Print

မျက်နှာပေါ်က ပိုလျှံအဆီ

  08-Mar-2020
Preview Image

          ပါးတွေ၊ မေးစေ့ တစ်ဝိုက်နဲ့ လည်ပင်းအနီးအနားက အဆီတွေဟာ ဖြေရှင်းရခက်တာ မှန်ပေမယ့် ဖြေရှင်းနည်းအလျင်းမရှိတာတော့ မဟုတ်ပါဘူး။ Facial Fat တွေကြောင့် ကိုယ်လုံးက ပိန်ပြီး မျက်နှာတစ်ခုပဲ ဖောင်းကားနေတဲ့အတွက် စိတ်ညစ်နေရတဲ့ပျိုမေတွေ ရှိနေတယ်ဆိုရင် အခုဖော်ပြပေးမယ့် အချက်လေးတွေကို အတိအကျလိုက်နာပေးဖို့ အကြံပေးပါရစေ။


၁။ မျက်နှာလေ့ကျင့်ခန်း

Facial Exercise လေးလုပ်ပါ။

          Facial Exercise လုပ်ပေးမယ်ဆိုရင် မျက်နှာပုံပန်းသဏ္ဍာန် ပြောင်းလဲတိုးတက်မှုကို မြင်ရသလို မျက်နှာကြွက်သားတွေကိုလည်း သန်မာလာစေတဲ့အတွက် အရေတွန့်ခြင်းလို အိုမင်းမှုသင်္ကေတတွေ စောစီးစွာ မရောက်လာအောင် တားဆီးပေးနိုင်ပါတယ်။ ထိရောက်ပြီး နာမည်ကျော်တဲ့ Exercise တွေက ပါးကို ပိန်လိုက်၊ ဖောင်းလိုက် လုပ်တာ၊ နှုတ်ခမ်းကို စူထုတ်တာ၊ သွားစေ့ပြီး စက္ကန့်အတော်ကြာအောင် ပြုံးတာတို့တွေပဲ ဖြစ်ပါတယ်။


၂။ နှလုံးသန်မာစေတဲ့ Cardio Exercise ကို လုပ်ပေးပါ။

          Diet နဲ့ ကိုယ်အလေးချိန် ချလိုက်ချိန်မှာ တစ်ကိုယ်လုံးက အဆီတွေတင်သာမက မျက်နှာက အဆီတွေပါ ကျသွားတဲ့အတွက် ပျော့အိတွဲကျသွားပါလိမ့်မယ်။ အဲဒီအချိန်မှာ ပြန်ပြီး အသားတင်းရင်းစေသလို နှလုံးစည်းချက်ကိုလည်း မှန်စေတဲ့ Cardio Exercise (သို့) Aerobic Exercise တွေကို များများလုပ်ပေးရပါမယ်။

          တစ်ရက်မှာ မိနစ်၂၀ ကနေ ၄၀ မိနစ်လောက်အထိ တစ်ပတ်ကို မိနစ် ၁၅၀ ကနေ ၃၀၀ လောက်အထိ ပုံမှန်အချိန်ဇယားလေးထားပြီး လေ့ကျင့်ပေးပါ။

          Cardio Exercise တွေထဲမှာ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ ရေကူးခြင်းတို့ဟာ အလွယ်ဆုံးနဲ့ လူတိုင်းလုပ်နိုင်တဲ့ အားကစားနည်းတွေပဲ ဖြစ်ပါတယ်။


၃။ ရေများများသောက်ပေးပါ

          တစ်ကိုယ်လုံး ကျန်းမာရေးအတွက်သာမက မျက်နှာက အဆီတွေပါ ကျသွားအောင်ရေများများသောက်ပေးမယ်ဆိုရင် ရေဟာ အဆီလောင်ကျွမ်းမှုဖြစ်စဉ်ကို ပိုမိုတိုးတက်သွားစေနိုင်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုဖြစ်စဉ် တိုးတက်လေလေ ကိုယ်အလေးချိန်ကျလေလေဖြစ်ကာ ကိုယ်တွင်းအရည် စုဆောင်းမှုကို လျှော့ချပစ်ရာလည်း ရောက်တဲ့အတွက် မျက်နှာရေဝင်ကာ မို့ဖောင်းခြင်းကို အထူးသက်သာစေပါတယ်။


