Print

မျက်ကွင်းညိုနဲ့ မျက်အိတ်တွဲတာကို သဘာဝနည်းနဲ့ ဖယ်ရှားခြင်း

  30-Nov-2019
Preview Image

          အသက်ရလာရင်၊ မျက်အိတ်ကနှစ်ဖက်လုံး  မျက်စိအောက်ဘက်မှာ ဖောင်းမို့ တွဲကျလာတယ်။ ပန်ဒါဝက်ဝံတွေလို မျက်ကွင်းညိုတာကလည်း တချို့လူတွေမှာ အရုပ်ဆိုးစွာ ဖြစ်ပေါ်လာကြတယ်။ အဲဒီလိုမျိုးက တချို့လူတွေမှာ ပိုဖြစ်လွယ်တာ တွေ့ရပါတယ်။ အထူးသဖြင့် အိပ်ရေးပျက်များသူ၊ အလှပြင်ပစ္စည်းတွေနဲ့ မျက်လုံးပတ်လည် ကြမ်းတမ်းစွာ ဆွဲလိမ်းလေ့ရှိသူ၊ အငန်နဲ့ ဆော်ဒါပါတဲ့ အစားအစာ အစားများသူတွေမှာ အဲဒါတွေ ပိုဖြစ်လွယ်တာ တွေ့ရတယ်။

          မျက်ကွင်းညိုညို မျက်အိတ်ဖောင်းဖောင်းဖြစ်စေတဲ့ အကြောင်းတွေက အိပ်ရေးပျက်တာ၊ အားအင်ကုန်ခမ်းနေတာ၊ ပင်ပန်းနုံ့ချည့်နေတာတွေကြောင့် အဲဒါတွေပိုသိသာလာစေတယ်။ အချိန်တွေကြာလာလေလေ မျက်အိတ်ထဲမှာ အဆီတွေ အရည်တွေ စုဆောင်းလာပြီး ရောင်ရမ်းခြင်းဖြစ်စဉ်တွေ ဆက်လက်ပေါ်လာစေတယ်။ အဲဒီနောက်ပိုင်းမှာတော့ မျက်ကွင်းညိုတာက အဖတ်တင်ကာ၊ ထင်ရှားလာတော့တယ်။ အလှဖျက်နေတဲ့ အဲဒါတွေပျောက်ကင်းဖို့ အမျိုးသမီးကြီးငယ်က ဈေးကြီးတဲ့ အလှပြင်ပစ္စည်းတွေ ဝယ်လိမ်းကြတယ်။ ငွေကုန်များသလောက် အကျိုးကျေးဇူးက သိပ်မသေချာလှပါဘူး။ တချို့လည်း ငွေကုန်သံပြာဖြစ်ရပေမယ့် မျက်အိတ်နဲ့ မျက်ကွင်းညိုက မပျောက်နဲ့ စိတ်ရှုပ်ကြရပါတယ်။

          အဲလိုဈေးကြီးတဲ့ဟာတွေ သုံးမယ့်အစား တကယ်သက်သာစေတဲ့ သဘာဝနည်းလမ်းလေးတွေကို လေ့လာဖော်ပြပေးလိုက်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်းမရှိ။ ကရိကထလည်း နည်းပါး၊ အကုန်အကျလည်း မများ၊ ပြင်ဆင်ရတာလည်း လွယ်ကူတာကြောင့် စာရေးသူကိုယ်တိုင်တောင် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။


() ကန်စွန်းဥ Sweet Potato

          ကန်စွန်းဥမှာ အသားဖြူစေတဲ့ သတ္တိရှိတယ်။ ရေဓာတ်အပြည့်ပါပြီး အသားအရေကို စွတ်စိုနေစေတယ်။ ရောင်ရမ်းနေရင် အရောင်ကျစေတယ်။ ကန်စွန်းဥကို ပါးလွှာနေအောင်စိတ်ပြီး ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်ခန့် အအေးခံထားပါ။ အေးလာမှ အပေါ်နဲ့ အောက်မျက်ခွံတွေပေါ်ကို အသာဖိကပ်ပေးထားပါ။ ခြောက်မှ အလိုအလိုကွာကျသွားပါလိမ့်မယ်။ ဒါမှမဟုတ် ၁၅ မိနစ်ကြာအောင် ကပ်ထားပေးပါ။ နေ့စဉ် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။


