Print

အိုမင်းမှုကို ဖုံးကွယ်ပေးမယ့် အလှကုန်သစ်စမ်းသပ်

  21-Dec-2017
Preview Image

အသက်အရွယ်ရလာရင် အသားအရေတွေက သတိပေးလာကြတယ်။ တင်းရင်းနေတဲ့ အရေပြားက အိကျလာပြီး အရေးအကြောင်းတွေ ပေါ်လာကြတယ်။ မျက်စိရဲ့အောက်တွင် အိတ်သဖွယ် တွဲကျလာခြင်းကလည်း အိုမင်းလာပြီဖြစ်ကြောင်း သတိပေးလာကြတယ်။

 ဒီလိုပေါ်လာတဲ့ ဇရာရဲ့လက္ခဏာတွေကို ပြေပျောက်စေဖို့ အမျိုးမျိုး ကြိုးစားကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေ များပါတယ်။ အရေးအကြောင်းပေါ်စက သေးငယ်သေးလို့ မိတ်ကပ်အမျိုးမျိုးနဲ့ အကာအကွယ်ယူကြ၊ ဖြေဖျောက်ကြတယ်။ အချို့ မိတ်ကပ်ခရင်မ်တွေက အရေပြားရှိ ကလာပ်စည်းသေတွေကို အစိုပြန်ပွလာစေခြင်းဖြင့် အရေးအကြောင်းများကို မှိန်သွားစေနိုင်ကြတယ်။ 


 အချို့ ဘိုတော့ BOTOX ထိုးပြီး တွန့်ကြောင်းငယ်တို့ကို ဖျောက်ကာ နုပျိုချင်ယောင်ဆောင်ကြတယ်။ ဖုံးကာလို့မရတဲ့ အခါ အရေပြားကို ဆွဲဆန့်တဲ့ ခွဲစိတ်ကုသမှုနှင့် ရုပ်သွင်ကို မွမ်းမံကြတယ်။ အခုနောက်ဆုံး မျက်နှာအရေးအကြောင်းများကို ဖုံးကာပေးနိုင်မယ့် ပစ္စည်းတစ်မျိုးကို ဖော်စပ်တီထွင်လာနိုင်ခဲ့ကြပါပြီ။ 


 ငယ်ရွယ်သူနှင့် အသက်ကြီးသူတို့ရဲ့ အရေပြားတွေဟာ မတူကြပါဘူး။ ငယ်ရွယ်သူရဲ့ အရေပြားမှာ ရုန်းပြန်အသားစတွေ တွယ်ဆက်အမျှင်တွေ အများအပြားရှိပါတယ်။ ဒါကြောင့် တင်းတင်းရင်းရင်း ဖြစ်နေကြခြင်းပါ။ အရေပြားမျက်နှာပြင်အောက်မှာ အလင်းရောင်ပျံ့နှံ့မှုကလည်း နုပျိုတဲ့ အရောင်အသွေးကို ဖြစ်ပေါ်စေပါတယ်။ ဆယ်ကျော်သက် အရွယ်လွန်မြောက်ပြီးတဲ့အခါ အရေပြားရှိ တွယ်ဆက်မျှင်တစ်မျိုး Collagen ဟာ တစ်နှစ်ကို တစ် ဒသမ ငါးရာခိုင်နှုန်း နည်းနည်းလာတတ်ပါတယ်။ နေလောင်ခံရသူတွေ ဆေးလိပ်သောက်တတ်သူတွေဆို အရေပြားရှိ တွယ်ဆက်မျှင် နည်းပါးလာနှုန်း ပိုများလာလိမ့်မယ်။ ဒီလိုအခြေအနေမှာ အလှကုန်ထုတ် ကုမ္ပဏီတွေက Collagen လိမ်းဆေးတွေ ဖန်တီးရောင်းချ ခဲ့ကြပါတယ်။ ဒါပေမဲ့ အဆိုပါလိမ်းဆေးတွေ အစွမ်းထက်ကြောင်း ယုံကြည်လောက်တဲ့ အထောက်အထားတော့ မရှိဘူးလို့ ဆိုပါတယ်။


 မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ပညာရှင် Robert langer နဲ့ အဖွဲ့က အလှကုန်ကုမ္ပဏီ OLIVO နဲ့ ပူးပေါင်းပြီး လိမ်းလို့ရတဲ့ ပစ္စည်းတစ်မျိုး POLYSILOXANE POLYMER ကို တီထွင်ခဲ့ကြပါတယ်။ ဒီဓာတ်ပစ္စည်းရဲ့ အရည်အသွေးက နုပျိုတဲ့အရေပြားရဲ့ သဘောသဘာဝနဲ့ ဆင်ပါတယ်။ ရုန်းပြန်နိုင်တာ အလင်းရောင် ပျံ့နှံ့ပြန်ထွက်တာတွေမှာ တူကြပါတယ်။


 ဦးစွာ အဆိုပါ ဓာတ်ပစ္စည်းကို မိတ်ကပ်လိမ်းသလို မျက်နှာမှာ ခပ်ပါးပါးလိမ်းပေးရပါမယ်။ ပြီးရင် နောက်ထပ်ဓာတ်ပစ္စည်းတစ်မျိုး PLATINUM CATALYST ကို လိမ်းပေးရပါမယ်။ ဒါမှဓာတ်ပစ္စည်းနှစ်ခု ဓာတ်ပြုကာ အရေပြားသဖွယ် အလွှာပါးကလေး ဖြစ်လာပါလိမ့်မယ်။ အဆိုပါ အမြှေးပါးကိုဖြတ်ကာ လေဝင်ထွက်နိုင်ပါတယ်။ လူ ၂၅ ယောက်နဲ့ စမ်းသပ်ကြည့်ရာ ၂၄ နာရီကျော်သည်အထိ သက်သောင့်သက်သာ လိမ်းထားနိုင်တာ တွေ့ခဲ့ကြတယ်။ 

 တီထွင်ဖန်တီသူ ပညာရှင်အဖွဲ့က အရေပြားရဲ့ ရုန်းပြန်နိုင်စွမ်း၊ အလင်းရောင်ပြန်နိုင်စွမ်းနဲ့ ဆွဲလိုက်မိလျှင်ပင် မူလပုံပန်းသို့ ချက်ချင်းပြန်ရောက်နိုင်စွမ်းစတဲ့ အရည်အသွေးများနှင့် လိုက်လျောညီထွေဖြစ်စေအောင် ကိုးနှစ်ကြာ စနစ်တကျ ဖန်တီးထားတယ်လို့ BRISTOL တက္ကသိုလ်မှပညာရှင် ADAM PERRIMAN က ဆိုပါတယ်။


 သူတို့တီထွင်ထားတဲ့ ပစ္စည်းကို ဒုတိယအရေပြား SECOND SKIN လို အမည်ပေးထားပါတယ်။ သူဟာ ပုံမှန်အရေပြားထက် ပိုရုန်းပြန်နိုင်ကြောင်း လိမ်းလိုက်တဲ့အခါ သူ့အောက်ရှိ အရေပြားကို ဆွဲတင်ပေးနိုင်ပါတယ်။ တွဲကျနေတဲ့ မျက်ရည်အိတ်နေရာကို လိမ်းပေးလိုက်မယ်ဆိုရင် အရေပြားတင်းရင်းပြီး မျက်ရည်အိတ် သိပ်ပေါ်လွင်တော့မှာ မဟုတ်ပါဘူး။ နုပျိုတဲ့အသွင် မြင်ရပါလိမ့်မယ်။ ဒီလိုပါပဲ လည်ပင်းအရေပြားတွေ အိတွဲကျနေသူတွေမှာလည်း အသုံးတည့်လိမ့်မယ်လို့ ကယ်လီဖိုးနီးယား STANFORD တက္ကသိုလ်မှ ပညာရှင် ANNE LYNN CHANG က ဆိုပါတယ်။ NEW SCIENTIST ဂျာနယ်မှ အဆိုပါပစ္စည်းကို သွားရောက်လေ့လာဖို့ စီစဉ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ တီထွင်ဖန်တီး သူတို့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတစ်ကားသာ ကြည့်ခဲ့ရပါတယ်။


