Print

အလှအပကို ပျက်ပြားစေသော အပြုအမူ အမှားများ

  19-Apr-2020
Preview Image

          အရိုးစွဲနေတဲ့ အပြုအမူအမှားတွေက အရေပြားကျန်းမာရေးနဲ့ သင့်အလှအပကို ထိခိုက်ပျက်စီးစေပါတယ်။ အောက်ပါအမူအကျင့်တွေကို ရှောင်ကြဉ်ပြီး အသားအရေလှပမှုကို အစဉ်ထိန်းနိုင်ကြပါစေ . . .


ကုတ်ခြင်း၊ ဖဲ့ခြင်း

          မျက်နှာပေါ်က ဝက်ခြံတွေနဲ့ မထွက်သေးတဲ့ အမွေးတွေကို လက်နဲ့ ကုတ်ဖဲ့တာမျိုး မလုပ်သင့်ဘူးလို့ အရေပြားအထူးကုတွေက အကြံပြုထားပါတယ်။ ဝက်ခြံကို လက်နဲ့ ကုတ်ဖဲ့တာကြောင့် ရောင်ရမ်းမှုဖြစ်ပေါ်ပြီး အရေပြားအရောင်မည်းကာ အမာရွတ်ထင်ကျန်စေပါတယ်။


အလွန်အကျွံကြေးချွတ်ခြင်း

          ကြေးချွတ်အားပြင်းတာတွေကို ဆက်တိုက်သုံးမယ့်အစား ခုနှစ်ရက်သုံးပြီး ခုနှစ်ရက်နားပါ။ ကြေးချွတ်တဲ့ အချိန်အတွင်းမှာ ဆဲလ်အသစ်တွေဖြစ်ပေါ်စေဖို့ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးဖို့ လိုပါတယ်။


မျက်နှာသစ်လွန်းခြင်း

          ပြင်းလွန်းတဲ့ဆပ်ပြာက မျက်နှာပေါ်က သဘာဝအဆီတွေကို ဖယ်ရှားလိုက်တာကြောင့် အရေပြားရဲ့ Ph ကို ပုံမှန်အခြေအနေကနေ ပြောင်းလဲသွားစေပါတယ်။ အလွန်အကျွံမျက်နှာသစ်တာကို ရေရှည်ပုံမှန် လုပ်ဆောင်နေပါက အရေပြားခြောက်သွေ့ပြီး ကွဲအက်တာဖြစ်စေတဲ့အပြင် ဘက်တီးရီးယားပိုးတွေလည်း ဝင်လွယ်ပါတယ်။


အလှပြင်ပစ္စည်းများကို တစ်နှစ်ပတ်လုံးမပြောင်းလဲဘဲ အသုံးပြုခြင်း

          အလှပြင်ပစ္စည်းတွေကို ဘယ်လိုရာသီဥတုမဆို မပြောင်းလဲဘဲ တစ်မျိုးတစ်စားတည်း အသုံးပြုတာမျိုး မလုပ်သင့်ပါ။ ဆောင်းရာသီမှာ အရေပြားရဲ့ အစိုဓာတ်ထိန်းဖို့အတွက် ရေဓာတ်အခြေခံတဲ့ အလှပြင်ပစ္စည်းတွေကို အသုံးပြုပေးပါ။ နွေဦးရာသီမှာတော့ ချွေးပေါက်တွေထဲအထိ သန့်ရှင်းနေပေးနိုင်တဲ့ မျက်နှာသန့်စင် ပစ္စည်းတွေကို အသုံးပြုပြီး ကြေးချွတ်ပေးပါ။ နွေရာသီမှာတော့ နေရောင်ကာနိုင်စွမ်းမြင့်မားတဲ့ အလှပြင်ပစ္စည်းတွေကိုသာ ရွေးချယ်အသုံးပြုပါ။


မျက်ဝန်းတစ်ဝိုက်အရေပြားကိုဆွဲခြင်း

          မျက်ဝန်းတစ်ဝိုက်မှာ Eyeliner ဆိုးတာ၊ Eyeshadow ဆွဲတာ၊ မိတ်ကပ်ဖျက်တာတွေ ပြုလုပ်တဲ့အခါ ခပ်ပြင်းပြင်းပွတ်သပ်မိရင် ကော်လာဂျင်တွေ ပျက်စီးပြီး အရေပြားလျော့ရဲတတ်ပါတယ်။ ဒါကြောင့် မျက်ဝန်းသစ် ဝိုက်ခြယ်သမှု မလုပ်ခင်မှာ Eye cream အရင်လိမ်းပေးဖို့ လိုပါတယ်။


နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း

          နေရောင်ခြည်နဲ့ ထိတွေ့မှုများတာက အသားအရေ ညိုမည်းပြီး အရေပြားထိခိုက်ပျက်စီးနိုင်ခြေများပါတယ်။ အရေးကြောင်းတွေထင်တာ၊ အရေပြားလျော့ရဲတာ၊ အညိုရောင်အကွက်တွေဖြစ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ နေရောင်ခြည်ထဲမှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ မကြာခဏ ထပ်ခါထပ်ခါထိတွေ့ပါများလာတဲ့အခါ ဆဲလ်တွေပုံမမှန် ကြီးထွားမှုဖြစ်လာပြီး အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေ များစေပါတယ်။


ဆေးလိပ်သောက်ခြင်း

          အသက်မကြီးခင်မှာ အရေးကြောင်းတွေထင်တာ၊ အိုမင်းရင့်ရော်သယောင် ထင်ရတာတွေက ဆေးလိပ်သောက်သုံးသူတွေမှာ တွေ့ရတတ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သုံးတာဟာ အရေပြားကင်ဆာရောဂါ ဖြစ်နိုင်ခြေကိုလည်း မြင့်မားစေပါတယ်။


လျစ်လျူရှုထားခြင်း

          မနက်ခင်းတိုင်းမှာ မျက်နှာသန့်စင်ရုံနဲ့ အရေပြား ကျန်းမာဖို့အတွက် မလုံလောက်ပါဘူး။ အရေပြားမှာ တစ်စုံတစ်ရာပြောင်းလဲမှုရှိ၊ မရှိဆိုတာတွေကို ဂရုတစိုက်စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ အရေပြားကင်ဆာက စောစောစီးစီးသိပြီး ကုသနိုင်ခဲ့မယ်ဆိုရင် ပျောက်ကင်းနိုင်ခြေများပါတယ်။


အငန်စားသုံးမှု များခြင်း

          ဆိုဒီယမ် (ဆား) ပါဝင်မှုများတဲ့ အစာတွေစားသုံးပါက ခန္ဓာကိုယ်တွင်း ရေဆွဲအားများလို့ မျက်လုံးအောက် ဖောင်းအစ်တာကို ဖြစ်စေပါတယ်။

Credit : ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18