() သခွားသီး

          သခွားသီးမှာ ရောင်ရမ်းတာကျစေတဲ့ အစွမ်းထက်သတ္တိတွေ အတော်ပါရှိတယ်။ သခွားသီးကို ဒသမ ၅ စင်တီမီတာအထူလောက်လေးတွေ ဖြစ်အောင်စိတ်ပြီး ရေခဲသေတ္တာထဲ ၁၅ မိနစ်လောက်အေးသွားအောင်ထားပါ။ အေးလာတော့၊ မျက်ခွံအပေါ်ရော အောက်ဘက်ပါ လုံအောင်ဖုံးအုပ်ပြီးကပ်ထားပေးပါ။သခွားသီးအဖတ်လေး ပူလာရင် အသစ်တစ်ခုနဲ့ လဲလှယ်ကပ်ပေးနိုင်ပါတယ်။ မိနစ် ၂၀ လောက်ကြာအောင် အဲလိုအချိန်မှန်လုပ်ပေးရုံနဲ့ မျက်ခွံတင်းရင်းလာတာ သိသာလာပြီး နေ့စဉ် ပြုလုပ်ပေးရင် မျက်ကွင်းညိုတာကိုပါ ပျောက်ကင်းလာစေပါတယ်။


() လက်ဖက်စိမ်း Green Tea

          လက်ဖက်စိမ်းကလည်း ရောင်ရမ်းတာ ကျစေတယ်။ မျက်လုံးပတ်လည် အရည်စုတာ ကာကွယ်ပေးတယ်။ ကိုယ်ခန္ဓာအတွင်းမှာ အဆိပ်အတောက်တွေ ကင်းစင်အောင် ဖယ်ရှားပေးတယ်။ အဲဒီလက်ဖက်စိမ်းကို ဆူပွက်နေတဲ့ ရေနွေးနဲ့စိမ်ပြီး နေ့စဉ်နံနက်နဲ့ ညနေ မတ်ခွက်တစ်ခွက်စီသောက်ပေးသင့်ပါတယ်။ အဲလိုရေနွေးကြမ်းအဖြစ်သောက်ပြီး ကျန်တဲ့လက်ဖက်စိမ်းအထုတ်လေးတွေကို ရေနွေးနွေးနဲ့ ခဏစိမ်ကာ ခပ်နွေးနွေးဖြစ်တော့ ခပ်ဖွဖွညှစ်ပစ်ပါ။ ပြီးရင် မျက်ခွံပေါ် နှစ်ဖက်လုံး တစ်ဖက်တစ်အိတ်စီ ၁၅ မိနစ်လောက် တင်ထားပေးပါ။ မျက်ခွံညောင်းတာပါ သက်သာစေတယ်။ ပြီးတော့မှ ရေအေးနဲ့ မျက်နှာသစ်ပစ်နိုင်ပါတယ်။


() နွားနို့ သို့မဟုတ် ဆိတ်နို့

          နွားနို့ သို့မဟုတ် ဆိတ်နို့အနည်းငယ်ကို ရေခဲသေတ္တာထဲ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ထည့်ထားပြီး အေးလာတဲ့အခါ ဂွမ်းလုံးလေးတွေ ထည့်နှစ်ပါ။ အဲဒီဂွမ်းလုံးလေးတွေကို ခပ်ဖွဖွ ညှစ်ပစ်ပြီး မျက်ခွံနဲ့ မျက်လုံးပတ်လည်ကို ဖုံးအုပ်ကာ ၁၅ မိနစ်ခန့် တင်ထားပေးရတယ်။ အချိန်ပြည့်မှ ရေအေးနဲ့ ဆေးကြောပစ်ရပါတယ်။


() ပန်းသီးနဲ့ အုတ် (ကွေကာအုတ်)

          ပန်းသီးတစ်လုံး အနေတော်လောက်ကို အတုံးလေးတွေစိတ်ပြီး ရေခဲသေတ္တာထဲ ၁၅ မိနစ်လောက် အေးအောင်ထည့်ပြီးနောက် အေးလာရင်၊ ကွေကာအုတ် Raw Oat စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောကာ ဘလင်ဒါထဲ ရောကြိတ်ပေးပါ။ အနှစ်ရလာတော့ မျက်လုံးပတ်လည် အပါအဝင် မျက်နှာတစ်ပြင်လုံးကို အနှံ့လိမ်းပေးရင်း စက်ဝိုင်းပုံ ခပ်ဖွဖွနှိပ်နယ်ပေးပါ။၁၅ မိနစ်ကြာအောင် အဲဒီလိမ်းထားတဲ့ Mask ဖုံးထားပြီးမှ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပစ်ပေးပါ။

