Print

ဝက်ခြံပေါက်တဲ့ အမျိုးသမီးရောဂါတစ်ခု

  19-Dec-2017
Preview Image

ဝက်ခြံပေါက်စေတဲ့ အကြောင်းကိစ္စတွေက အများကြီးပါ။ အရေပြားထဲက အဆီအိတ်နဲ့ အဆီပြွန်လမ်းကြောင်း ရောင်ရမ်းလို့ဖြစ်ရတဲ့ ဝက်ခြံဟာ တကယ်တော့ အကြောင်းကိစ္စပေါင်း မြောက်မြားစွာနဲ့ ဆက်နွှယ်နေတာပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုလို့တောင် များပါတယ်။ အလှပြင်ပစ္စည်းတွေကြောင့်လား၊ ကိုယ်ဝန်တားဆေးတွေကြောင့်လား စဉ်းစားစရာတွေပါ။ နောက်တစ်ချက်က အတွေ့ရမများတဲ့ PCOS ဆိုတဲ့ ရောဂါစုကြောင့်လည်း ဝက်ခြံပြဿနာဟာ အမျိုးသမီးတွေမှာ ပိုပြီး ကြုံတွေ့ရနိုင်ပါတယ်။


PCOS ဆိုတာ

 အမျိုးသမီးတွေရဲ့ သားအိမ်ဘေး တစ်ဖက်တစ်ချက်မှာ မျိုးဥအိမ် (Ovary) ဆိုတာတွေ ရှိပါတယ်။ ဟိုဘက်တစ်ခု၊ ဒီဘက်တစ်ခုဆိုပါတော့။ အဲဒီဥအိမ်ထဲမှာ ပုံမှန်မဟုတ်ဘဲ အရည်ကြည်အိတ် (Cysts) တွေ တည်နေတတ်ပါတယ်။ အဲဒါကို Poly cystic Ovary Syndrome လို့ ခေါ်ပါတယ်။ အတိုအားဖြင့် PCOS ပေါ့။ ရလဒ်ကတော့ ဒီလို ပုံမှန်မဟုတ်တဲ့ အနေအထားကြောင့် အမျိုးသမီးတွေမှာ ကျားဟော်မုန်းက မဟော်မုန်းထက် ပိုုများသွားပါတော့တယ်။ ရှင်းရှင်းပြောရရင် ကျားဟော်မုန်း (Androgen) တွေက အမျိုးသမီးတွေရဲ့ အဓိကမဟော်မုန်း (Oestrogen) ထက် လွန်ကဲသွားတာမို့ ကိုးရိုးကားရား လက္ခဏာတွေ ဖြစ်လာတော့တာပါ။


အရေပြားရောဂါလက္ခဏာတွေ

 ကျားဟော်မုန်းတန်ခိုးကြောင်း male Pattern balding ဆိုတဲ့ ငယ်ထိပ်က ဆံပင်တွေ သိသိသာသာပါးလာတာပါပဲ။ ဆံပင်တွေ အကျွတ်များပြီး ကျဲလာတာကိုး၊ နောက်ပြီး မျက်နှာ၊ လည်ပင်းနဲ့ ရင်ဘတ်ပေါ်မှာ မွေးညင်းနုလေးတွေ သိသိသာသာ ပေါက်လာတတ်ပါတယ်။ အဆိုးဆုံးကတော့ မျက်နှာအဆီပြန်ပြီး ဝက်ခြံတွေ အဆက်မပြတ် ပေါက်နေတော့တာပါပဲ။ သမားရိုးကျ ဝက်ခြံဖုတွေပါ။ ထူးထူးခြားခြား တချို့ကျတော့ အဝလွန်ပြီး လည်ပင်းပတ်လည်မှာ (Acanthosis nigricans) လို့ခေါ်တဲ့ မည်းမည်းထူထူကြီး ဂျပ်ခေါက်ကြီး ပေါ်လာတာပါပဲ။ အကြည့်ရဆိုးတဲ့ ပြဿနာပါ။ ဒီတော့ ခြံုပြောရရင် PCOS ဆိုတဲ့ အမျိုးသမီးရောဂါတစ်ခုဟာ အရေပြားပြဿနာတွေကို ရက်ရက်ရောရော ပေးတတ်တယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီ POCS ရောဂါရှိတဲ့သူအချို့ဟာ သားဖွားမီးယပ်အထူးကုဆရာဝန်များထက် အရေပြားဆရာဝန်များဆီကိုပဲ ဦးစွာရောက်လာတတ်ပါတယ်။ ရောက်မှ အရေပြားဆရာဝန်များက PCOS ကို မသင်္ကာလို့ OG လို့ အသိများတဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်များဆီ ညွှန်းလို့ရတာမျိုး ရှိပါတယ်။


