Print

ခရီးသွားချိန်မှာ အသားအရေ အလှအပကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်း (၇) သွယ...

  16-Nov-2021
Preview Image

ခရီးသွားချိန်မှာ အသားအရေ အလှအပကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်း (၇) သွယ်

=====

          ခရီးသွားခြင်းဆိုတာ စိတ်နှလုံးကို ရွှင်လန်းစေပြီး အတွေ့အကြုံ၊ ဗဟုသုတအသစ်တွေကိုလည်း တိုးပွားစေပါတယ်။ အခုအချိန်အခါက မိုးတွင်းကာလအကုန်ဖြစ်ပြီး ပွင့်လင်းရာသီကို ရောက်ရှိလာပြီဆိုတော့ ခရီးသွားကာလကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ရုံးပိတ်ရက်တွေမှာ မိသားစုရှိတဲ့ ဇာတိမြေကိုပဲ ပြန်ပြန်၊ အပန်းဖြေအလည်အပတ်ခရီးပဲ သွားသွား ခရီးစဉ်တလျှောက်မှာ အသားအရေရဲ့ကျန်းမာရေးကို ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ Express ကားနဲ့သွားသွား၊ လေကြောင်းလိုင်းနဲ့ သွားသွား၊ အပန်းဖြေအလည်အပတ်ခရီး သွားနေတဲ့အချိန်မှာပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်ကြောင့် အသားအရေဟာ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ခရီးသွားနေချိန်နဲ့ အလည်အပတ်ထွက်နေချိန်ကာလမှာ အသားအရေ အလှအပကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်း (၇) သွယ်ကို မျှဝေလိုက်ပါတယ်။

၁။ အစိုဓါတ်ထိန်းပါ။

          Express ကားထဲမှာ ဖြစ်ဖြစ်၊ လေယာဉ်ပေါ်မှာ ဖြစ်ဖြစ် ကြုံတွေ့ရမယ့် လေထုပတ်ဝန်းကျင်က အသားအရေကို ခြောက်သွေ့စေပါတယ်။ အသားအရေခြောက်သွေ့တာက အလှအပကို ထိခိုက်စေပြီး အိုမင်းရင့်ရော်တဲ့အသွင်ကိုလည်း ဖြစ်စေပါလိမ့်မယ်။ ဒါကို ကာကွယ်ဖို့ အစိုဓါတ်ထိန်း Moisturizer အရည် တစ်ခုခုကို ဆောင်ထားပြီး ခရီးမသွားခင်၊ အလည်အပတ်မထွက်ခင်လေးမှာ လိမ်းထားပေးဖို့  အကြံပေးပါရစေ။

၂။ သန့်စင်မျက်နှာသစ်ဆေးရည် ဆောင်သွားပါ။

          ခရီးသွားတဲ့အခါ Skin care ပစ္စည်းတစ်ခုကိုပဲ ယူခွင့်ရှိမယ်ဆိုရင်တောင် သန့်စင်မျက်နှာဆေးရည် Cleanser ကတော့ မမေ့မလျော့ ယူသွားသင့်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် Cleasner အမျိုးမျိုးရှိပါတယ်။ ကိုယ်သုံးနေကျ Cleanser သန့်စင်ဆေးရည်ကို ဆောင်သွားပြီး အလည်အပတ်ထွက်ရာက ပြန်လာတိုင်း မျက်နှာသစ် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ကိုယ်သုံးနေကျကိုပဲ သုံးသင့်ပြီး Cleanser အသစ်ပြောင်းလဲခြင်းက အသားအရေကို ပိုဆိုးစေနိုင်တာကိုလည်း သိထားသင့်ပါတယ်။

၃။ ညလိမ်းခရင်မ် သုံးပါ။

          ညအိပ်ခရီးထွက်ရတဲ့အခါ Express ကားပေါ်မှာဖြစ်ဖြစ်၊ လေယာဉ်ပေါ်မှာ ဖြစ်ဖြစ် မအိပ်ခင် မျက်လုံးတစ်ဝိုက်နဲ့ မျက်နှာပြင်ပေါ်မှာ ညလိမ်းခရင်မ် (Night Cream) ကို လိမ်းထားပေးဖို့ အကြံပြုပါတယ်။ ဒီလို လိမ်းထားပေးမယ်ဆိုရင် နိုးထလာတဲ့အခါမှာ အရင်ကထက် ပိုလန်းဆန်းနေပြီး မျက်နှာအသားအရေကလည်း ကြည်လင်နေမှာ ဖြစ်ပါတယ်။