          ပန်းသီးက မျက်နှာကြွက်သားတွေကို အညောင်းအညာ ပြေစေပြီး မျက်နှာတစ်ပြင်လုံးကိုလည်း သွေးလည်ပတ်မှုကောင်းစေတယ်။ အကြောအခြင် လျော့စေတယ်။ တစ်နေကုန် အလုပ်ထဲမှာ ပတ်ဝန်းကျင်လေထုထဲမှာ ပင်ပန်းလာတဲ့မျက်နှာကို ညစဉ် သို့မဟုတ် ရက်ခြားအထက်ပါအတိုင်း ပြုလုပ်ပေးရင် ဖြူစင်ဝင်းမွတ်တဲ့ အသားအရေနဲ့အတူ မျက်အိတ်တွဲတာ၊ မျက်ကွင်းညိုတာတွေပါ ပျောက်ကင်းလာစေတယ်။

          အထက်ပါ နည်းတွေထဲက မိမိနဲ့ အဆင်ပြေမယ့် ကြိုက်ရာနည်းတစ်ခုခု သို့မဟုတ် နှစ်ခုလောက်ကို နေ့စဉ်ပြုလုပ်ပေးနိုင်ရင် တင်းရင်းလာတဲ့မျက်နှာအသားအရေ၊ လျော့ပါးပျောက်ကွယ်လာတဲ့ မျက်အိတ်နဲ့ အရောင်ဖျော့လာတဲ့ မျက်ကွင်းညိုတာတွေကို ကျေနပ်စွာ ရရှိလာမှာ ဖြစ်ပါတယ်။ နေ့စဉ် မလုပ်နိုင်ရင်တော့ တစ်ပတ်မှာ လေးငါးကြိမ်လောက် အနည်းဆုံးထားကာ လိုက်နာပေးရင် မိမိအတွက် အကျိုးရှိမှာ သေချာလှပါတယ်။


တခြား လိုက်နာသင့်သည်များ

၁။ တစ်ကိုယ်ရေ သန့်ရှင်းဖို့ အရေးကြီးသလို အိပ်ရေးဝအောင်အိပ်ဖို့ လိုအပ်ပါတယ်။ အိပ်တော့ အိပ်နေပေမယ့် ကြက်အိပ် ကြက်နိုးသဘောမျိုး ကောင်းကောင်းအိပ်မပျော်ဘဲ နိုးလိုက်အိပ်လိုက် ဖြစ်နေရင်လည်း အိပ်ရေးမဝပါဘူး။ အိပ်ချိန်မှန်ပြီး တစ်နေ့ကို ခုနစ်နာရီမှ ရှစ်နာရီခန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သင့်ပါတယ်။ အိပ်ရေးမဝရင် ငြီးစီစီနဲ့ လေးလံထိုင်းမှိုင်းနေရင် မျက်ကွင်းညိုတာနဲ့ မျက်အိတ်တွဲတာက ပိုထင်ရှားလာစေမှာ ဖြစ်တယ်။ ကောင်းစွာအနားမယူဘဲ အလုပ်တွေသာ ဖိကျုံးလုပ်နေရင် ပင်ပန်းတာနဲ့အမျှ ကိုယ်လက် မအီမသာဖြစ်မှုနဲ့အတူ မျက်အိတ်တွဲကာ မျက်ကွင်းညိုတာက ဘာဆေးသုံးသုံး ဘယ်နည်းပဲလိုက်နာလိုက်နာ သက်သာပျောက်ကင်းလာမှာ မဟုတ်ဘူး။


၂။ ကိုယ်ခန္ဓာအတွင်း ရေဓာတ် ပိုစုဆောင်းလာစေတဲ့ ဆားအငန်များတဲ့ အစားအသောက်တွေ၊ ဆော်ဒါပါတဲ့ အချိုရည်မျိုးစုံနဲ့ အမြန်စာမျိုးစုံကို အထူးသတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်။

          သွေးလှည့်ပတ်မှု ကောင်းအောင်သွက်လက်လှုပ်ရှားတဲ့ လူနေမှုစတိုင်အတိုင်း နေထိုင်သင့်ပါတယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားတဲ့ လူနေမှုစတိုင်အတိုင်း နေထိုင်သင့်ပါတယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုအဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နာရီဝက်တစ်နာရီလောက် အမြဲပြုလုပ်သင့်ပါတယ်။


၃။ နေ့စဉ် ရေအနည်းဆုံး နှစ်လီတာကျော်ကျော် သောက်ပေးသင့်တယ်။ ရေဓာတ်ဆုံးရှုံးမှုများတဲ့ ပူတဲ့ရာသီဥတုအတွင်းနဲ့ အော့အန်၊ ဝမ်းပျက်ဝမ်းလျှော ဖျားနာနေတဲ့အခါမျိုးမှာ ရေနဲ့ ဟင်းချို စွပ်ပြုတ်၊ ထမင်းရည်၊ လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေကို ခါတိုင်းထက် ပိုသောက်ပေးရမယ်။ အဲဒီလို ရေဓာတ်အပြည့်အဝရနေပါမှ မလိုအပ်တဲ့ အညစ်အကြေးတွေကို ကိုယ်ခန္ဓာ ပြင်ပသို့ အကုန်စွန်ပစ်နိုင်မယ်။ မျက်နှာနဲ့ တစ်ကိုယ်လုံး အရေပြားကျန်မာရေးလည်း ပိုကောင်းလာစေမယ်။ ကိုယ်ခန္ဓာအတွင်းမှာ အရည်တွေစုလာမနေစေတော့ဘူး။ အဲလိုသာ ရေဓာတ်ပြည့်ဝအောင် သောက်ပေးရင် မျက်ကွင်းညိုတာက အမြန်သက်သာ ပျောက်ကင်းစေတာတွေ့ရတယ်။


