Print

အမြဲတမ်းငယ်နုတဲ့အသွင်ဖြစ်နေဖို့ ဘာတွေလုပ်ကြမလဲ

  09-Sep-2020
Preview Image

အသားအရောင်ကို ဂရုပြုပါ။

          နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အသားအရောင်ပြောင်းတာအပြင် အသားအရေတင်းရင်းစေတဲ့ ကိုလာဂျင်တွေကိုလည်း ပျက်စီးစေပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ နေလောင်တာကြောင့် အသားအရောင်ပြောင်းတာမျိုးကို နှစ်သက်တာကြောင့် နေပူစာလှုံတာ ခေတ်စားပေမယ့် အရှေ့တိုင်းနိုင်ငံတွေမှာတော့ နေပူစာလှုံလေ့ သိပ်မရှိပါဘူး။ နေပူစာသီးသန့် လှုံတာမျိုးမရှိပေမယ့် နေရောင်ခြည်အောက်မှာ အကာအကွယ်မပါဘဲ သွားလာတာ၊ အလုပ်လုပ်တာတွေ အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်နေကြပါတယ်။

          နေရောင်ခြည်ကြောင့် သင့်အသားအရောင် ပြောင်းလဲသွားမှုမရှိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေက ကိုလာဂျင်တွေ ပျက်စီးစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။


နေ့စဉ် နေရောင်ကာခရင်မ်လိမ်းပါ။

          နေပူတဲ့အချိန်မှ မဟုတ်ပါဘူး။ ဘယ်အချိန်၊ ဘယ်ရာသီဥတုပဲဖြစ်ဖြစ် အိမ်အပြင်ထွက်တဲ့အခါ အနည်းဆုံး SPF 30 ပါဝင်တဲ့ နေရောင်ကာခရင်မ်မျိုးကို လိမ်းသင့်ပါတယ်။ နေရောင်ကာခရင်မ်တွေက နေရောင်ခြည်မှာပါဝင်တဲ့ အရေပြားထိခိုက်မှုကို ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည်ဘီကို ကာကွယ်နိုင်ပါတယ်။ နေရောင်ကာခရင်မ်လိမ်းရုံနဲ့ မလုံလောက်သေးပါဘူး။ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း နေရောင်ခြည်ထိတွေ့မှုကိုလည်း တတ်နိုင်သလောက် ရှောင်ဖို့လိုပါတယ်။

          နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်အေကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ နေရောင်ကာခရင်မ်မှာ အေဗိုဘန်ဇုန်း၊ ဇင့်အောက်ဆိုက် ဒါမှမဟုတ် တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါဝင်တာကို ရွေးချယ်ဖို့လိုပါတယ်။ နေရောင်ကာခရင်မ်လိမ်းပြီး ချွေးထွက်တာ၊ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ ရေကူးလိုက်တဲ့အခါမျိုးတွေမှာ နေရောင်ကာခရင်မ်လိမ်းတဲ့အခါ လည်ပင်း၊ လက်မောင်းနဲ့၊ လက်ချောင်းလေးတွေကို ချန်မထားမိဖို့ လိုပါတယ်။ နေရောင်ကာခရင်မ်လိမ်းတဲ့အခါ မျက်နှာ၊ လက်မောင်းနဲ့ သင့်ခြေထောက်တွေ စတဲ့ တစ်နေရာစီအတွက် လက်ဖက်စားဇွန်းတစ်ဝက်စာလောက် လိမ်းပေးသင့်ပါတယ်။


နေကာမျက်မှန် တပ်ပါ

          အသားအရေကို နေရောင်ခြည်မထိအောင် ကာကွယ်သလို သင့်မျက်လုံးကိုလည်း နေရောင်ခြည်မထိအောင် ကာကွယ်ဖို့လိုပါတယ်။ နေရောင်ခြည်ကြောင့် မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အရေပြားတွေရဲ့ တင်းရင်းမှုလျော့နည်းတာက အရေးအကြောင်းတွေဖြစ်စေပါတယ်။ မျက်လုံးနဲ့ မျက်ဝန်းတစ်ဝိုက်မှာရှိတဲ့ အရေပြားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ဖို့ နေရောင်ခြည်ထဲထွက်တဲ့အခါ နေရောင်ကာနိုင်စွမ်း ကောင်းမွန်တဲ့ နေကာမျက်မှန်တပ်ပြီး သွားလာဖို့ လိုပါတယ်။


