Print

၀က်ခြံပေါက်လွယ်သူတို့ ပြုပြင်သင့်သော အကျင့်ဆိုးများ

  17-May-2020
Preview Image

အရေပြားနဲ့ ဦးရေပြားပေါ်မှာရှိတဲ့ မွေးညင်းပေါက်တွေက ခန္ဓာကိုယ်အတွင်းသန့်စင်ဖို့နဲ့ ကျန်းမာဖို့အတွက် ကူညီပေးပါတယ်။ ဒီမွေးညင်းပေါက်တွေက ကိုယ်တွင်းက အဆီထုတ်ပေးတဲ့ ဂလင်းတွေရဲ့အပေါ်မှာ ရှိနေတတ်ပါတယ်။ အဆီတွေက အရေပြားဆဲလ်သေတွေကို စုဆောင်းပြီး မွေးညင်းပေါက်ကနေတစ်ဆင့် ဖယ်ရှားပေးပါတယ်။ ဒါပေမဲ့ဆဲလ်သေတွေ စုဆောင်းမှုများလာတဲ့အခါမှာ မွေးညင်းပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ မွေးညင်းပေါက်တွေဟာ ဖုန်မှုန့်၊ ဘက်တီးရီးယားနဲ့ အဆီတွေကြောင့် ပိတ်ဆို့မှုကိုခံရတတ်ပါတယ်။ တကယ်လို့ ပုံမှန်မသန့်စင်နိုင်ခဲ့ရင် ပိတ်ဆို့နေတဲ့ မွေးညင်းပေါက်တွေကနေတစ်ဆင့် ဝက်ခြံပေါက်တာ၊ ယားယံတာနဲ့ တခြားအရေပြားရောဂါတွေ ရရှိနိုင်ပါတယ်။

ဒါ့အပြင် မိတ်ကပ်၊ လေထုညစ်ညမ်းမှုနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပေါက်တဲ့ ပြဿနာဖြစ်လာနိုင်ပါတယ်။ အောက်ပါတို့ဟာ ဝက်ခြံပေါက်လွယ်သူတွေ ပြုလုပ်တဲ့ အကျင့်ဆိုးတွေဖြစ်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။


၁။ မျက်နှာကို လက်နှင့် မကြာခဏပွတ်သပ်ခြင်း

သင့်အနေနဲ့ စားဖတ်နေစဉ်အတွင်း သင့်မျက်နှာကို မကြာမကြာပွတ်တတ်တဲ့ အကျင့်ရှိနေရင် ဒီအကျင့်ကို ပြုပြင်သင့်ပါတယ်။ သူက ဝက်ခြံပေါက်လွယ်နိုင်တာကြောင့်ပါ။ သင့်မျက်နှာသစ်နေစဉ်အတွင်း မျက်နှာကို ကိုင်တွယ်တာက ဘာမှမဖြစ်နိုင်ပေမယ့် တနေ့တာလုံး သင့်မျက်နှာကို ကိုင်တွယ်မိမယ်ဆိုရင်တော့ သင့်လက်မှာကျန်ရှိနေခဲ့တဲ့ ဖုန်မှုန့်တွေ၊  အဆီတွေနဲ့ ဘက်တီးရီးယားတွေကြောင့် မွေးညင်းပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံပေါက်နိုင်ပါတယ်။


၂။နေပူဆာလှုံခြင်းနှင့် နေရောင်ကာခရင်မ် အသုံးပြုခြင်း

ပင်လယ်ကမ်းစပ်မှာ နေပူဆာလှုံတတ်သူတွေအနေနဲ့ အရေပြားအလွန်ပျက်စီးတတ်တဲ့အတွက် မပြုလုပ်သင့်ပါဘူး။ ဒီလိုပြုလုပ်တာကြောင့် မွေးညင်းပေါက်တွေ ကျယ်လာနိုင်ပြီး အရွယ်မတိုင်ခင် အရေးကြောင်းပေါ်တာ၊ မှဲ့ကင်တာဖြစ်တာတွေအထိတောင် ဖြစ်လာနိုင်ပါတယ်။ နေရောင်ကာလိမ်းဆေးလိမ်းမယ်ဆိုရင် အဆီမပါဝင်ဘဲဇင့်နဲ့ တိုက်တေနီယမ် ဒိုင်အောက်ဆိုက်ပါဝင်တဲ့ အရည်ခပ်ကျဲကျဲအမျိုးအစားကို အသုံးပြုသင့်ပါတယ်။


