Print

သွေးလှူခြင်းအကြောင်း သိကောင်းစရာ

  25-Sep-2020
Preview Image

သွေးလှူခြင်းအကြောင်း သိကောင်းစရာ


သွေးလိုနေတဲ့လူကို သွေးလှူလိုက်လို့ရလာတဲ့အကျိုးကျေးဇူးတွေကတော့ ပြောလို့တောင် ဆုံးမှာမဟုတ်ပါဘူး။ အထူးခြားဆုံးအကျိုးကျေးဇူးကတော့ ကိုယ့်သွေးနဲ့ လူ့အသက်ကို ကယ်ခွင့်ရတာပါပဲ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် နှစ်စက္ကန့်တိုင်း လူတစ်ယောက်က သွေးလိုနေပါသတဲ့။ 

ဒါကြောင့် သွေးလှူတဲ့အကြောင်း သိကောင်းစရာတွေကို ဖော်ပြလိုက်ပါတယ်။ သွေးလှူလိုက်ရင် သူများကို ကူညီလိုက်ရလို့ စိတ်ချမ်းသာရုံသာမက ကိုယ်ကျန်းမာတဲ့ ဆုလာဘ်ကိုပါ ရနိုင်ပါသေတယ်။ 

စိတ်ဖိစီးမှု လျော့ကျလာမယ်

စိတ်ချမ်းသာမယ်၊ ကိုယ်ကျန်းမာမယ်

ငါဟာ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့လူပါလားလို့ ခံစားလာရမယ်။

ဒါတွေအပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေပါရလိမ့်ဦးမယ်လို့ သုတေသနကဆိုပါတယ်။

ကျန်းမာရေး အခမဲ့စစ်ဆေးခွင့်ရမယ်။ 

သွေးလှူမယ်ဆိုရင် အလှူရှင်ရဲ့ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးဝန်ထမ်းတွေက အရင်ဆုံး စစ်ပေးရပါတယ်။ 

သွေးခုန်နှုန်း

သွေးဖိအား

ကိုယ်အပူချိန်

ဟီမိုဂလိုဘင်ပမာဏ

ဒါတွေကို ကျန်းမာရေးဝန်ထမ်းတွေက အခမဲ့ စစ်ပေးတဲ့အတွက် ကိုယ့်မှာ ငုပ်လျှိုးနေတဲ့ ရောဂါတစ်ခုခုရှိ၊ မရှိ သိသွားနိုင်မှာပါ။ ပြီးတော့အလှူရှင်မှာ ရောဂါပိုး ရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက စစ်ပေးပါသေးတယ်။ သူတို့က အလှူရှင်မှာ 

ဘီပိုး

စီပိုး

အိတ်ချ်အိုင်ဗီပိုး

ကာလသားရောဂါပိုး စတာတွေ ရှိ၊ မရှိ စစ်ပေးတာပါ။

သွေးလှူရင် ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ။

ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတိုင်း ဘာမှစိတ်ပူစရာမလိုဘဲ သွေးလှူလို့ရပါတယ်။ သွေးလှူလို့ ရောဂါကူးသွားတာမျိုးဖြစ်နိုင်ခြေ မရှိပါဘူး။ သွေးလှူရှင်တိုင်းအတွက် ဆရာဝန်တွေက ဆေးထိုးအပ်အသစ်ပဲသုံးပါတယ်။ တချို့တွေက သွေးလှူပြီးရင် အော့အန်၊ ခေါင်းမူးတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်လည်း စိတ်မပူပါပဲ။ မိနစ်ပိုင်းလေးနဲ့ သက်သာသွားမှာပါ။ ခြေထောက်ကိုထောင်ထားပြီး လှဲနေလိုက်ရင် သက်သာသွားပါလိမ့်မယ်။ အပ်ရာထင်တဲ့နေရာမှာ သွေးနည်းနည်းထွက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါလည်း စိုးရိမ်စရာမရှိပါဘူး။ အဲဒီနေရာကို လက်နဲ့ အသာလေးဖိထားလိုက်ပါ။ ဒါမှမဟုတ် လက်ကို မိနစ်ပိုင်းလောက် မြှောက်ထားလိုက်ပါ။

အစာစားပြီး၊ ရေသောက်ပြီး၊ အနားယူပြီးတာတောင်မှ ခေါင်းမူးနေတုန်းပဲ၊ အော့ချင်အန်ချင်ဖြစ်နေတုန်းပဲဆိုရင် 

