Print

ဓာတ်တိုးဆန့်ကျင်အစားအစာများ

  02-Sep-2020
Preview Image

          ယနေ့ခေတ်တွင် လူအများကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်ကြရန်သာမက လှပပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ဖို့အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ အစားအစာများ စိတ်ဝင်စားလာကြသည်။ ဓာတ်တိုးဆန့်ကျင်အစားအစာများသည် ဓာတ်တိုးပစ္စည်း (Free Radical) များကြောင့် ထိခိုက်ပျက်စီးမှု မဖြစ်စေရန် ဆဲလ်များကို ကာကွယ်နိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သည်။


          ဆေးဝါးပညာရှင်များကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် လေ့လာနေကြသည်။

          ဗီတာမင်စီ (Ascorbic Acid) သည် Antioxidants အာနိသင်ရှိသကဲ့သို့ ခန္ဓာကိုယ်အတွက် အရေးပါသော ခုခံအားစနစ်ကိုလည်း အားကောင်းစေပါသည်။ ရောဂါဖြစ်စေသော ပိုးမွှားများအလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်။


          သွေးတွင်းအဆီဓာတ်များပြားခြင်း၊ အဝလွန်ခြင်းမှ ကာကွယ်ရန်၊ အစာခြေဖျက်မှုစနစ်ကောင်းများ ရရှိစေရန် လူတိုင်းအရည်ရွှမ်းသော အသီးနှင့် ဗီတာမင်စီပါဝင်သော ဓာတ်တိုးဆန့်ကျင်အစားအစာများကို စားသုံးသင့်ပါသည်။ သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးသွေးကြောရောဂါများအပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်တွင်း ရောဂါပိုးဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။


          အခွံမာသီးများဖြစ်သည့် သစ်ကြားသီး၊ ဗာဒံသီး၊ မြေပဲဆန်တို့မှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သဖြင့် ပုံမှန်စားပေးလျှင် ဓာတ်တိုးမှုများကို ဆန့်ကျင်သကဲ့သို့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ဟန့်တားပေးပါသည်။


          ပင်လယ်ငါးမှရသော အိုမီဂါ ၃၊ အိုမီဂါ ၆ ကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနှင့် တူနာငါးများမှ အဓိကရပါသည်။ စည်သွတ်ဘူးများတွင် အိုမီဂါ ၃ ပါဝင်သဖြင့် ပါဝင်မှုနှုန်းကို နှိုင်းယှဉ်ဝယ်ယူသင့်သလို မိမိစားသုံးမည့် အစားအစာကိုလည်း ချင့်ချိန်သင့်ပါသည်။


          ဘယ်ရီသီးသည် ဦးနှောက်၊ မျက်စိနှင့် သွေးကြောကျန်းမာရေးအတွက် အကျိုးပြုနိုင်သကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်အတွက် အကျိုးရှိသော အမျှင်ဓာတ်ပါဝင်နေသဖြင့် စားသုံးသင့်သည်။ သရက်သီးတွင် အမှည့်ထက် အစိမ်းက ဗီတာမင်စီ ပါဝင်သည်။ ပန်းသီးစားလျှင် ရေစင်အောင်ဆေးပြီး အခွံပါ ဝါးစားပါက ဓာတ်တိုးဆန့်ကျင်ဓာတ်ကို ပိုမိုရရှိစေနိုင်ပါသည်။ ရွှေဖရုံသီးတွင် မျက်စိပုံမှန်လုပ်ငန်းစဉ်အတွက် အရေးကြီးသော ဓာတ်တိုးဆန့်ကျင်ဓာတ်ပါဝင်သည်။ လူတင် (Lutein) နှင့် ဇီဇန်သင်း (Zeaxanthin) များစွာ ပါဝင်သည်။ ရွှေဖရုံသီးရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်ပျက်စီးခြင်းကနေ လျော့နည်းစေသည့်အပြင် အမြင်အာရုံကောင်းစေပါတယ်။


          အလှကုန်ပစ္စည်းများမှ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအတွက် ဗီတာမင်အီးကို အဓိကထားသုံးစွဲကြပါသည်။ ဗီတာမင်အီးသည် Free Radical ကြောင့်ဖြစ်သော ဆဲလ်ပျက်စီးမှုနှင့် ကင်ဆာရောဂါဖြစ်ပွားမှု၊ အသည်းရောဂါနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးမှုကို ကာကွယ်ကုသနိုင်ပါသည်။ အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးသည်။ အသားအရေစိုပြည်လှပစေသည်။ တင်းတိပ်၊ ဝက်ခြံနှင့်အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို ကာကွယ်တားဆီးပေးနိုင်သည်။

 

         အလှကုန်ပစ္စည်း၊ အစားအသောက်တွင်သာမက ဆေးများတွင်လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းကို ကျယ်ပြန့်စွာ သုံးစွဲလာကြသည်။ ဆေးများ ပျက်စီးရာမှာ ဓာတ်တိုးခြင်းကလည်း အဓိကအချက်ဖြစ်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာကို ဆေးများထဲ ပိုးမွှားဝင်ရောက်ပေါက်ပွားမှုကို ကာကွယ်ရန်နှင့် ဆေးအာနိသင်ကောင်းစေရန် အဓိက သုံးစွဲလာကြခြင်းဖြစ်သည်။ ဆေးအမျိုးအစားကိုလိုက်၍ ဓာတ်တိုးဆန့်ကျင်ပစ္စည်းထည့်သွင်းရာ၍လည်း မှန်ကန်သော လ၊ အမျိုးအစားအလိုက် မထည့်ပါက ဆေးများပျက်စီးသွားနိုင်ပါသည်။ ဆေးများကို စံချိန်စံညွှန်းမီ ထုတ်လုပ်သော်လည်း သိုလှောင်သိမ်းဆည်းမှု မမှန်လျှင် ပျက်စီးလွယ်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက တာရှည်ခံရုံ၊ အာနိသင်ကောင်းရုံသာမက ရောဂါကုသရေး၊ ကာကွယ်ရေးတွင်လည်း ပါဝင်သဖြင့် ဆံပင်အားဆေး၊ မျက်စိအားဆေး၊ သဘာဝအားဆေးတို့တွင် ထည့်သွင်းထုတ်လုပ်လာကြပါသည်။


          ခန္ဓာကိုယ်အတွက် သက်စောင့်ဓာတ် (ဗီတာမင်) ကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်မှ ပေါများစွာ ရရှိနိုင်သည်။ ‘အစာလည်းဆေး၊ ဆေးလည်းအစာ’ မို့ လူတိုင်းဂရုတစိုက် စားသုံးသင့်ပါသည်။

Credit : ဒေါက်တာ လွင်သန့်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18