Print

သက်လတ်ပိုင်းစိတ်ရာဂါဆိုင်ရာဝေဒနာ

  30-Oct-2016
Preview Image

 

Healthymidlife ဆိုသည့် အမေရိကန်နိုင်ငံက သက်လတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပညာပေးစာစောင်က အမျိုးသား၊ အမျိုးသမီး မည်သူမဆိုအသက်(၄၀) ကျော်လာပြီဆိုလျှင်သက်လတ်ပိုင်းဆိုင်ရာဝေဒနာကို သိရှိဆင်ခြင်ကုစားသင့်သည်ဟုဆိုပါသည်။သို့မဟုတ်ပါက ထိုဝေဒနာသည် စိတ်ကျဝေဒနာအဖြစ် ပြောင်းလဲပြီးကျန်းမာရေးယိုယွင်း ထိခိုက်လာသည်အထိ ဖြစ်နိုင်သည်ဟုလည်း ရှင်းပြထားပါသည်။ ထို့အပြင် သက်လတ်ပိုင်းဆိုင်ရာဝေဒနာကို ကုစားဖို့ အချက်(၁၀)ချက်ကိုလည်း အကြံပြုထားပါသည်။တကယ်တော့ထိုအချက်များက အဆန်းတကျယ်တွေတော့မဟုတ်။ လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်မှာ အချို့လူများ လက်တွေ့ကျင့်သုံးနေသော အရာများဖြစ်ပါသည်။

 

(၁) ကိုယ့်ကိုယ်ကိုယ်ကောင်းစွာ အနားယူပါ

ကွန်ပျူတာများ၊ ဖုန်းများ၊ တီဗီများကို ပိတ်ထားပြီး ပန်းခြံဥယျာဉ်လို၊ ကမ်းခြေလို၊ တောရွာလို သဘာဝဝန်းကျင် ငြိမ်းချမ်းသောနေရာများမှာ အနားယူပါက ပိုကောင်းပါသည်။

 

(၂) စိတ်ဖိစီးနေတာတွေကို ဖော်ထုတ်ပါ

ဘာကြောင့် စိတ်ညစ်နေသလဲ၊ စိတ်ညစ်တာမျိုးကို တစ်ခုချင်းချရေးပါ။ သည်အရာတွေ ဖြေရှင်းရမယ့်နည်းတွေကို သင်္ချာပုစ္ဆာလို တွက်ချရေးကြည့်ပါ။

 

(၃) ကိုယ့်ကို အားပေးနှစ်သိမ့်မယ့်သူ ရှာပါ

မိသားစု၊ သူငယ်ချင်းများနှင့် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးနေပါ။ စိတ်ညစ်စရာများကို ဆွေးနွေးပြောကြားရင်ဖွင့်ပါ။

(၄) အနည်းဆုံးလမ်းလျှောက်ခြင်းဖြစ်ဖြစ် ကျန်းမာရေးလေ့ကျင့်ခန်းဖြစ်ဖြစ် လုပ်ပါ။

(၅) ကျန်းမာရေးနှင့်ညီညွတ်သော အစားကောင်းကောင်းစားပါ

(၆) ကောင်းကောင်းအိပ်ပါ

(၇) အခြားသူက အကူအညီပေးလျှင်လက်ခံပါ။ ကိုယ်က အခြားသူဆီက အကူအညီယူရခြင်းသည် ကျရှုံးခြင်းမဟုတ်ပါ။ တစ်ခါတစ်ရံ ကိုယ်မတတ်နိုင်တာတွေလည်း ရှိသလို သူများမတတ်နိုင်ဘဲ ကိုယ်သာတတ်နိုင်သော အရာများလည်း ရှိပါသည်။

(၈) ငြင်းဖို့ဝန်မလေးပါနှင့်။ မတတ်နိုင်သော အရာများကို မနိုင်ဝန်ထမ်းမလုပ်ဘဲနှင့် မတတ်နိုင်ဘူးဟုသာ ရှင်းရှင်းပြောငြင်းတတ်ပါစေ။

(၉) စိတ်တိုတာတွေလျှော့ပါ။ ဆင်ခြင်ပါ။ သည်အချက်က ကျန်းမာရေးအတွက်လည်း မကောင်းသလို ရုပ်လည်းဆိုးစေပါသည်။

(၁၀) နောက်ဆုံးအချက်ကတော့ သိပ်မခက်ပါ။ ငွေလည်းမကုန်ပါ။ လူတိုင်းလိုက်လုပ်နိုင်ပါသည်။ အလွယ်ဆုံးဖြစ်သလို အရေးကြီးဆုံးလည်းဖြစ်ပါသည်။ဘဝကိုအကောင်းမြင်စိတ်ကလေးထားပြီး ပျော်ပျော်ရွှင်ရွှင် ဟာသဉာဏ်နှင့် နေထိုင်သွားဖို့သာဖြစ်ပါသည်။ သည်အချက်သည် အသက်(၄၀)ကျော် သက်လတ်ပိုင်းဝေဒနာကိုသာမက အသက်အရွယ်မရွေး ဘဝတစ်လျှောက်လုံး အောင်မြငစေမည့် အချက်ဟုလည်းပြောနိုင်ပါသည်။ ပျော်ပျော်နေသေခဲဟု ဆိုသည်မဟုတ်ပါလား။

 

Ref:

7days new



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18