Print

ကိုဗစ်ဖြစ်ပြီးတော့ ဆံပင်တွေကျွတ်လာတာ ဘာကြောင့်လဲ

  26-Oct-2021
Preview Image

ကိုဗစ်ဖြစ်ပြီးနောက် ဆံပင်ကျွတ်ခြင်း

ကိုဗစ်ဖြစ်ပြီးတော့ ဆံပင်တွေကျွတ်လာတာ ဘာကြောင့်လဲ

=====

ကိုဗစ်ဖြစ်ပြီးပြန်လည်သက်သာလာတဲ့သူတွေမှာ ကိုဗစ်ဖြစ်ပြီးနောက် နှစ်လသုံးလလောက်ကြာတဲ့အခါမှာ ဆံပင်ကျွတ်တာကို သတိထားမိကြပါတယ်။ လူတစ်ယောက်ဟာ ပုံမှန်အနေနဲ့တနေ့ကို ဆံပင်အရေအတွက် ၅၀မှ၁၀၀ကြားကျွတ်လေ့ရှိပါတယ်။ ဒါဟာ ဆံပင်တွေဆုံးရှုံးသွားတာမဟုတ်ပဲနဲ ့ဆံပင်သန်စွမ်းတဲ့ဖြစ်စဉ်ထဲက အဆင့်တစ်ခုဖြစ်တဲ့ shedding (telogen) အဆင့်ကိုရောက်သွားတာဖြစ်ပါတယ်။ တကယ်လို့ လွန်ခဲ့တဲ့လအနည်းငယ်က အပြင်းအထန်ဖျားနာခြင်းတခုခုဖြစ်ခဲ့မယ်ဆိုရင်တော့ ပုံမှန်ကျွတ်နေကျပမာဏထက် ဆံပင်တွေပိုပြီးကျွတ်နိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ဆေးပညာအရ telogen effluvium လို့ခေါ်ပါတယ်။ Telogen effluvium ကို ကိုယ်အလေးချိန် ပေါင်(၂၀)နဲ့အထက်ကျဆင်းသူတွေ၊ ကလေးမွေးထားတဲ့အမျိုးသမီးတွေ၊ စိတ်ဖိစီးမှုကိုအပြင်းအထန်ခံစားရသူတွေ (ဥပမာ- နေမကောင်းဖြစ်တဲ့ ချစ်ခင်ရသူတွေကို ပြုစုစောင့်ရှောက်နေသူတွေ၊ ကွာရှင်းပြတ်စဲသူတွေ၊ အလုပ်အကိုင်ဆုံးရှုံးရသူတွေ)၊ အပြင်းဖျားနာသူတွေ၊ ခွဲစိတ်ကုသမှုခံယူထားသူတွေ၊ အပြင်းအထန်ဖျားနာခြင်း (ဥပမာ ကိုဗစ်ဖြစ်ခြင်း)ကနေ နာလန်ထလာသူတွေ၊ တားဆေးသောက်တာကို ရပ်လိုက်တဲ့ အမျိုးသမီးတွေမှာ အများဆုံးတွေ့ရပါတယ်။


ဆံပင်ကျွတ်တာကို ဘယ်လိုလုပ်ရင် သက်သာနိုင်မလဲ


Telogen effluvium ဟာ ၆လ မှ ၉လအထိကြာတတ်ပြီး ပြီးရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားတတ်ပါတယ်။ အပေါ်ကပြောခဲ့တဲ့အကြောင်းအရင်းတွေကြောင့် ဆံပင်တွေကျွတ်တာဆိုရင် ကုသမှုမလိုပဲ ပုံမှန်အတိုင်းပြန်ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုခံစားနေရတယ်ဆိုရင်တော့ စိတ်ဖိစီးတာကို လျော့ပါးသက်သာအောင်လုပ်နိုင်တယ်ဆိုရင် ဆံပင်ကျွတ်တာသက်သာသွားမှာဖြစ်ပါတယ်။ ဆံပင်ကျွတ်တာအပြင် အနီစက်တွေထွက်ပြီး ဦးရေပြားယားယံတာ၊ပူစပ်ပူလောင်ဖြစ်တာ စတာတွေရှိရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ပြသသင့်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို သက်သာလျော့ပါးစေတဲ့ ကုထုံးတွေကတော့ ဆံပင်ပေါက်ဆေးသောက်တာ၊ဗီတာမင်အားဆေးတွေသောက်တာကနေ ဆံပင်စိုက်တာ၊ လေဆာကုထုံး၊သွေးရည်ကြည်ကုထုံးစတာတွေပါဝင်ပါတယ်။ ဆေးသောက်ဖို့ ဒါမှမဟုတ် တခြားနည်းလမ်းတွေကိုတော့ ဆရာဝန် (သို့) အလှအပရေးရာပညာရှင်နဲ ့အရင်ဆုံး တိုင်ပင်ပြီး သင့်တော်တဲ့ကုသမှုယူသင့်ပါတယ်။ ယာယီဆံပင်ကျွတ်ခြင်းအတွက်တော့ အိမ်မှာလုပ်လို့ရနိုင်တဲ့ သဘာဝနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်မယ့် သဘာဝနည်းလမ်းများ