အပ်ရာရှိတဲ့နေရာမှာ အတော်ကြီးကြာတဲ့အထိ သွေးထွက်နေတုန်းပဲဆိုရင် 

လက်နာတယ်၊ ထုံတယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်တယ်ဆိုရင် သွေးလှူဘဏ်ကို ဖုန်းဆက်အကြောင်းကြားလိုက်ပါ။ 

သွေးလှူတဲ့ လုပ်ငန်းစဉ်တွေက ဘာတွေလဲ။ 

သွေးလှူဘဏ်ရောက်ပြီဆိုရင် ပထမဦးဆုံး နာမည်စာရင်းသွင်းရပါမယ်။ နာမည်၊ နေရပ်လိပ်စာ၊ ကိုယ့်ဆေးမှတ်တမ်းတွေကို ဖောင်မှာဖြည့်ရပါမယ်။ ပြီးတော့ ဆေးစစ်ခံရပါမယ်။ သွေးလှူတာနဲ့ ပတ်သက်ပြီး ရေးထားတဲ့ လက်ကမ်းစာရွက်ကိုလည်း ဖတ်ရပါလိမ့်မယ်။ ပြီးရင် အသင့်ဖြစ်ပြီဆိုတာနဲ့ သွေးစလှူရပါတော့မယ်။

သွေးလှူမယ်ဆိုရင် ထိုင်ခုံမှာ ထိုင်လျက်ပဲလှူလှူ၊ ခုတင်ပေါ်မှာ လှဲလျက်ပဲ လှူလှူရပါတယ်။

လက်မောင်းတစ်နေရာကို သူနာပြုက အရက်ပြန်နဲ့ သန့်ပေးပါလိမ့်မယ်။ ပြီးရင် အဲဒီနေရာကို အပ်နဲ့ထိုးလိုက်ပါလိမ့်မယ်။

သွေးကို ထုတ်ယူနေချိန်မှာ ငြိမ်ငြိမ်ထိုင်ရင်ထိုင်၊ မထိုင်ရင် လှဲနေရပါလိမ့်မယ်။ သွေးအားကောင်းရင်တော့ ၁၀ မိနစ်လောက်နဲ့ပဲ သွေးလှူတာပြီးသွားပါလိမ့်မယ်။ 

သွေးအိတ်ပြည့်သွားပြီဆိုတာနဲ့ အပ်ကို သူနာပြုက ဆွဲထုတ်ပြီး အဲဒီနေရာကို ပလတ်စတာလေး ကပ်ပေးလိုက်ပါလိမ့်မယ်။ 

သွေးလှူပြီးပြီဆိုတာနဲ့ သွေးလှူဘဏ်နားနေခန်းမှာ ကြက်ဥပြုတ်နဲ့မုန့်စား၊ ကွေကာအုတ်သောက်ရပါလိမ့်မယ်။ အဲဒီမှာ ၁၅ မိနစ်လောက် အေးအေးဆေးဆေးနားပြီးပြီဆိုရင်တော့ သွားလို့ရပါပြီ။ ဒါဆိုရင် သွေးလှူတဲ့ လုပ်ငန်းစဉ်ပြီးပါပြီ။ အားနည်းသလို၊ မူးဝေသလို ခံစားနေရသေးတယ်ဆိုရင်တော့ အဲဒီမှာ ဆက်ပြီး အနားယူလိုက်ပါဦး။

သွေးမလှူခင် ဘာတွေသိထားသင့်လဲ


အနည်းဆုံး အသက် ၁၈ နှစ်ပြည့်မှ သွေးလှူလို့ရပါတယ်။

အနည်းဆုံး ပေါင် ၁၀၀ ရှိရပါမယ်။ ကျန်းမာရေးကောင်းရပါမယ်။ 

ကိုယ့်ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ်၊ လောလောဆယ် ဘာဆေးတွေ သောက်နေတယ်ဆိုတာတွေ ပြောပြရပါမယ်။ ဒါတွေကိုကြည့်ပြီးတော့မှ သွေးလှူသင့်၊ မလှူသင့် ဆရာဝန်တွေက ဆုံးဖြတ်ပေးမှာပါ။ 