၃။ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာက နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေအလွန်မြင့်မားပါတယ်။ ဒါ့အပြင်ဆေးလိပ်ငွေ့နဲ့ အရေပြား  ပြဿနာဆက်စပ်မှုရှိပါတယ်။ ဆေးလိပ်ငွေ့တွေက အရေပြားပေါ်မှာ ကျန်ရှိနေခဲ့ရင် မွေးညင်းပေါက်တွေ ပိတ်ဆို့နိုင်ပြီး အသားအရေ ညစ်ထပ်ထပ်ဖြစ်လာနိုင်ပါတယ်။ ပုံမှန်ဆေးလိပ်သောက်သူတွေမှာ ဂျွတ်ရောဂါနဲ့ အရေပြားတွဲကျတဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ လေ့လာမှုအများအပြားအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် ဝက်ခြံပိုပေါက်လွယ်တယ်လို့ သိရပါတယ်။


၄။ညစ်ပေနေသော အိပ်ရာခင်းပေါ်တွင် အိပ်စက်ခြင်း

အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမှာ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ အဆီတွေကို အလွယ်တကူကျန်ရှိနေတတ်ပြီး သူတို့တစ်တွေက သင်အိပ်နေစဉ်အတွင်း သင့်အရေပြားနဲ့ ထိတွေ့တာကြောင့် အရေပြားအတွင်း ဝင်ရောက်သွားကာ မွေးညင်းပေါက်ပိတ်ဆို့သွားတဲ့အတွက် ဝက်ခြံပေါက်လာနိုင်ပါတယ်။ သင့်အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ လျှော်ဖွပ်သင့်ပါတယ်။ ဝက်ခြံပေါက်လွယ်သူတွေအနေနဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်အသစ်တွေကို မကြာခဏလဲလှယ်သင့်ပါတယ်။


၅။ လက်ကိုင်ဖုန်းနဲ့စကားပြောခြင်း

လက်ကိုင်ဖုန်းတွေက များသောအားဖြင့် အလွန်ညစ်ပတ်ပါတယ်။ သူနဲ့ထိတွေ့တဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ဖုန်မှုန့်တွေ အကုန်လုံးက သူ့ပေါ်မှာ ကပ်ငြိနိုင်ပါတယ်။ သင့်အရေပြားကျန်းမာဖို့အတွက် နားကြပ်တပ်ပြီး အသုံးပြုသင့်ပါတယ်။ သင့်လက်ကိုင်ဖုန်းတွေကို မကြာခဏသန့်စင်ပေးရပါမယ်။ ဖြစ်နိုင်ရင် ဆေးရုံ၊ ဈေး၊ အိမ်သာ ဒါမှမဟုတ် လူအများသုံးနေရာတွေမှာ ဖုန်းကိုအသုံးမပြုသင့်ပါဘူး။ အဲဒီနေရာတွေက ဖုန်းထဲပိုးမွှားတွေ အလွယ်တကူကပ်ငြိနိုင်ဆုံးနေရာတွေ ဖြစ်တာကြောင့်ပါ။