၁- ဦးရေပြားကို နှိပ်နယ်ပေးခြင်း


ဦးရေပြားကိုနှိပ်နယ်ပေးခြင်းဟာ ဆံပင်သန်စွမ်းတဲ့ဖြစ်စဉ်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်ပြီး ဆံပင်လိမ်းတဲ့ဆီ (သို့) ပေါင်းတင်တဲ့maskနဲ့တွဲဖက်လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ ဦးရေပြားကိုလှုံ့ဆော်ပေးပြီး ဆံပင်တွေကို ပိုမိုထူထဲစေပါတယ်။ အချိန်ပေးပြီးဦးရေပြားကို နှိပ်ပေးပါက စိတ်ဖိစီးမှုနဲ့တင်းအားတွေကို လျှော့ချပေးနိုင်တာမို ့လုပ်ဆောင်သင့်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။


၂- ရှားစောင်းလက်ပတ်အသုံးပြုခြင်း


ရှားစောင်းလက်ပတ်ဟာ ဆံပင်တွေကျွတ်တာကို ကုသရာမှာ အသုံးပြုသလို ဗောက်တွေကို နည်းပါးစေပြီး ဆံပင်မွေးညင်းပေါက်တွေမှာပိတ်နေတဲ့ အဆီတွေကိုဖယ်ရှားပေးပါတယ်။ ရှားစောင်းပါဝင်တဲ့ shampoo နဲ့conditioner ကို တစ်ပတ်မှာ ၂-၃ကြိမ်လောက်သုံးပေးနိုင်ပါတယ်။


၃-အုန်းဆီအသုံးပြုခြင်း


အုန်းဆီမှာ ဖက်တီးအက်ဆစ်တွေပါဝင်တာကြောင့် ဆံပင်ချောင်းအထဲကို ထိုးဖောက်ဝင်ရောက်ပြီး ဆံပင်ကပရိုတင်းဓာတ်တွေဆုံးရှုံးတာကို လျှော့ချပေးနိုင်ပါတယ်။ ဆံပင်အမျိုးအစားပေါ်မူတည်ပြီး ခေါင်းမလျှော်ခင် (သို့) ခေါင်းလျှော်ပြီးရင်အသုံးပြုနိုင်ပါတယ်။ အဆီပြန်တတ်တဲ့ဆံပင်ရှိရင်တော့ တညလုံး (သို့)ခေါင်းမလျှော်ခင် ခဏလိမ်းထားနိုင်ပါတယ်။ အုန်းဆီကို အသုံးပြုပြီး ဦးရေပြားနဲ့ဆံပင်တွေကို နှိပ်နယ်ပေးလို့ရပါတယ်။


၄- သဘာဝဆံပင်အားဖြည့်ဆေး ဗီတာမင်များသောက်သုံးခြင်း


ဘိုင်အိုတင်၊ဇင့်၊ဗီတာမင်C၊သံဓာတ်စတာတွေပါဝင်တဲ့ အားဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့ပမာဏနဲ ့အညွှန်းအတိုင်းသောက်သုံးလို့ရပါတယ်။


၅- ငါးကြီးဆီသောက်သုံးခြင်း


အိုမီဂါဖက်တီးအက်ဆစ်တွေဟာ အာဟာရဓာတ်နဲ ့ပရိုတင်းတွေပါဝင်တာကြောင့် ဆံပင်ကို အတွင်းကနေသန်စွမ်းအောင် ပြုပြင်ပေးပါတယ်။ အိုမီဂါအားဆေးကို တခြားဗီတာမင်တွေနဲ့တွဲဖက်သောက်သုံးခြင်းက ဆံပင်ရဲ့အထူနဲ့အရှည်ကို ကောင်းမွန်စေပြီး ဆံပင်ကျွတ်တာကိုလျှော့ချပေးပါတယ်။ အိုမီဂါဖက်တီးအက်ဆစ်တွေဟာ ခန္ဓာကိုယ်တွင်းက ဆဲလ်တွေကို အလုပ်ကောင်းကောင်းလုပ်စေပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရဲ ့ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။


၆- သံပုရာရည်နှင့် သံပရာအဆီအသုံးပြုခြင်း


လတ်ဆတ်တဲ့သံပုရာရည် (သို့) သံပုရာအဆီဟာ ဆံပင်ရဲ့အရည်အသွေးနဲ့ဆံပင်သန်စွမ်းခြင်းကို တိုးတက်ကောင်းမွန်စေပါတယ်။ သံပုရာအဆီဟာ ကျန်းမာတဲ့ဦးရေပြားကို ထိန်းသိမ်းပေးပြီး ဆံပင်သန်စွမ်းခြင်းကို အားပေးပါတယ်။ သံပုရာရည်လတ်လတ်ဆတ်ဆတ်ကို ခေါင်းမလျှော်ခင် ၁၅မိနစ်အလိုမှာ လိမ်းပေးလို့ရသလို သံပုရာပါဝင်တဲ့ essential oil ကိုလည်း carrier oilနဲ့ရောစပ်ပြီး ဆံပင်ပေါင်းတင်တဲ့ hair mask အဖြစ်နဲ့အသုံးပြုလို ့ရပါတယ်။

Dr. MMO

Ref: aad.org, mayo clinic and healthline



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18