သွေးမလှူခင် ဘာတွေ စားသောက်သင့်သလဲ။

သွေးလှူမယ်ဆိုရင် မလှူခင်နဲ့ လှူအပြီးမှာ ခန္ဓာကိုယ်မှာရေဓာတ်ပြည့်နေဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်က ရေနဲ့ အဓိကဖွဲ့စည်းထားတာကြောင့် ရေဓာတ်က အရေးကြီးတာပါ။ ဒါ့အပြင် သံဓာတ်ပြည့်နေဖို့လည်း လိုပါသေးတယ်။ သံဓာတ်နည်းနေမယ်ဆိုရင် ပင်ပန်းနွမ်းနယ်တာမျိုး ဖြစ်တတ်ပါတယ်။

အဆုတ်ကထွက်လာတဲ့ အောက်ဆီဂျင်ကို ဟေမိုဂလိုဘင်က ကျန်တဲ့ခန္ဓာကိုယ်တစ်ခုလုံးဆီ ပို့ပေးတာပါ။ သံဓာတ်အပါအဝင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်တွေ မျှမျှတတပါတဲ့ အစားအစာကို စားပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ သံဓာတ်ပိုပိုလျှံလျှံလေးရှိနေမှာပါ။ အစားအစာက ရနိုင်တဲ့သံဓာတ်မှာ Heme သံဓာတ်နဲ့ Nonheme သံဓာတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပထမ သံဓာတ်ကို ခန္ဓာကိုယ်က ပိုပြီးလွယ်လွယ်ကူကူ စုပ်ယူနိုင်တာကြောင့် သံဓာတ်ပမာဏ မြန်မြန်တက်လာနိုင်ပါတယ်။ 

Heme သံဓာတ်ကို ခန္ဓာကိုယ်က ၃၀ ရာခိုင်နှုန်းအထိ စုပ်ယူနိုင်ပေမယ့် ဒုတိယ သံဓာတ်ကိုတော့ ၂ ကနေ ၁၀ ရာခိုင်နှုန်းအထိပဲ စုပ်ယူနိုင်တာပါ။ သွေးမလှူခင် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားထားသင့်ပါတယ်။ ဒါဆို ခန္ဓာကိုယ်မှာ သံဓာတ်တွေများနေပြီး သံဓာတ်ချို့တဲ့တာမျိုး ဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။


Heme သံဓာတ်ပါတဲ့အစားအစာတွေကတော့ အမဲသား၊ ဝက်သား၊ သိုးသား၊ ကြက်သား၊ ငါး၊ အသည်း၊ ကြက်ဥ စတဲ့ အစားအစာတွေပါပဲ။


Nonheme သံဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကန်စွန်းဥ၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ပေါင်မုန့်၊ ထမင်း၊ စတော်ဘယ်ရီ၊ ဖရဲသီး၊ စွန်ပလွံသီး၊ ဆီးသီးခြောက်၊ တို့ဟူး စတာတွေဖြစ်ပါတယ်။


ဗီတာမင်စီ

Heme သံဓာတ်က ခန္ဓာကိုယ်မှာ သံဓာတ်မြန်မြန်တက်လာအောင် လုပ်ပေးပေမယ့် ဗီတာမင်စီအကူအညီယူရင်တော့ အသီးအနှံကရတဲ့ Nonheme သံဓာတ်ကိုလည်း ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်သွားမှာပါ။ ရှောက်သီး၊ သံပရာသီး၊ သံပရာဖျော်ရည်၊ ကီဝီသီး၊ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဖရဲသီးနဲ့ ခရမ်းချဉ်သီးတို့က ဗီတာမင်စီ ကြွယ်ဝပါတယ်။ 

ရေ

ကိုယ်လှူလိုက်တဲ့သွေးရဲ့ ထက်ဝက်လောက်က ရေဓာတ်ပါပဲ။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေဖို့လိုတာပါ။ သွေးလှူနေတုန်းမှာ ရေဓာတ်လျော့သွားရင် သွေးပေါင်ကျပြီး ခေါင်းမူးလာပါလိမ့်မယ်။ ဒါကြောင့် သွေးမလှူခင်မှာ ရေနှစ်ခွက်လောက် ပိုသောက်ထားဖို့ အမေရိကန်ကြက်ခြေနီအသင်းက အကြံပေးထားပါတယ်။ အရက်ဘီယာ မဟုတ်တဲ့ အခြားအရည်တွေလည်း သောက်လို့ရပါတယ်။

ဘာတွေရှောင်သင့်လဲ

အရက်နဲ့ တချို့အစားအစာတွေက သွေးအတွက် မကောင်းပါဘူး။ ဒါကြောင့် သွေးမလှူခင် ဒီအစားအစာတွေကို ရှောင်ပါ။


