Print

အိမ်စာနှင့်ပတ်သတ်၍ အကြံပြုချက်

  25-Feb-2017
Preview Image

ကလေးအိမ်စာလုပ်တာကို မိဘတွေက တက်တက်ကြွကြွနဲ့ စိတ်ဝင်စားမှုပြမယ် ဆိုရင် ကလေးဟာ ကျောင်းစာမှာ ပိုအောင်မြင်ပါလိမ့်မယ်။ ကလေးအိမ်စာလုပ်ရာမှာ မိဘတွေ စိတ်ဝင်စားမှုပြခြင်းဟာ ကလေးတွေကို မိမိတို့လုပ်နေတဲ့ အိမ်စာတွေဟာ အရေးကြီးပါလားဆိုတာ သိအောင်ပြပေးခြင်းပါပဲ။

 

ကလေးတွေ အိမ်စာလုပ်ရာမှာ မိဘတွေက ကူညီတယ်ဆိုတာ စာကြည့်စားပွဲပေါ် ကနေ ခါးကိုင်းပြီး အချိန်ဖြုန်းနေတာပဲလို့ မဆိုလိုသင့်ပါ။ မိဘတွေအနေနဲ့ စာကြည့် ပုံကြည့်နည်းတွေကို ရှင်းပြခြင်း၊ ခဏအနားယူဖို့ အားပေးခြင်းတွေပြုလုပ်ပြီး ကလေးကို ကူညီပံ့ပိုးပေးနိုင်ပါတယ်။

 

ဆရာမအကြောင်း သိအောင်လုပ်ပါ။

ကလေးရဲ့ဆရာတွေဟာ ဘယ်လိုလူမျိုးတွေလဲ။ ကလေးရဲ့ ဆရာများနဲ့တွေ့ဆုံ ဖို့ ကျောင်းကကျင်းပတဲ့ မိဘဆရာအသင်းစည်းဝေးပွဲလိုမျိုး ပွဲများတက်ပေးပါ။ ဆရာ၊ ဆရာမတွေနဲဲ့ တွေ့တဲ့အခါ ကျောင်းကချမှတ်ထားတဲ့ အိမ်စာနဲ့ပတ်သက်တဲ့ ပေါ်လစီ များကို မေးပါ။ နောက်ပြီး သင်ဘယ်အတိုင်းအတာအထိ ပါဝင်သင့်သလဲ မေးပါ။အိမ်စာလုပ်ဖို့ အဆင်ပြေမယ့်နေရာလေး ဖန်တီးပေးပါ။ ကလေးအိမ်စာလုပ်တဲ့နေရာ ဟာ အလင်းရောင်လုံလောက်တဲ့နေရာ ဟုတ်ရဲ့လားစစ်ဆေးပါ။ ခဲတံ၊ ဘောပင်၊ ခဲဖျက်၊ ခဲတံချွန်စက်၊ ပေတံ၊ ကော်ဘူး၊ ကတ်ကြေး စသည်ဖြင့် ပံ့ပိုးပစ္စည်းများ အလွယ်တကူရနိုင်ဖို့ ဖြည့်ဆည်းပေးပါ။

 

ပုံမှန်စာလုပ်ချိန် အချိန်ဇယားဆွဲပါ။

အချို့ကလေးများဟာ ကစားပြီးချိန်၊ မုန့်စားပြီးချိန်၊ မွန်းလွဲပိုင်းလောက်မှာ အကောင်းဆုံး အလုပ်လုပ်ကြပါတယ်။ တချို့ ကတော့ ညစာစားပြီးမှ အလုပ်လုပ်ရတာကို ပိုနှစ်ခြိုက်ပါတယ်။

 

အစီအစဉ်ဆွဲဖို့ ကူညီပါ။

အိမ်စာတွေ အများကြီးပေးလိုက်တဲ့အခါ သို့မဟုတ် အိမ်စာတွေလုပ်ဖို့ ကလေးဝန်ပိနေတဲ့ညမျိုးမှာ ဝန်ပိနေတဲ့ အိမ်စာတွေကို သင့်အနေနဲ့ ကလေး ကိုင်တွယ်နိုင်လောက်တဲ့ အပိုင်းလေးတွေ ခွဲပေးရပါလိမ့်မယ်။ လိုအပ်မယ်ဆိုရင် ညမိုးချုပ်သည်အထိ လုပ်ဖို့အစီအစဉ် ဆွဲရပါလိမ့်မယ်။ တစ်နာရီ အလုပ်လုပ်ပြီးတိုင်း ၁၅ မိနစ် နားချိန်ပေးပါ။

