Print

လက်သည်းဆိုးဆေးတွေရဲ့ ကြောက်စရာ အန္တရာယ်များ (၂)

  18-Nov-2020
Preview Image

လက်သည်းဆိုးဆေးတွေရဲ့ ကြောက်စရာ အန္တရာယ်များ (၂)


ကျန်းမာရေး ညီညွတ်စေမယ့် လက်သည်းဆိုးဆေး တခြားသဘာဝပစ္စည်းတွေ

          ဘယ်ဆိုးဆေး တံဆိပ်ဖြစ်ဖြစ် နာမည်ကြီးကြီး၊ မကြီးကြီး အထက်ပါ အဆိပ်အတောက်တွေကတော့ ကျန်းမာရေးထိခိုက်ဖို့ ပါလာတာချည်းပါပဲ။ အဲဒီတော့ လှကလည်း လှချင်၊ ရောဂါရမှာလည်း စိုးရိမ်းတယ်ဆိုရင် လူကို မထိခိုက်စေမယ့် ပစ္စည်းတွေ အစားထိုးသုံးနိုင်ပါတယ်။

          အလှအပအတွက် ဆန့်ကျင်ဖက်လိင်ဆွဲဆောင်မှုအတွက် ဒါမှမဟုတ် အလှအပကို မိမိဘာသာ ခံစားပျော်ရွှင်စေမှုအတွက် လက်သည်းခြေသည်းဆိုးတော့မယ်ဆိုရင် ရောင်စုံလှပဆန်းပြားမှုနဲ့အတူ အထက်ပါဓာတုအဆိပ်တွေပါတဲ့ နာမည်ကြီး နာမည်မရ၊ ဈေးကြီး ဈေးမတန်၊ လက်သည်းခြေသည်း ဆိုးဆေးအမျိုးမျိုးကို သုံးကြမယ့်အစား ဘေးကင်းစိတ်ချရမယ့် သဘာဝဆိုးဆေးတွေကို ရွေးချယ်ရှာဖွေသုံးစွဲသင့်ပါတယ်။

          အခုနောက်ပိုင်းမှာ တချို့ကုမ္ပဏီတွေကလည်း အန္တရာယ်ကင်းမယ့်ပစ္စည်းတွေ ထည့်သွင်းပြီး ရှာဖွေဖော်ထုတ်လာကြတယ်။ အဲဒီသဘာဝဆိုးဆေးတွေမှာက ကံကောင်းထောက်မစွာပဲ သုံးစွဲသူတွေကို ကင်ဆာအလာဂျီနဲ့ ဟော်မုန်းထိခိုက်ယိုယွင်းမှုတွေ မဖြစ်ပေါ်စေပါဘူး။ ထုတ်လုပ်စရိတ်ကြီးလို့ ဝယ်သုံးရတာဈေးများနိုင်ပေမယ့် အဲဒီသဘာဝဆိုးဆေးတွေကိုသာ ရွေးချယ်အသုံးပြုဖို့ တိုက်တွန်းလိုပါတယ်။

အောက်ပါတို့က အန္တရာယ်ကင်းဘေးရှင်းစေတဲ့ သဘာဝဆိုးဆေးအလှကုန်တွေ ဖြစ်တယ်လို့ ဖော်ပြပါရှိတယ်။

(၁) Honeybee Gardens ပျားဥယျာဉ်

          အဲဒီထွက်ကုန်လက်သည်းဆိုးဆေးမှာ အရောင်အမျိုးမျိုးကို သဘာဝပစ္စည်းတွေနဲ့သာ ထုတ်လုပ်ထားတယ်။ ရေဓာတ်ကိုပဲ အခြေခံထုတ်လုပ်ထားလို့ အရက်ပြန်၊ အယ်လ်ကိုဟောရိုးရိုးနဲ့ အသာပွတ်ပစ်ရုံနဲ့ အလွယ်တကူ ဖယ်ရှားပစ်နိုင်တယ်။ အဲဒီဆိုးဆေးတွေမှာတော့ အန္တရာယ်ပေးတဲ့ ဓာတုပစ္စည်းတွေ၊ ကာစီနိုဂျင်တွေ အနည်းအကျဉ်းလေး ပါတာတောင် မတွေ့ရဘူးလို့ ဆိုပါတယ်။