၄။ ဆီးရွှင်စေတဲ့ ကညွှတ်ကို ကြော်ချက်ပြုတ်ပြီး စားသောက်သင့်တယ်။ လက်ဖက်စိမ်း၊ လက်ဖက်ရည်ကြမ်းကိုလည်း နေ့စဉ် သောက်သုံးသင့်တယ်။


၅။ အသားအရေကို ပျက်စီးစေတဲ့ အပူနဲ့ နေရောင်ကနေ မျက်နှာနဲ့ တစ်ကိုယ်လုံးက အရေပြားတွေကို အကာအကွယ်ပေးထားသင့်တယ်။ အပြင်ဘက်သွားရင် ထီး၊ ဦးထုပ်၊ ခမောက်ဆောင်းသွားသင့်သလို နေရောင်ကာလိမ်းဆေးတွေ လိမ်းသင့်တယ်။ မျက်နှာအသားအရေကို မခြောက်သွေ့အောင် စိုထိုင်းစ ထိန်းပေးတဲ့ လိမ်းဆေးခရင်မ်တွေလည်း နေ့စဉ်လိမ်းပေးသင့်တယ်။  အဲဒီလိမ်းဆေးတွေကလည်း သဘာဝနည်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်သင့်တယ်။


၆။ မျက်လုံးပတ်လည် အရေပြားကို မကြာခဏ ကြမ်းကြမ်းတမ်းတမ်းပွတ်သပ်တာ နှိပ်နယ်တာ မလုပ်သင့်ဘူး။ ယုတ်စွအဆုံး မျက်နှာသစ်အပြီးနဲ့ ရေချိုးပြီးချိန်မှာလည်း မျက်နှာပေါ်ကို ကြမ်းတမ်းစွာ ပွတ်သုတ်တာတွေ ရှောင်ကြဉ်သင့်တယ်။ မျက်လုံးပတ်လည်က အရေပြားဟာ သိပ်နူးညံ့လွန်းတာကြောင့် အရမ်းကြီး ပွတ်သပ်နေရင် သွေးကြောတွေနဲ့ အရေပြားအောက်က တစ်သျှူးနုလေးတွေကို ထိခိုက်ပျက်စီးစေတယ်။


အဲလို ထိခိုက်ပျက်စီးစေတာက မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာတွေ ထပ်ဖြစ်ပေါ်လာစေတယ်။


၇။ အလှပြင်ပစ္စည်းမျိုးစုံသုံးရင် အသားအရေပျက်စီးမှုခံရတာ အဖြစ်များပါတယ်။ ပါတဲ့ဓာတုပစ္စည်းတွေက အသားအရေကို ထိခိုက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒါတွေက မျက်လုံးပတ်လည်မှာ အရည်တွေစုလာစေပြီး ရောင်ရမ်းမှုဖြစ်စဉ်တွေ ပေါ်လာစေတယ်။ မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာအရေပြားကို မညီညီအောင် ပွတ်သပ်လိမ်းကျံကြတဲ့အခါ အရေပြားတွန့်တာ အပါအဝင် မျက်အိတ်တွဲတာ၊ မျက်ကွင်းညိုတာတွေပါ အဆစ်ရလာမှာမို့ ရှောင်ကြဉ်သင့်ပါတယ်။

 

         အထက်ပါဆောင်ရန်ရှောင်ရန်တွေ လိုက်နာမယ်ဆိုရင် အသက်ရလာလည်း အသားအရေပြည့်ပြည့်လေးနဲ့ ကြည့်ကောင်းတဲ့ မျက်နှာပြင်ဖြစ်လာပါလိမ့်မယ်။ အလှဖျက်တဲ့ မျက်အိတ်တွဲတာ၊ မျက်ကွင်းညိုတာတွေလည်း သက်သာပျောက်ကင်း လာပါလိမ့်မယ်ဆိုတာ အကြံပြု ဖော်ပြပေးလိုက်ပါတယ်။

Credit : ဒေါက်တာ မြမြချယ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18