 တစ်နည်းအားဖြင့် တီထွင်ထားတဲ့ ပစ္စည်းကို မျက်မြင်မတွေ့လိုက်ရဘဲ ဓာတ်ပုံများနှင့် ဗွီဒီယိုသာ သက်သေခံသဖွယ် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ တီထွင်သူခေါင်းဆောင်က အဆိုပါပစ္စည်းကို ထပ်ခါထပ်ခါ သုံးစွဲခြင်းဖြင့် သုံးစွဲသူရဲ့အရေပြားကို ကောင်းမွန်လာစေဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စမ်းသပ်လေ့လာမှုများ ပြုလုပ်ပြီးသည့်တိုင် အဆိုပါ ပစ္စည်းနဲ့ ပတ်သက်လို့ အသေးစိတ်ကို ထုတ်ဖော် မပြောလိုကြပါဘူး။


 ဒုတိယအရေပြားလိုခေါ်တဲ့ အဆိုပါ အမြှေးပါးရဲ့ အဆိုဓာတ်ကို အချိန်ကြာထိန်းထားခြင်းဟာ အရေပြားရှိ တွယ်ဆက်မျှင်နဲ့ ရှန်းပြန်မျှင်တွေကို နေသားတကျ ပြန်ဖြစ်ဖို့ တွန်းအားဖြစ်စေတဲ့အတွက် အရေပြားကို အမြင်ပိုကောင်းလာစေ လိမ့်မယ်လို့ ပညာရှင်ကဆိုပါတယ်။ ဒါပေမဲ့ မက်ဆာချူးဆက်နည်း ပညာတက္ကသိုလ်မှ ပညာရှင် DANIEL ANDERSON ကတော့ အခုထိ အဆိုပါပစ္စည်းကို ကုသရေးအတွက် သုံးရမလား အလှအပ အထောက်အကူပြုပစ္စည်းအဖြစ်ပဲ သုံးရမလားဆိုတာ မသေချာသေးဘူးလို့ ပြောထားပါတယ်။ အကြောင်းက အဆိုပါပစ္စည်းဟာ နှင်းခူလိုရောဂါများ ECZEMA, PSORIASIS မှာ အသုံးတည့်နိုင်လို့ ဖြစ်ပါတယ်။ 


 အဆိုပါထုတ်ကုန်ကို အလှအပအထောက်အကူပြု ပစ္စည်းအဖြစ် အမေရိကန်နိုင်ငံမှာ သုံးစွဲမယ်ဆိုရင် သုံးစွဲသူတွေအတွက် အန္တရာယ်မဖြစ်စေနိုင်ကြောင်း သက်သေပြနိုင်ရမှာဖြစ်ပြီး ဆေးဝါးအနေနဲ့ သုံးမယ်ဆိုရင်တော့ ရောဂါကို အမှန်ကုသ ပျောက်ကင်းစေကြောင်း စမ်းသပ်ပြနိုင်ရမှာ ဖြစ်ပါတယ်။ အခုအခါမှာ RETIN –A လို RETINOID ဓာတ်ပေါင်းပစ္စည်းတွေက အရေပြားရဲ့ ရုန်းပြန်မျှင်တွေ တွယ်ဆက်မျှင်တွေကို ပြုပြင်ပေးနေနိုင်လို့ အသစ်တီထွင်ထားတဲ့ ဒုတိယအရေပြားထုတ်ကုန်ဟာ ပိုကောင်းလေမလားဆိုတာ စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။ 


Credit: ဒေါက်တာမြင့်သန်း (သန္ဓေသား)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18