(၂) Acquarella အကွာရဲလား

          ဒီအုပ်စုမှာတော့ လက်သည်းဆိုးဆေးအရောင်စုံအမျိုးအမည် ၅၀ ကျော်တောင် ပါဝင်တယ်။ အဲဒါတွေကလည်း ရေဓာတ်အခြေခံကာ ထုတ်လုပ်ထားတာဖြစ်တယ်။ ဒါ့အပြင် အဲဒါတွေထဲမှာ အန္တရာယ်ပေးတဲ့ ဖော်မယ်ဒီဟိုက် Tuluene, Dibutyl Phthalate, ပြဒါး စတာတွေလည်း မပါဘူး။

(၃) SpaRitual

          အဲဒါကလည်း အသီးအရွက်ကနေ ထုတ်လုပ်ထားပြီး ဘေးအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေလုံးဝ မပါဝင်ပါဘူး။ စိတ်ချလက်ချသုံးစွဲနိုင်တယ်လို့ ဆိုထားတယ်။

(၄) Peace Keeper Cause Metics

          ဒီအမျိုးအစားမှာတော့ တောက်ပတဲ့ အရောင်တွေပါရှိပြီး အဆိပ်အတောက်ကင်းစင်ပါတယ်။ အဆီပါထည့်သွင်းဖော်စပ်ထားလို့ ဆေးဆိုးထားရင် ခြေသည်းလက်သည်းတွေရဲ့ အစိုဓာတ်ပါ ထိန်းသိမ်းပေးနိုင်ပါတယ်။

          အမျိုးသမီးတွေအနေနဲ့ အလှအပအတွက် မိမိလက်သည်းခြေသည်းကို ဆေးဆိုးတဲ့အခါ လှစေချင်ရုံသက်သက်နဲ့တော့ မိမိအသက်နဲ့ ကျန်းမာရေးအထိခိုက်ခံပြီး အလွယ်ရတဲ့ ဆိုးဆေးအမျိုးမျိုးကို မသုံးသင့်ပါဘူး။ ကလေးလေးတွေကိုလည်း ကျန်းမာရေးရော ကြီးထွားဖွံ့ဖြိုးမှုပါ အထိခိုက်ခံပြီး ပေးမသုံးသင့်ပါဘူး။ ဆေးဆိုးရတာ ဝါသနာပါတယ်ဆိုရင်တော့ ငွေကုန်ကြေးကျ ပိုများမယ့် တကူးတက ရှာဖွေဖို့လိုမယ့် အထက်ပါ တံဆိပ်တွေသာ ရှာဖွေသုံးစွဲသင့်ပါတယ်။ အဲဒါမှသာ ကျန်းမာရေးလည်း မထိခိုက်တော့ စိတ်လည်း အေးရ၊ စတိုင်လ်ကျကျနဲ့ လက်သည်းခြေသည်းလည်း အလှဆင်နိုင်ပါလိမ့်မယ်။

          စာရေးသူကတော့ ဆံပင်နဲ့ ခြေသည်းလက်သည်းဆေးဆိုးတာ ဝါသနာပါလှသူမဟုတ်တော့ အထက်ပါတံဆိပ်တွေကိုရအောင် တကူးတက ရှာဖွေမရရင်လည်းနေပါစေတော့။ ဓာတုအဆိပ်တွေပါတဲ့ လက်သည်းခြေသည်းဆိုးဆေးတွေကို ဒီကနေ့ကစပြီး ပါဏုပေတံ အသက်ထက်ဆုံး မဆိုးတော့၊ မသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ချစ်စွာသော စာရှုသူတွေကိုလည်း နေ့စဉ်အပတ်စဉ် လစဉ် အမြဲတမ်းလိုခြေသည်းလက်သည်း ဆေးမဆိုးကြဖို့ ကျန်းမာရေးက အလှအပထက် ပိုအရေးကြီးတာမို့ ဂရုစိုက် ဆင်ခြင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit : ဒေါက်တာအေးမြချယ် 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18