ဟော်မုန်းနှင့်ဝက်ခြံ

 ဝက်ခြံဆိုတာက အဆီအိတ်က အဆီတွေ ပုံမှန်ထက် ပိုထွက်လာပြီး အဆီအိတ်နဲ့ အဆီပြွန်လမ်းကြောင်းတစ်လျှောက် ရောင်ရမ်းသွားလို့ ဖြစ်ရတာပါ။ PCOS မှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ အင်ဒရိုရျင် (Adrogen) ဟော်မုန်းမှာ အဆီအိတ်က အဆီတွေ ပိုထွက်အောင် လှုံ့ဆော်ပေးသူပါ။ အဆီတွေထွက်ပြီး အဆိပြွန်၊ အဆီပေါက်တွေပိတ်တော့ ဝက်ခြံပေါက်ပါလေရော၊ ဒီတော့ ဝက်ခြံဖုတွေဟာ အဲဒီဟော်မုန်း မြင့်တက်နေတာနဲ့အမျှ အဆက်မပြတ် ထွက်နေတော့ပါပဲ။ အမျိုးသမီးတစ်ယောက်ဟာ ဝက်ခြံပြဿနာနဲ့ ရင်ဆိုင်နေရတယ်။ ပြီးတော့ ရာငီသွေးကလည်း မမှန်ဘူး။ နည်းတယ်ဆိုရင်တော့ ခုဆွေးနွေးနေတဲ့ PCOS များ ဖြစ်လေမလားဆိုပြီး သံသယဝင်စရာပါ။ ခက်တာက PCOS မှာပေါက်တဲ့ ဝက်ခြံတွေဟာ သာမန်ဝက်ခြံကုထုံးတွေနဲ့ သိပ်ပြီး မသက်သာတာမို့ တစ်ခါတလေ အရေပြားဆရာဝန်တွေ ခေါင်းစားရတဲ့ အဖြစ်ပါ။ ပြောရရင် ခေါင်းမာတဲ့ ဝက်ခြံဆိုပါစို့။ သက်သာသွားလိုက် တော်တော်ကြာ ပြံုထွက်လာလိုက်နဲ့ နှစ်ပေါင်းများစွာ ဝက်ခြံအဆက်ပြတ်သွားတယ်လို့ မရှိပါဘူး။ ဒီတော့ တန်ပြန်ဟော်မုန်းကုထုံး သုံးကြရပါတယ်။


တန်ပြန်ဟော်မုန်းကုထုံး

 အင်ဒရိုဂျင်ဟော်မုန်းတွေကို တန်ပြန်တဲ့ ဟော်မုန်းကို သုံးပြီး ဝက်ခြံကုလို့ ရပါတယ်။ Antiandrogen Therapy ဆိုပါတော့။ ဒါမှ အင်ဒရိုဂျင်ဟော်မုန်းတွေကို ထိန်းချုပ်ပြီး အဆီထွက်တာ လျော့ပါးသွားစေတာပါ။ အင်ဒရိုဂျင်ကို ထိန်းချုပ်နိုင်တဲ့ ဆေးတွေထဲမှာ အမျိုးသမီးတွေအတွက် အသုံးတည့်ဆုံးကတော့ စိုင်ပရိုတီရုန်း အစီတိတ် (Cyproterone acetate) ပါပဲ။ အတိုအားဖြင့် CPA လို့လည်း ခေါ်ကြပါတယ်။ ဒီဟော်မုန်းဓာတ်ကို အမျိုးသမီးဟော်မုန်း (အီစထရိုဂျင်) တစ်မျိုးဖြစ်တဲ့ Ethinyl estradiol နဲ့ တွဲဖက်ပေါင်းစပ်လေ့ရှိပါတယ်။ တစ်နည်းပြောရရင် ဟော်မုန်းညှိဆေးလို့တောင် ပြောလို့ရပါတယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံကို ဟော်မုန်းနဲ့ပဲ ကုတဲ့သဘောပါ။


