ အေးခဲစေတဲ့နည်းလည်း ရှိသေးတယ်။ သို့သော် နည်းတွေအကုန်လုံး အမာရွတ်တော့ ကျန်နိုင်တယ်။


Credit: ဒေါက်တာ အေးမင်းထူး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18