၄။ နေလောင်ကာခရင်မ် ဆောင်ပါ။

          ခရီးထွက်တဲ့အခါ ပွင့်လင်းရာသီရဲ့ နေရောင်ကိုလည်း မပေါ့ဆသင့်ပါဘူး။ နေရောင်အောက်မှာ လည်ပတ်တော့မယ်ဆိုရင် အသားအရေ မပျက်စီးစေဖို့ မဖြစ်မနေ လိုအပ်တာကတော့ နေလောင်ကာခရင်မ် (Suncream) ပါ။ နေလောင်ကာခရင်မ် အမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် ကမ်းခြေကို ခရီးထွက်မယ့်သူတွေအတွက် Suncream က မရှိမဖြစ် လိုအပ်ပြီး နေရောင်ကာကွယ်နှုန်း SPF 30 နဲ့အထက် ပါဝင်တဲ့ Suncream ကို လိမ်းထားပေးသင့်ပါတယ်။

၅။ မျက်နှာသစ်ပုဝါ (Facial Wipes) ဆောင်ထားပါ။

          အလည်အပတ်ထွက်တဲ့အခါ နေရာတိုင်းမှာ မျက်နှာသစ်နေဖို့ မလွယ်ကူပါဘူး။ လည်ပတ်စရာ တစ်နေရာကနေ တစ်နေရာသွားပြီးတိုင်းမှာ မျက်နှာအသားအရေမှာ ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်ညိနေတတ်ပါတယ်။ ဒါကို ဖယ်ရှားဖို့ စနိုးတာဝါ (Snow Towels) လို့ လူသိများတဲ့ မျက်နှာသစ်ပုဝါ (Facial Wipes) တစ်မျိုးမျိုးကို ဆောင်ထားပေးသင့်ပါတယ်။ ကိုယ့်အိပ်ထဲမှာ အလွယ်တကူ ထည့်ထားနိုင်ပြီး Express ကားပေါ်မှာ ဖြစ်ဖြစ်၊ လေယာဉ်ပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့မျက်နှာကို အချိန်မရွေး သန့်စင်ပေးလို့ ရနိုင်မှာပါ။ ဒါ့အပြင် အစိုဓါတ်ပါဝင်တဲ့အတွက် မျက်နှာအသားအရေရဲ့ အစိုဓါတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်မှာပါ။

၆။ မျက်နှာကို လက်နဲ့ ခဏခဏမထိပါနဲ့။

          မျက်နှာကို လက်နဲ့ ခဏခဏ သွားသွားထိတာက ဝက်ခြံကို ပိုထွက်စေပါတယ်။ ခရီးသွားနေတဲ့အခါ နေရာဒေသ အသစ်ဖြစ်တဲ့အတွက် လက်နဲ့ကိုင်တွယ်လိုက်တဲ့ ပစ္စည်းတွေ၊ အသုံးအဆောင်တွေကတဆင့် ကိုယ့်ခန္ဓာကိုယ်အတွက် မရင်းနှီးသေးတဲ့ ဘက်တီးရီးယားပိုးအသစ်တွေ ကပ်ပါလာနိုင်ပါတယ်။ ဒါကြောင့် တစ်နေရာနဲ့ တစ်နေရာသွားပြီးတိုင်း လက်ကို သန့်ရှင်းအောင် ဆေးကြောဖို့ လိုပါတယ်။ ရေမလိုတဲ့ လက်သန့်ဆေးရည် Sanitizer လေးတွေ တတ်နိုင်သလောက် ဆောင်ထားပါ။

၇။ မိတ်ကူထူထူ မလိမ်းပါနဲ့။

          မိတ်ကပ်ထူထူလိမ်းခြင်းက အသားအရေကို ပိုပိတ်လှောင်စေပြီး ပိုပျက်စီးစေပါတယ်။ ခရီးသွား၊ အလည်အပတ်ထွက်တဲ့အခါမှာ မိတ်ကပ်လိမ်းမယ့်အစား အစိုဓါတ်ထိန်း Moisturizer ဒါမှမဟုတ် နေ့လိမ်းခရင်မ် (Day Cream) လေးနဲ့ SPF ခရင်မ်လေးပဲ လိမ်းပေးထားမယ်ဆိုရင် လုံလောက်ပါတယ်။

          ဒီနည်းလမ်း (၇) သွယ်ကတော့ ခရီးသွားစဉ်မှာ အသားအရေအလှအပကို ထိန်းသိမ်းနိုင်ဖို့ လူတိုင်း အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ လှလှပပနဲ့ ခရီးသွားနိုင်ပြီး ခရီးစဉ်တလျှောက်မှာ ပျော်ရွှင်လန်းဆန်းနိုင်ဖို့နဲ့ ခရီးသွားအပြီးမှာလည်း အသားအရေပျက်စီးလာတာကို ကာကွယ်နိုင်ဖို့အတွက် ဒီနည်းလမ်းတွေကို အလှအပကျန်းမာရေး ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။

ဒေါက်တာကောင်း

Ref: webmd.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18