ဝက်ခြံဆေးလား တားဆေးလား

 မျိုးရိုးကြောင်းပဲဖြစ်ဖြစ်၊ PCOS မသင်္ကာလို့ပဲဖြစ်ဖြစ် စဉ်ဆက်မပြတ် ပေါက်နေတဲ့ ဝက်ခြံတွေကို စောစောက ပြောတဲ့ ဟော်မုန်းကုထုံးနဲ့ ကုရင် သုံးလေးလအတွင်း သိသိသာသာ သက်သာလာတာကို တွေ့ရပါတယ်။ ဝက်ခြံအသစ်တွေပေါက်တာ နည်းလာပါတယ်။ ရာသီသွေးပေါ်တဲ့နေ့ကစပြီး ၃ ပတ် (၂၁ရက်) တိတိသောက်ရတာပါ။ နောက်တစ်ခါ သွေးပြန်ပေါ်ရန် နောက်တစ်ကျော့ပေါ့။ ပြဿနာက ဒီဆေးတွေကို အိမ်ထောင်ရှိသူ အမျိုးသမီးများသောက်တာ အကြောင်းမဟုတ်ပေမဲ့ အပျိုလေးတွေကို ကုသတဲ့အခါ ယုန်ထင်ကြောင်ထင်ဖြစ်မှာ စိုးရပါတယ်။ ဆေးကတ်ကို မြင်တာနဲ့ ဘေးလူတွေက တားဆေးလို့ထင်ကြတာကိုး။ မိဘနဲ့ သူငယ်ချင်းတွေက တစ်မျိုးအထင်မှားမှာ စိုးရပါတယ်။ ပြောရရင် ဒီဆေးမျိုးတွေက ဝက်ခြံသက်သာအောင်၊ အဆီပြန်တာ သက်သာအောင်၊ ဆံပင်ကျွတ်တာ လျော့ပါးအောင် သုံးနိုင်သလို ကိုယ်ဝန်တားဆေးအဖြစ်လည်း သုံးနိုင်တာကိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သုံးနိုင်တာမို့ မသုံးခင်စိတ်ရှည်လက်ရှည် ရှင်းပြဖို့လိုပါတယ်။ မိဘအုပ်ထိန်းသူများကိုလည်း အကျိုးအကြောင်း ရှင်းပြရပါတယ်။


PCOS ကို သတိပြုကြပါ

 အမျိုးသမီးတွေအနေနဲ့ ခုဆွေးနွေးခဲ့တဲ့ လက္ခဏာတွေ (ဝက်ခြံ)၊ အဆီပြန်၊ ဆံပင်ပါး၊ သွေးမမှန်၊ သားသမီးမရ၊ အဝလွန်၊ ဆီးချိုသွေးတိုး (အဆီတက်စသည်) ရှိခဲ့လျှင် PCOS ကို သတိရစေချင်ပါတယ်။ ဒီရောဂါစု အမှန်တကယ် ရှိ၊ မရှိ ဆိုတာကို သွားဖွားမီးယပ်အထူးကုဆရာဝန်များက မေးမြန်း၊ စမ်းသပ်၊ စစ်ဆေးပြီး ဆုံးဖြတ်ပေးပါလိမ့်မယ်။ အမျိုးသမီးတွေရဲ့ ပြဿနာဆိုတော့ သူတို့နဲ့ပဲ ပြသတိုင်ပင်တာ အကောင်းဆုံးပါလို့ တိုက်တွန်းချင်ပါတယ်။ ကုသမှုကိုတော့ ရောဂါရဲ့ လက္ခဏာပေါ်မူတည်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်များနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာပါ။


Credit: ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)

Dr. Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18