Print

မျက်နှာအသားအရေကို ကာကွယ်ထိန်းသိမ်းခြင်း

  10-Jan-2020
Preview Image

          မျက်နှာပိုင်းအသားအရေ လှပကောင်းမွန်စေရန် လူတိုင်းအတွက် အရေးကြီးပါသည်။ မျက်နှာပိုင်းအသားအရေ လှပချောမွေ့နေစေရန် မိမိ၏ မျက်နှာအရေပြားကို ကာကွယ်ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။ မည်သို့ ကာကွယ်ထိန်းသိမ်းရမည်ကိုလည်း သိထားရန် လိုအပ်ပါသည်။


မျက်နှာအရေပြားကို ကာကွယ်ထိန်းသိမ်းနည်းများ

၁။ မျက်နှာသစ်ခြင်း

          မျက်နှာအရေပြားကို ကာကွယ်ထိန်းသိမ်းမည်ဆိုလျှင် ပထမဦးစွာ မျက်နှာသစ်ပေးရပါမည်။ နေ့စဉ်တိုင်း နံနက်၊ ည တစ်ကြိမ်စီ နွေးသောရေဖြင့် မျက်နှာပိုင်းကို သန့်စင်စွာ ဆေးကြောပေးပါ။

ထိုသို့ မျက်နှာသစ်ရာတွင် အလွန်အေးသောရေ၊ အလွန်ပူသည့် ရေများကို အသုံးမပြုရ။ လူတိုင်းနွေးသော ရေဖြင့်သာ မျက်နှာသစ်ရမည်ဖြစ်၍ ဤမျက်နှာသစ်နည်းကို တစ်လလောက် စမ်းသပ်ကြည့်ပါ။

          ထိုအခါ မိမိမျက်နှာ အရေပြားပိုင်း သိသိသာသာ ကောင်းမွန်ခြင်းသို့ ပြောင်းလဲလာမည်ကို အံ့သြဖွယ် တွေ့မြင်ရပေမည်။


၂။ ဝက်ခြံ ပျောက်ကင်းစေရန်

          အချို့လူ တော်တော်များများ၏ မျက်နှာပေါ်တွင် ဝက်ခြံများ ပေါက်နေတတ်သည်။ ထိုသို့ဝက်ခြံပေါက်နေပါက ထိုဝက်ခြံဖုများကို မသန့်ရှင်းသော လက်ဖြင့်ညှစ်ခြင်း၊ ဆိတ်ခြင်း လုံးဝမပြုလုပ်ရပါ။ မသန့်ရှင်းသောလက်ဖြင့် ဝက်ခြံကို ကိုင်တွယ်ခြင်းပြုမိပါက လက်ဆိပ်တက်၍ ဝက်ခြံများ ပိုပွားနိုင်ခြင်း၊ ဝက်ခြံရင်းကာ ရောင်လာခြင်း၊ အနာဖြစ်ခြင်း၊ အနာဖြစ်ပြီးနောက် အမာရွတ်ကျန်ခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ဝက်ခြံပေါက်နေပါက ဝက်ခြံပျောက်ဆေးကိုအသုံးပြုခြင်း၊ မျက်နှာသစ်ဆပ်ပြာ ကောင်းကောင်းသုံးခြင်းဖြင့် ဝက်ခြံပျောက်ကင်းစေရန် ပြုလုပ်ပါ။


၃။ ည အိပ်ရေး မပျက်စေရန်

          ည အိပ်ရေး မပျက်စေရန် သတိထား၍ ဂရုပြုပါ။ မျက်နှာပိုင်း အရေပြား၏ အကောင်းအဆိုးသည် ညအိပ်ရေးပျက်ခြင်းနှင့် အထူးသက်ဆိုင်နေပါသည်။ ထို့ကြောင့် ညအိပ်ရေးပျက်သည့် အကြိမ်များလာသည်နှင့်အမျှ မျက်နှာပိုင်း အရေပြား၏ ပျက်စီးမှုသည်လည်း ပိုဆိုးလာနိုင်သည်။ သို့ပါ၍ ညအိပ်ရေးမပျက်စေရန် အထူးဂရုပြုသင့်ပေသည်။


