Print

Waist Trainer ဝတ်ဆင်ခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ

  21-Oct-2020
Preview Image

Waist Trainer ဝတ်ဆင်ခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ

          ကင်ကာဒါရှန်နဲ့ ဂျက်ဆီကာအယ်လ်ဘာတို့လို နာမည်ကျော်အနုပညာရှင်တွေရဲ့ ထောက်ခံမှုကြောင့် Waist Trainer တွေဟာ အခုခေတ်မှာ အရမ်းဝယ်လိုအားတက်လာနေပါပြီ။ ဒါပေမယ့် Waist Trainer ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်လဲဆိုတာတော့ လူသိနည်းနေတုန်းပါပဲ။ Waist Trainer ဆိုတာ အထူးပြုလုပ်ထားတဲ့ ခါးအပတ်ကိုအသုံးပြုပြီး သဘာဝအတိုင်း ခါးဆိုဒ်ကို သေးသွားစေတဲ့နည်းနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေတာဖြစ်ပါတယ်။ Waist Trainer ကြောင့် အကျိုးထူးတာပဲဖြစ်ဖြစ်၊ ဆိုးကျိုးတွေပဲဖြစ်ဖြစ် သိသိသာသာ မြင်တွေ့နိုင်ပါတယ်။

Waist Trainer ၏ ကောင်းကျိုးများ

          နှစ်ထောင်ပေါင်းများစွာကြာအောင် အမျိုးသမီးတွေဟာ Corset ကို ခါးသေးအောင်လေ့ကျင့်ဖို့ ယန္တရားတစ်ခုအနေနဲ့ အသုံးပြုလာခဲ့ကြပါတယ်။ Waist Trainer ရဲ့ အလုပ်လုပ်ပုံက ရှင်းပါတယ်။ အချိန်အတိုင်းအတာတစ်ခုကြာအောင် Waist Trainer ကို ခါးမှာပတ်ထားပေးရတာပါပဲ။

ခါးမှာအချိန်ကြာအောင် ဖြစ်ပေါ်နေတဲ့ဖိအားက အချိန်ကြာလာတာနဲ့အမျှ သဘာဝအတိုင်းခါးဆိုဒ်ကို သေးသွားစေနိုင်ပါတယ်။

၁။ သဲနာရီပုံ ခန္ဓာကိုယ်အချိုးအစားမျိုးရရှိနိုင်ခြင်း

          အမျိုးသမီးအများစုဟာ သဲနာရီပုံခန္ဓာကိုယ်အချိုးအစားမျိုး ပိုင်ဆိုင်ချင်လို့ Waist Trainer ကို ဝတ်ဆင်ကြတာပါ။ ကိုယ်လိုချင်တာက သဲနာရီပုံ ခန္ဓာကိုယ်အချိုးအစားဆိုရင်တော့ Waist Trainer က အသင့်တော်ဆုံးရွေးချယ်မှုပါပဲ။

၂။ ကိုယ်အလေးချိန် ထိန်းပေးခြင်း

          Waist Trainer ဝတ်ဆင်ထားတဲ့အချိန်မှာ အစားအသောက်ကို အလွန်အကျွံစားမိတော့မှာ မဟုတ်ပါဘူး။ တစ်ခုသိထားရမှာက Waist Trainer ဟာ ကိုယ်အလေးချိန်ကျသွားအောင်တော့ လုပ်မပေးနိုင်ပါဘူး။ ကိုယ်စားမယ့် အစားအသောက်ပမာဏကိုသာ ထိန်းချုပ်ပေးနိုင်တာပါ။ ခန္ဓာကိုယ်တွင်းကအဆီတွေကို လောင်ကျွမ်းပေးမှာမဟုတ်ပါဘူး။

၃။ ကိုယ်နေဟန်ထားကောင်းမွန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိစေခြင်း

