Print

နှင်းခူ

  28-Dec-2017
Preview Image

နှင်းခူဟာ အဖြစ်အများဆုံး အရေပြားရောဂါတွေထဲက တစ်ခုပါပဲ။ ဆေးပညာအရ Neurodermatitis (သို့မဟုတ်) Lichen Simplex Chronlcus လို့ ခေါ်တယ်။ အရေပြားမှာရှိတဲ့ အာရုံကြောတွေဟာ တစ်ချိန်လုံး နှိုးဆွခံနေရပြီး ယားလိုက်၊ ကုတ်လိုက်၊ ပြန်ယားလိုက်နဲ့ သံသရာလည်နေတယ်။ အလွန်ကြာရှည်တဲ့ နာတာရှည် ယားနာလိုမျိုး ထပ်ခါထပ်ခါ ကုတ်တာကြောင့် အရေပြားက သားရေလိုထူနေပြီး အသားအရောင်ကလည်း နဂိုထက် မည်းနေတယ်။

လက္ခဏာတွေ  

         အရမ်းယားတယ်၊ မကုတ်ရ မနေနိုင်အောင် ယားတယ်။ ဆိုးလွန်းလို့ အိပ်ရေးပျက်တဲ့အထိတောင် ဖြစ်တတ်တယ်။ ခန္ဓာကိုယ်ရဲ့ ကုတ်လို့၊ ပွတ်လို့ရတဲ့ နေရာတွေမှာပဲ နှင်းခူဖြစ်လေ့ရှိတယ်။ ခြေချင်းဝတ်၊ နောက်ကျော၊ လည်ပင်းဘေး၊ လက်ဖျံ၊ လက်ကောက်ဝတ်နဲ့ လိင်အင်္ဂါ တစ်ဝို်က် နေရာတွေပါ။


•    အေတိုးပစ်ယားနာ၊ ထိတွေ့ယားနာ၊ ဆိုရီးရေးစစ်စတဲ့ အရေပြားရောဂါအခံရှိတဲ့နေရာတွေမှာလည်း နှင်းခူထပ်ပေါ်လာတတ်တယ်။
•    အနီရောင်အဖတ်ကွာတဲ့ အဖု၊ အပိမ့်သေးသေးလေးတွေ ပေါ်လာတယ်။
•    အရေပြားပွန်းတာ၊ အပေါက်တွေဖြစ်တာတွေကြောင့် နောက်ထပ်ရောဂါပိုးများ ဝင်လွယ်တယ်။
•    ကုတ်ခြစ်ရာတွေ မြင်နေရတယ်။
•    အမြဲ လ၊ နှစ်၊ ချီပြီး ကုတ်နေရတော့ အရေပြားထူလာပြီး အရောင်ရင့်လာတယ်။ အသားအရေ အရေးအကြောင်းတွေ အလွန်သိသာ ထင်ရှားလာတယ်။
•    ဖြစ်တဲ့နေရာ ပန်းရောင်၊ အနီရောင်၊ နီညိုရောင်၊ အမည်းရောင် စသည်ဖြင့် ထူလာလေလေ အရောင်ရင့်လေလေဖြစ်တယ်။

ဘယ်သူတွေဖြစ်တတ်သလဲ
    လူကြီးပိုင်းမှာ အသက်လေးဆယ်နဲ့ ခြောက်ဆယ်ကြားမှာ အများဆုံးပါ။ အမျိုးသမီးများက ပိုများတယ်။ ပန်းနာရင်ကျပ်သမား၊ နှာချေလွယ်သူ၊ အေတိုးပစ်ယားနာ၊ ထိတွေ့ယားနာ၊ အလားဂျစ်ယားနာ၊ ဆိုရီရေးစစ်လို အရေပြားအသားတက်မြန်တဲ့ ရောဂါအခံရှိသူများဟာ နှင်းခူပိုဖြစ်ကြတယ်။

ဖြစ်ရတဲ့အကြောင်းရင်း
    ဖြစ်တဲ့အကြောင်းအရင်း အတိအကျမသိဘူး။

နှီးနွှယ်တဲ့အချက်များ
    ခြင်ကိုက်တာ၊ စိတ်ဖိစီးမှုများတာ၊ အသားခြောက်တာ၊ ရာသီဥတုပူတာ၊ အရေပြားရောဂါ အခံရှိတာ၊ သွေးလှည့်ပတ်မှု မကောင်းတာ၊ အမာရွတ်အထူရှိတာ၊ လေထုညစ်ညမ်းတာ၊ မတည့်တာကို ကိုင်တွယ်မိတာ၊ သိုးမွေးထည်၊ နိုင်လွန်ထည်ကျပ်ကျပ်တွေ ဝတ်မိတာ စတဲ့ အချက်တွေပါ။

ဖြစ်တဲ့အချိန်ကာလ

    ဂရုတစိုက် ပျောက်ကင်းအောင် မကုမချင်း ကြာရှည်နေလေ့ရှိတယ်။ နှိုးဆွပေးတာတွေနဲ့ ကြုံရင် ပြန်ဖြစ်တတ်တယ်။
နှင်းခူဟာ အရေပြားဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။ ရောဂါသတ်မှတ်ဖို့ ရောဂါရာဇဝင်မေးခြင်း၊ အရေပြားကြည့်ရှုခြင်း စစ်ဆေးခြင်းအပြင် အလာဂျီစစ်ဆေးခြင်း၊ အသားစယူ စစ်ဆေးခြင်းများ၊ သွေးစစ်ဆေးခြင်းများ လိုအပ်တတ်ပါတယ်။ ကုသမှုမှာ ခက်ခဲတာက လူနာက မကုတ်မိအောင် နေဖို့ပဲ။ ယားနာလိမ်းဆေးအမျိုးမျိုးကို ပြင်းအားအလိုက်၊ နေရာအလိုက် သုံးရတယ်။ ယားနာလိမ်းဆေးများ၊ အရေပြားထူတာ ပါးစေတဲ့ လိမ်းဆေးများ၊ ပိုးသတ်ဆေးများ လိမ်းတာ၊ သောက်တာနဲ့ လိုအပ်ရင် အိပ်ငိုက်တဲ့ အယားပျောက်ဆေး ပြင်းပြင်းများ လိုအပ်တတ်တယ်။

ကာကွယ်မှု

•    လက်သည်းများတိုနေအောင် ပုံမှန်ညှပ်ပါ။
•    ကုတ်တာ၊ ပွတ်တာ ရှောင်ပါ။
•    ယားလာရင် ကုတ်မယ့်အစား ရေခဲ၊ ရေခဲအဝတ်ကပ်ပါ။
•    ယားစေမယ့် အရာတွေကို ရှောင်ပါ။ သိုးမွေးထည်၊ ကော်ဇော၊ အရမ်းပူတာ၊ ခြင်ကိုက်တာ၊ စိတ်ဖိစီးမှုများတာ စတာတွေပါ။
•    ရေပူသုံးတာရှောင်ပါ။

Credit: ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18