၄။ သန့်စင်ပြီး ဂျုံထွက်ပစ္စည်း

          Refined Carb တွေထဲမှာ ကွတ်ကီး၊ ခရက်ကာ နဲ့ ပါစတာတို့ဟာ လူစားသုံးမှုအများဆုံး သရေစာအဖြစ် စာရင်းဝင်ကြပါတယ်။ သူတို့တွေဟာ ကိုယ်အလေးချိန်တိုးစေပြီး အဆီစုဆောင်းမှုလည်း ပိုမိုလာစေပါတယ်။ ကိုယ်တွင်းအဆီတိုးလာလေလေ၊ မျက်နှာအဆီလည်း တိုးလာလေလေဆိုတဲ့ အယူအဆတစ်ခုအပေါ် အခြေခံပြီး Refined Carbs စားလေလေ၊ မျက်နှာပွဖောင်းဖောင်းဖြစ်လေလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။


၅။ အိပ်ချိန်ဇယား အချိန်ကိုက်ပါစေ

          အိပ်စက်ချိန် မှန်ကန်ခြင်းဟာ မျက်နှာအဆီကို လျော့ကျစေပါတယ်။ အိပ်စက်ချိန် မလုံလောက်ခြင်းဟာ Stress Hormone ဖြစ်တဲ့ Cortisol ထွက်ရှိမှုကို တိုးလာစေပါတယ်။ ဒီလိုဟော်မုန်းထွက်ရှိမှု မြင့်တက်လေလေ၊ အစာစားချင်စိတ်က ပိုပြီး တိုးလာလေလေဖြစ်ကာ ဇီဝကမ္မဖြစ်စဉ်ကို ကမောက်ကမဖြစ်လာစေပြီး ကိုယ်အလေးချိန်ကို တဖြည်းဖြည်းမြင့်တက်လာအောင် လှုံ့ဆော်ပါတယ်။

          ညဘက်မှာ အနည်းဆုံး ၈ နာရီလောက် အိပ်စက်ပေးဖို့ လိုပါတယ်။ ဒီလိုဆိုရင် Facial Fat တွေလည်း တိုးမလာနိုင်တော့ပါဘူး။


၆။ ဆားဘယ်လောက်စားမိနေသလဲ အမြဲစစ်ပါ။

          ဆားများများစားခြင်းဟာ မျက်နှာကို ဖောင်းအိမို့တက်စေပါတယ်။ ဒါဟာ ဆားဆိုတဲ့ Sodium တွေဟာ ရေဓာတ် ပိုမိုလိုအပ်တာကြောင့် ရေကို များများသောက်ပေးရလို့ပဲ ဖြစ်ပါတယ်။  ဒီလိုခန္ဓာကိုယ်အတွင်းမှာ အပိုရေတွေ စုနေခြင်းဟာ ဆားစားသုံးခြင်းနဲ့သာ အထူးသက်ဆိုင်မှုရှိကြောင်း များစွာသော လေ့လာမှု စစ်တမ်းတွေက ဖော်ပြပေးနေတဲ့အတွက် ဆားကို လျှော့စားဖို့ အထူးလိုအပ်နေပါတယ်။

          အငန်လျှော့စားလေလေ မျက်နှာလေးက သေးသွယ်လေလေဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီအချက်တွေအားလုံးကို လိုက်နာသွားမယ်ဆိုရင်တော့ သွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ သေးသွယ်တဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာ အသေအချာပဲပေါ့။

Credit : စိမ်းရိပ်ညို

 

 

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18