          Waist Trainer ဝတ်ထားတဲ့အခါ အရိုးတွေက ပျော့ခွေနေလို့မရတဲ့အတွက် မတ်တတ်ရပ်နေရင်ဖြစ်ဖြစ်၊ ထိုင်နေရင်ဖြစ်ဖြစ် ကိုယ်နေဟန်ထားကောင်းမွန်စေနိုင်ပါတယ်။ နောက်ပြီး ကျောရိုးကိုလည်း လိုအပ်တဲ့အထောက်အပံ့ပေးနိုင်လို့ ကိုယ်နေဟန်ထားအတွက် အထောက်အကူဖြစ်တာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ အမျိုးသမီးအများစုဟာ Waist Trainer အသုံးပြုပြီးတဲ့နောက် ခါးဆိုဒ်ပြောင်းလဲမှုကို မြင်တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပိုရှိသွားတတ်ကြပါတယ်။ အပြင်သွားတဲ့အခါ အဝတ်အစားအောက်မှာ Waist Trainer ဝတ်ဆင်မယ်ဆိုရင် ပိုပြီးတောင် ယုံကြည်ချက်ရှိစေနိုင်ပါတယ်။

၄။ ကလေးမွေးပြီးနောက် ဗိုက်ချပ်စေခြင်း

          အမျိုးသမီးအများစုဟာ ကလေးမွေးပြီးတဲ့အခါ သဘာဝအတိုင်း ခါးဆိုဒ်အရွယ်အစားသေးအောင် လုပ်ချင်ကြပါတယ်။ ကလေးအမေတွေအတွက် ဝမ်းဗိုက်ကြွက်သားတွေပြန်လည်တောင့်တင်းစေဖို့ Waist Trainer က အထောက်အကူပေးနိုင်တယ်လို့ ဂျက်ဆီကာအယ်လ်ဘာနဲ့ ကင်ကာဒါရှန်တို့လို နာမည်ကျော်အနုပညာရှင်တွေက ထောက်ခံထားပါတယ်။

၅။ ရင်သားကို အထောက်အပံ့ဖြစ်စေခြင်း

          Waist Trainer ဟာ ရင်သားလိုင်းကို ပေါ်လွင်စေတဲ့အပြင် ရင်သားအတွက်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။ Waist Trainer ရဲ့ ဒီအကျိုးကျေးဇူးက ရင်သားကြီးတဲ့အမျိုးသမီးတွေအတွက် ပိုပြီး အထောက်ကူပြုနိုင်ပါတယ်။

Waist Trainer ၏ ဆိုးကျိုးများ

          Waist Trainer ဟာ တကယ်အကျိုးထူးစေသလို သတိထားရမယ့်ဆိုးကျိုးတွေလည်း ရှိပါတယ်။

၁။ သက်သောင့်သက်သာမရှိခြင်း

          Waist Trainer ဟာ အထည်သားတစ်ခုကို ခါးပတ်တင်းတင်းကျပ်ကျပ်ပတ်ထားရတာဖြစ်လို့ နေရထိုင်ရတာ သက်သောင့်သက်သာ ရှိစေနိုင်မှာမဟုတ်ပါဘူး။

၂။ အက်စစ်အရည်များထွက်ခြင်း

          ဝမ်းဗိုက်ထဲမှာ အူ၊ အစာပြွန်နဲ့ အစာအိမ်ကွက်ရက်က ရှုပ်ထွေးလွန်းလှပါတယ်။ ခါးဆိုဒ်သေးအောင် Waist Trainer အသုံးပြုတဲ့အခါ ဒီကိုယ်တွင်းအင်္ဂါတွေမှာ ဖိအားဖြစ်စေနိုင်ပါတယ်။ ထမင်းစားချိန်မှာ Waist Trainer ဝတ်ထားမယ်ဆိုရင် အစာခြေစနစ်ကိုတောင် အနှောင့်အယှက်ဖြစ်စေရုံသာမက အက်စစ်အရည်တွေပါ ထွက်စေနိုင်ပါတယ်။ ထမင်းစားချိန်မှာ Waist Trainer ကို ချွတ်ထားတာပဲဖြစ်ဖြစ်၊ အနည်းငယ် ဖြေလျှော့ထားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။

၃။ ကြွက်သားအားနည်းခြင်း

          ပြီးပြည့်စုံတဲ့ ခါးကြောလေးကို လူတိုင်းလိုချင်ကြပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကိုရောက်အောင် အလွန်အကျွံလုပ်ကြသူတွေလည်း ရှိပါတယ်။ Waist Trainer ကိုသုံးပြီး အကျိုးထူးချင်တယ်ဆိုရင် တရားလွန်မဟုတ်ဘဲ သင့်တင့်မျှတအောင်လုပ်တတ်ဖို့ လိုပါတယ်။