၄။ လက်သန့်ရှင်းပါ

          မသန့်ရှင်းသော လက်ဖြင့် မျက်နှာအရေပြားကို မကိုင်တွယ်မိစေရန် အထူးသတိပြုပါ။ လက်တွင် မမြင်နိုင်သည့် ပိုးမွှားများ ကပ်နေတတ်သဖြင့် မျက်နှာပိုင်းကို ကိုင်တွယ်မည်ဆိုပါက လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောပြီးမှ ကိုင်တွယ်ပါ။


၅။ မျက်နှာကို သန့်ရှင်းစွာထားခြင်း

          မိမိ၏ မျက်နှာအရေပြားကို သန့်ရှင်းစင်ကြယ်အောင် ထားပါ။ မိမိမျက်နှာအရေပြားနှင့် ဓာတ်တည့်သော မျက်နှာသစ်ဆပ်ပြာ တစ်ခုကို ရွေးချယ်၍ အသုံးပြုပါ။


၆။ မိတ်ကပ်များ ဖျက်ခြင်း

          တစ်နေကုန် အလှပြင်၍ လိမ်းထားသော မိတ်ကပ်များကို ညအိပ်ရာဝင်ချိန်တွင် သန့်ရှင်းအောင် ဖျက်ရန် လိုအပ်ပါသည်။ မိတ်ကပ်စင်အောင် ဖျက်ပြီးမှ ညအိပ်ရာဝင်သင့်ပါသည်။


၇။ မျက်နှာသုတ်ပဝါ ရွေးချယ်ခြင်း

          မျက်နှာသုတ်ပဝါ အသုံးပြုမည်ဆိုပါက နူးညံ့သန့်ရှင်းသော မျက်နှာသုတ်ပဝါကိုသာ အသုံးပြုသင့်ပါသည်။ မိမိအသုံးပြုနေသော မျက်နှာသုတ်ပဝါကို မကြာခဏ လျှော်ဖွပ်ပေးပါ။


၈။ မျက်နှာအား နှိပ်နယ်ခြင်း

          မျက်နှာပေါ်ရှိ ချွေးပေါက်များ မကျယ်စေဘဲ မျက်နှာအသားအရေကောင်းမွန်လာစေရန် မကြာခဏ မျက်နှာကို နှိပ်နယ်ပေးရန် လိုအပ်ပါသည်။ မျက်နှာပိုင်းကို မနှိပ်တတ်ပါက Spa ဆိုင်များနှင့် အချို့ အလှပြင်ဆိုင်များတွင် အချိန်သတ်မှတ်ပြီး မကြာခဏ သွားနှိပ်ပါ။ ထိုသို့ မျက်နှာပိုင်းကို နှိပ်နယ်ပေးခြင်းသည် အဟောင်းပျက် အသစ်ပြန်ဖြစ်သော ဖြစ်စဉ်ကို ပိုတိုးတက်လာစေကာ မျက်နှာပိုင်းအသားအရေအလွန် ကောင်းမွန်လာပါလိမ့်မည်။


၉။ နေလောင်ဒဏ်ကို ကာကွယ်ပါ။

          နေပူထဲသို့ ထွက်မည်ဆိုပါက မျက်နှာပိုင်း အသားအရေကို မထိခိုက်စေရန် နေလောင်ဒဏ် ကာကွယ်နေသော လိမ်းဆေးကို လိမ်းပြီးမှ နေပူထဲသို့ ထွက်ပါ။


၁၀။ အလှကုန်ပစ္စည်း ရွေးချယ်ခြင်း

          အလှကုန်ပစ္စည်းများ အသုံးပြုရာတွင် မိမိမျက်နှာ အရေပြားနှင့် သင့်တော်မည့် အလှကုန် ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုသင့်ပါသည်။ မသင့်လျော်သည့် အလှကုန်များ အသုံးပြုခြင်းသည် မိမိ၏ မျက်နှာပိုင်းအသားအရေကို ဆိုးရွားစေတတ်သည်။


၁၁။ မျက်နှာပေါင်းတင်ခြင်း

          မကြာခဏ မျက်နှာကို ပေါင်းတင်ပေးပါက မျက်နှာအရေပြားအတွင်းရှိ (ကြေး) ဂျီးများ၊ အညစ်အကြေးများ ထွက်သွားကာ မျက်နှာအရေပြားကို ပို၍ ချောမွတ် ဖြူုဝင်းလှပစေနိုင်သည်။

Credit : ရွှေပြည့်အိမ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18