 

စိတ်ပျံ့လွင့်မှု အနည်းဆုံးဖြစ်အောင်လုပ်ပါ။

ကလေး စာလုပ်နေချိန်မှာ တီဗီတွေ၊ ကျယ်လောင်တဲ့ တေးသီချင်းတွေ၊ မဖွင့်မိအောင်၊ ဖုန်းစကားပြောတာတွေ မလုပ်မိအောင် ဂရုစိုက်ပါ။ ကလေးစာလုပ်ချိန် မှာစိတ်ပျံ့လွင့်မှုမရှိအောင် မိဘတွေအနေနဲ့ လမ်းညွှန်ကူညီသင့်ပါတယ်။ ဒါပေမယ့် စာကြည့်ဖို့ကတော့ ကလေးကိုယ်တိုင် လုပ်ရမယ့်အရာသာဖြစ်ကြောင်း သတိပြုပါ။

 

စေ့ဆော်ပေးသူ၊ စောင့်ကြည့်ပေးသူ အဖြစ်ဆောင်ရွက်ပါ။

ကျောင်းကပေးလိုက်တဲ့ အိမ်စာအကြောင်း၊ ပုစ္ဆာများအကြောင်း၊ အစမ်းစာမေးပွဲ များအကြောင်းကို မေးမြန်းပါ။ ကလေးကို အားတက်အောင် စေ့ဆော်အားပေးမှု လုပ်ပါ။ အိမ်စာများ လုပ်ပြီးမပြီး စစ်ဆေးပါ။ ကလေးက မေးဖို့အလိုရှိတဲ့ခါ စိုးရိမ်နေတဲ့အခါ အတိုင်ပင်ခံအဖြစ် အမြဲရှိနေအောင် သင်ကိုယ့်သင် ကလေးအနားမှာ ရှိပေးပါ။

 

စံနမူနာကောင်းအဖြစ် ပြုမူပြပါ။

ကိုယ့်ရဲ့ဝင်ငွေထွက်ငွေ မျှတအောင် သုံးစွဲဖို့ လုပ်တာ၊ စာအုပ်တစ်အုပ်ကို စိတ်ဝင်စားစွာ ဖတ်နေတာကို ကလေးတွေ့ဖူးရဲ့လား။ ကလေးတွေဟာ မိဘတွေ နှုတ်က ပြောတာထက် မိဘတွေ လက်တွေ့ ပြုမူတာကို အတုယူပြီး လိုက်လုပ်တတ်ကြ ပါတယ်။

 

ကလေးရဲ့အလုပ်၊ ကလေးရဲ့ ကြိုးပမ်းမှုကို ချီးမွမ်းပါ။

အတော်ဆုံး ဘာသာရပ်၊ ရမှတ်စသည်တို့ကို ကပ်ထားပေးပါ။ ကလေးရဲ့ ကျောင်း စာတော်မှုကို အခြားဆွေမျိုးများအားလည်း ပြောပြပေးပါ။ အကယ်၍ အိမ်စာနဲ့ပတ်သက် ပြီးအမြဲပြဿ နာရှိနေပါက အကူအညီရယူပါ။ ကလေးရဲ့ အတန်းပိုင်ဆရာနဲ့ ဆွေးနွေးပါ။ တစ်ချို့ ကလေးများဟာ သင်ပုန်းကို ကြည့်ရာမှာ မျက်မှန်လိုတဲ့ အခက်အခဲ ရှိတတ်ပါတယ်။ တစ်ချို့ကလေးတွေမှာ သင်ယူမှုအတွက် အကဲဖြတ်ဖို့ လိုကောင်းလိုနေပါမယ်။ အာရုံစိုက်မှုနဲ့ ပတ်သက်တဲ့ ပြဿ နာ ရှိကောင်းရှိနေတတ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဒေါက်တာမြင့်လွင် (စိတ်ပညာ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18