၄။ အသက်ရှုကျပ်ခြင်း

          Waist Trainer ကို ကျပ်အောင်ဝတ်ရင် ရလဒ်ထွက်တာ ပိုမြန်လိမ့်မယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ Waist Trainer က အရမ်းတင်းကျပ်နေရင် ရင်ဝမ်းခြားကြွက်သားကို ညှစ်ထားသလိုဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် Waist Trainer ကို တင်းနေအောင် ဝတ်ထားရင်တောင် အသက်ဝဝရှုနိုင်ဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ပြတ်တောက်မယ်ဆိုရင် မူးမော်တာနဲ့ တခြားကျန်းမာရေးအန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။

၅။ ဝမ်းဗိုက်ကြွက်သားများ ထိခိုက်ခြင်း

          Waist Trainer ကို အကြာကြီး တင်းတင်းကျပ်ကျပ်ပတ်ထားရင် ဝမ်းဗိုက်ကြက်သားတွေကို အားနည်းသွားစေနိုင်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေက သူတို့ကိုအထောက်အပံ့ပေးတဲ့ Waist Trainer ပေါ်မှာ အရမ်းမှီခိုလွန်းရတဲ့အတွက် အပျင်းကြီးလာကြတာ ဖြစ်ပါတယ်။ Waist Trainer သုံးထားရင် ဝမ်းဗိုက်ကြွက်သားတွေက အလုပ်လုပ်စရာမလိုတဲ့အတွက်လည်း ဖြစ်ပါတယ်။ အချိန်တွေကြာလာတဲ့အထိ ဝမ်းဗိုက်ကြွက်သားတွေက လှုပ်ရှားမှုမရှိရင် အသက်မဲ့သလို ဖြစ်သွားနိုင်ပါတယ်။ Waist Trainer ကို သုံးစွဲခြင်းကြောင့် ဝမ်းဗိုက်ကြွက်သားတွေ လျော့နည်းလာမယ်ဆိုရင် တင်ပါးစုံအရိုး ပြဿနာ၊ ကိုယ်နေဟန်ထားပြဿနာနဲ့ ခါးနာတာတွေ ဖြစ်လာနိုင်ပါတယ်။

၆။ အရိုးများပုံသဏ္ဍာန်ပြောင်းလဲခြင်း

          Waist Trainer ကို ဆက်တိုက်ဝတ်မယ်ဆိုရင် အရိုးတွေက ပုံသဏ္ဍာန်ပြောင်းလဲလာနိုင်ပါတယ်။ Waist Trainer တွေကို ၁၉၄၀ ပြည့်နှစ်ကတည်းက ထုတ်လုပ်လာခဲ့တာဖြစ်ပေမယ့် အလွန်အကျွံသုံးရင် အရိုးပုံသဏ္ဍာန်ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပုံသဏ္ဍာန်ပြောင်းလဲအောင် ဖိအားပေးလွန်းတဲ့ Waist Trainer တွေကို သတိထားဖို့လိုအပ်ပါတယ်။ Waist Trainer ဝတ်ထားရက်နဲ့လည်း သက်သောင့်သက်သာရှိဖို့ အရေးကြီးပါတယ်။ အချိန်အကြာကြီး ဆက်တိုက်မဝတ်ပါနဲ့။

          လက်ရှိမှာ Waist Trainer က ခါးဆိုဒ်သေးသွားအောင် လုပ်ပေးနိုင်တယ်လို့ သက်သေပြနိုင်တဲ့ ဆေးပညာဆိုင်ရာသုတေသနတွေတော့ မရှိသေးပါဘူး။ ကျန်းမာရေးနဲ့ ညီအောင်စားသုံးတာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းတွေကသာ သဘာဝအတိုင်းခါးဆိုဒ်သေးအောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းတွေဖြစ်တယ်လို့ ယေဘုယျအားဖြင့် ယူဆလို့ရတယ်လို့ ပညာရှင်တွေကဆိုထားပါတယ်။

Credit : အမရာ

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18