ထီး၊ ဦးထုပ်ဆောင်းပါ

          နေရောင်ခြည်ဟာ သင့်ကို အိုမင်းရင့်ရော်စေတဲ့ အဓိက ရန်သူပါ။ သင့်အသားအရေပေါ်ကို နေရောင်ခြည်တိုက်ရိုက်မကျစေဖို့ နေပူထဲထွက်တဲ့အခါ ထီး၊ ဦးထုပ်ဆောင်းပါ။ အင်္ကျ ီလက်ရှည်ဝတ်ဆင်ပါ။


ဆေးလိပ်မသောက်ပါနှင့်

          ဆေးလိပ်သောက်တာက သင့်အရေပြားအပေါ် ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ ဆေးလိပ်က ကိုလာဂျင်ပျက်စီးမှုကို မြန်ဆန်စေပြီး အရေပြားဆီကို သွေးလှည့်ပတ်မှုကို နှေးကွေးစေပါတယ်။ သွေးလှည့်ပတ်မှု မကောင်းတာကြောင့် အရေပြားဆီကို အစာအာဟာရနဲ့ အောက်ဆီဂျင်ရောက်ရှိမှုလည်း နှေးကွေးသွားပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေမှာ အရေးကြောင်းတွေပေါ်လာပြီး အရွယ်မတိုင်မီ အိုမင်းမှုတွေဖြစ်စေတာပါ။


အလွန်အကျွံမသောက်ပါနှင့်

          အရက်အလွန်အကျွံသောက်သုံးတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတာက အရေပြားပါ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကြောင့် အရေပြားမှာ အရေးကြောင်းတွေဖြစ်စေပါတယ်။ သင့်မျက်နှာမှာ အရေးကြောင်းတွေရှိနေတာက သင့်ကို လက်ရှိအသက်ထက် ပိုကြီးနေတယ်လို့ ထင်မြင်စေပါတယ်။ ဒါ့အပြင် အရက်က သွေးကြောတွေကို ကျယ်စေပြီး သွေးကြောတွေကို ပြတ်စေတာကြောင့် မျက်နှာမှာ အနီစက်တွေ၊ မှဲ့ခြောက်တွေ ဖြစ်စေပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံမသောက်သုံးမိအောင် ထိန်းသိမ်းဖို့ လိုပါတယ်။


အစားအသောက်အလွန်အကျွံလျှော့မစားသင့်ပါ

          ပိန်ချင်လို့ အစားအသောက်အလွန်အကျွံလျှော့စားတာ၊ စိတ်ဖိစီးမှုများတာကြောင့် အစာမစားနိုင်တာတွေက သင့်အသားအရေကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ဆံသားတွေနဲ့ လက်သည်း၊ ခြေသည်းတွေအပေါ်မှာလည်း ထိခိုက်မှုရှိပါတယ်။ မိန်းကလေးအများစုက ဝတာကို မနှစ်သက်တာကြောင့် ကိုယ်အလေးချိန်လျှော့ချတာကို မကြာခဏပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်ထိန်းသိမ်းမှုမရှိတာကြောင့် ကိုယ်အလေးချိန်ပြန်တက်လာပါတယ်။ တစ်ခါအစားအသောက်အလွန်အကျွံလျှော့ချပြီး ကိုယ်အလေချိန်ပြန်ကျပါတယ်။ ဒီလိုမျိုး ကိုယ်အလေးချိန်တက်လိုက်၊ ပြန်ချလိုက်လုပ်နေတာက သင့်အသားအရေကို ထိခိုက်မှုပိုစေပြီး အိုမင်းမှုမြန်စေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို စနစ်တကျထိန်းသိမ်းမှုလုပ်ပြီး ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းထားနိုင်ပါတယ်။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)  



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18