အရက်သေစာ

အရက်သောက်ရင် ရေဓာတ်ခန်းသွားနိုင်ပါတယ်။ ဒါကြောင့် သွေးမလှူခင် ၂၄ နာရီအလိုကစပြီး အရက်ဘီယာရှောင်ပါ။ တကယ်လို့ သောက်မိတယ်ဆိုရင်လည်း ရေများများ ပိုသောက်ပေးလိုက်ပါ။

အဆီများတဲ့ အစားအစာတွေ 

အာလူးချောင်းကြော်၊ ရေခဲမုန့်စတဲ့ အစားအစာတွေဟာ အဆီပါဝင်မှုများပါတယ်။ ကိုယ်က သွေးလှူလိုက်ပြီဆိုရင် အဲဒီသွေးမှာ ရောဂါပိုးပါ၊ မပါကို ကျန်းမာရေးပညာရှင်တွေက စစ်ရပါတယ်။ အာလူးချောင်းကြော်၊ ရေခဲမုန့်စတာတွေ စားထားမယ်ဆိုရင် ရောဂါပိုး ရှိ၊ မရှိစစ်လို့မရတော့ပါဘူး။

ရောဂါပိုး ရှိ၊ မရှိ စစ်လို့မရတဲ့သွေးကို သုံးလို့မရပါဘူး။ ဒါကြောင့် သွေးလှူမယ်လို့ စိတ်ကူးထားတဲ့နေ့မှာ ဒိုးနတ်လည်း မစားပါနဲ့။ 

သံဓာတ်စုပ်ယူမှုကို အားနည်းစေတဲ့အစားအစာတွေ 

တချို့အစားအစာနဲ့အရည်တွေက သံဓာတ်စုပ်ယူမှုကို အားနည်းစေပါတယ်။ အဲဒီအစားအစာတွေကို လုံးဝကြီးရှောင်ရမှာတော့မဟုတ်ပါဘူး။

ဒါပေမယ့် သံဓာတ်ပြည့်ဝတဲ့ အစားအစာ ဒါမှမဟုတ် သံဓာတ်ဖြည့်စွက်ဆေးသောက်နေတဲ့ အချိန်မှာတော့ အဲဒါတွေကို မစားပါနဲ့။ သံဓာတ်စုပ်ယူမှုကို အားနည်းစေတဲ့ အစားအစာတွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ဝိုင်နီနဲ့ ချောကလက်တို့ပါပဲ။ 

သွေးလှူပြီးချိန်မှာ ဘာတွေစားသင့်လဲ

သွေးလှူပြီးပြီဆိုရင် သွေးလှူဘဏ်က ကွေကာအုတ်၊ ကြက်ဥပြုတ်၊ သံဓာတ်အားတိုးဆေး စတာတွေ ပေးပါလိမ့်မယ်။ ဒါဆိုရင်သွေးတွင်းသကြားဓာတ်နဲ့ အရည်ပမာဏ ပြန်တည်ငြိမ်သွားပါလိမ့်မယ်။ လျော့နည်းသွားတဲ့ အရည်တွေ ပြန်ပြည့်သွားအောင်ဆိုရင် လာမယ့် ၂၄ နာရီအတွင်း ရေ လေးခွက်လောက် ပိုသောက်ပေးဖို့လိုပါတယ်။ ဒါပေမယ့် အရက်တော့ မသောက်ပါနဲ့။ သွေးလှူပြီးရင် အလေးမတာတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာတွေ ရှောင်သင့်ပါသေးတယ်။ ကိုယ်က မကြာခဏ သွေးလှူနေတဲ့လူဆိုရင် သံဓာတ်အားဖြည့်ဆေးသောက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ သွေးလှူပြီး လနဲ့ချီကြာမှ သံဓာတ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။ သံဓာတ်အားဖြည့်ဆေး သောက်ပေးမယ်ဆိုရင်တော့ သံဓာတ်ပြန်ပြည့်တာ မြန်သွားပါလိမ့်မယ်။

သွေးလှူတယ်ဆိုတာ လူ့အသိုင်းအဝိုင်းကြီးကို ကိုယ်တတ်နိုင်တဲ့ဘက်က ကျေးဇူးပြန်ဆပ်တာပါပဲ။ ဒီနည်းက လွယ်ကူသက်သာပြီး မြန်လည်းမြန်၊ ထိလည်းထိရောက်ပါတယ်။


Credit : ချယ်ရီ 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18