၆။ကြေးချွတ်သန့်စင်မှု မပြုလုပ်ခြင်း

ကြေးချွတ်သန့်စင်တာက မွေးညင်းပေါက်တွေ ပိတ်ဆို့ကာ ဝက်ခြံပြဿနာဖြစ်နိုင်တဲ့ ဖုန်၊ အဆီနဲ့ ဆဲလ်သေတွေကို ဖယ်ရှားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါ့အပြင် ကြေးချွတ်သန့်စင်တာကြောင့် အရေပြားအလှကန်ပစ္စည်းတွေက အရေပြားအတွင်းအလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်တဲ့အတွက် မိတ်ကပ်လိမ်းလိုက်တိုင်း တောက်ပြောင်ဝင်းလက်သွားနိုင်ပါတယ်။ မွေးညင်းပေါက်ကျဉ်းအောင်နဲ့ ပိတ်ဆို့မှုမရှိအောင် သင့်အနေနဲ့ တစ်ပတ်တစ်ကြိမ် မျက်နှာကို ကြေးချွတ်သန့်စင်သင့်ပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်အနေနဲ့ တစ်ပတ်နှစ်ကြိမ် ကြေးချွတ်သင့်ပါတယ်။ နေ့စဉ်ပြုလုပ်ရင်တော့ သင့်အရေပြားပေါ်က သဘာဝအဆီတွေပါကုန်စင်သွားနိုင်တာကြောင့် အရေပြားနီရဲယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်တစ်ပတ်တစ်ကြိမ် (အဆီပြန်လွယ်သူတွေမှာ နှစ်ကြိမ်သာ) ပြုလုပ်ပါ။


၇။ မိတ်ကပ်လိမ်းပြီး အိပ်စက်ခြင်း

သင့် ညအိပ်ရာဝင်စဉ်မှာ မိတ်ကပ်မဖျက်ဘဲအိပ်မိရင် မွေးညင်ပေါက်ပိတ်ဆို့မှုဖြစ်မှာ အသေအချာပါပဲ။ မိတ်ကပ်မဖျက်ဘဲ အိပ်တာကြောင့် မျက်စိစွံတာ၊ ဝက်ခြံထွက်တာ၊ အရွယ်မတိုင်ခင် အရေးကြောင်းပေါ်တာ၊ အရေပြားခြောက်သွေ့တာ၊ မျက်တောင်ကျွတ်တာနဲ့ နှုတ်ခမ်းအရေပြားလန်တာတွေ  ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်တိုင်း မိတ်ကပ်ကို မဖြစ်မနေ ဖျက်သင့်ပါတယ်။


၈။ လေ့ကျင့်ခန်းလုပ်နေစဉ် မိတ်ကပ်လိမ်းထားခြင်း

လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ချွေးထွက်တာကခန္ဓာကိုယ်က သဘာဝအတိုင်း အေးအောင်ပြန်လည်ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။ မိတ်ကပ်လိမ်းထားတာကြောင့် ချွေးနဲ့အတူ ဘက်တီးရီးယားတွေပေါင်းစပ်သွားပြီး မွေးညင်းပေါက်ကိုပိတ်ဆို့မှုဖြစ်ကာ ဝက်ခြံထွက်လာနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း မျက်နှာသစ်ကာ ရေချိုးပါ။ ဒီလိုမှမလုပ်ရင် ကျန်ရှိနေတဲ့ ချွေးတွေက အဆီတွေနဲ့ ပေါင်းစပ်သွားပြီး မွေးညင်းပေါက်တွေ ပိတ်ဆို့သွားနိုင်ပါတယ်။


၉။သင့်အရေပြားနှင့် အကိုက်ညီသော အလှထုတ်ကုန်များကိုအသုံးပြုခြင်း

လူတိုင်း လူတိုင်းရဲ့အရေပြားက မတူညီကြတဲ့အတွက် သူတို့ပြောတဲ့ထုတ်ကုန်တွေက သင့်အရေပြားနဲ့ ကိုက်ညီချင်မှာ ကိုက်ညီပါလိမ့်မယ်။ ဒါကြောင့်တွေ့သမျှ အလှကုန်ပစ္စည်းတွေကို ညွန်းတိုင်းမဝယ်မိပါစေနဲ့။ မဝယ်ခင်မှာ ထုတ်ကုန်ပေါ်ကအညွန်းကို သေချာဖတ်ကြည့်ပါ။ ဒါ့အပြင်  ရေစိုခံမိတ်ကပ်တွေကလည်း အဆီတွေပိုမိုပါဝင်တာကြောင့် မျက်နှာပေါ်မှာ ဖလင်ပြားခံထားသလို ဖြစ်နေပြီး  အချိန်အကြာကြီး အသုံးပြုခဲ့ရင် မွေးညင်းပေါက်တွေ ပိတ်ဆို့ပြီး ဝက်ခြံပေါက်နိုင်ပါတယ်။

Credit :  ဒေါက်တာခင်မိုးမိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18