Print

ဆယ်ကျော်သက်တိုင်း သိသင့်သော အလှအပဆိုင်ရာ လျှို့ဝှက်ချက်များ

  29-Nov-2019
Preview Image

          ဆယ်ကျော်သက် မိန်းကလေးတွေအနေနဲ့ အလှအပ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ တခြား အသက်အရွယ်ရှိတဲ့ အမျိုးသမီးတွေနဲ့ မတူညီတဲ့အချက်တွေရှိပါတယ်။ နုနယ်ပျိုမျစ်တဲ့ ဖူးသစ်စအရွယ်မှာ မိတ်ကပ်တွေကို အလွန်အကျွံလိမ်းဖို့ မလိုအပ်ပါဘူး။ ငယ်ရွယ်နုပျိုတဲ့ အလှကို ပေါ်လွင်အောင်သာ လိမ်းခြယ်သင့်ပါတယ်။ ဒါပေမယ့် အသားအရေ ထိန်းသိမ်းမှုတွေကိုတော့ ဆယ်ကျော်သက်အရွယ်ကတည်းက လုပ်ဆောင်ထားဖို့ လိုပါတယ်။ ဒါကြောင့် အလှအပပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ သိသင့်သိထိုက်တဲ့ အခြေခံအချက်တွေကို ဆယ်ကျော်သက်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။


၁။ အောက်ခံမိတ်ကပ် လျှော့ပါ

          ဝက်ခြံပေါက်နေတဲ့အချိန် ဆယ်ကျော်သက် မိန်းကလေးတွေ အများဆုံးလုပ်လေ့ရှိတာကတော့ အောက်ခံမိတ်ကပ်ထူထူကြီးလိမ်းပြီး ဝက်ခြံကိုဖုံးဖို့ ကြိုးစားကြခြင်းပါ။ အောက်ခံမိတ်ကပ်ကို အထူကြီး မလိမ်းပါနဲ့။ အောက်ခံမိတ်ကပ် Foundation ဆိုတာ အသက် ၄၀ကျော် အမျိုးသမီးတွေအတွက်သာ အဓိက လိုအပ်တာပါ။ ဆယ်ကျော်သက် မိန်းကလေးတွေအတွက်ကတော့ အောက်ခံမိတ်ကပ်ဟာ သဘာဝအတိုင်း နုနယ်ပျိုမျစ်တဲ့ အလှကို ဖုံးကွယ်စေပြီး ရုပ်ရင့်သွားစေပါတယ်။ ဒါကြောင့် ဝက်ခြံ ဒါမှမဟုတ် တခြား အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့အတွက် အစက်အပြောက်ဖုံးမိတ်ကပ် Concealer ကိုသာ သုံးပြီး ပေါင်ဒါမှုန့် ထပ်ထည့်ပေးပါ။


၂။ Concealer ကို ပွတ်မလိမ်းပါနဲ့

          Concealer လိမ်းတဲ့အခါ လက်သူကြွယ်ထိပ်လေးနဲ့ နည်းနည်းလေးယူပြီး လိမ်းချင်တဲ့ (အပြစ်အနာအဆာကို ဖုံးကွယ်ချင်တဲ့) နေရာမှာ အသာအယာလေး ပုတ်ပြီးလိမ်းပါ။ ပွတ်မလိမ်းပါနဲ့။ ဝက်ခြံပေါ်မှာ ဖုံးချင်တာဆိုရင်တော့ ဝက်ခြံထိပ်မှာ Concealer ကို ပုတ်လိမ်းပေးပါ။


၃။ နည်းလေ ကောင်းလေ

          ဆယ်ကျော်သက်တွေတင် မက ဘယ်အသက်အရွယ်ရှိသူအတွက်ပဲဖြစ်ဖြစ် မိတ်ကပ်တွေ များလွန်းခြင်းက အရုပ်ဆိုးစေပါတယ်။ ဆယ်ကျော်သက်တွေအနေနဲ့လည်း အခမ်းအနားတစ်ခုကို သွားဖို့အတွက် မဟုတ်ဘဲ နေ့စဉ်ကျောင်းသွားဖို့အတွက် ပြင်ဆင်ရာမှာ အောက်ခံမိတ်ကပ်၊ ပေါင်ဒါ၊ ပါးနီ၊မျက်တောင်ကော့ဆေးကတော့ Mascara၊ ဝက်ခြံအတွက် Concealer နဲ့ နှုတ်ခမ်းလေးရွှန်းစိုတောက်ပနေဖို့ Lip Gloss လေးသာ ဆိုးပါ။ တကယ်လို့ နှုတ်ခမ်းကို နှုတ်ခမ်းနီအရောင်ရင့်ရင့် ထင်ထင်ရှားရှားဆိုးထားရင် မျက်နှာကို မှုန်မှုန်လေးသာပြင်ပြီး မျက်လုံးကိုလည်း Mascara နဲ့ အိုင်းရှဲဒိုး အရောင်ဖျော့ဖျော့လေးသာ တင်ပါ။ အိုင်းလိုင်နာတွေ အလွန်အကျွံမဆိုးပါနဲ့။ မျက်လုံးရော၊ နှုတ်ခမ်းကိုပါ တစ်ပြိုင်နက်တည်း ထင်ရှားလွန်းအောင် ပြင်ရင် ဆပ်ကပ်ထဲက လူရွှင်တော်နဲပ တူသွားပါလိမ့်မယ်။


၄။ သဘာဝဆံပင်က ပိုကောင်းတယ်

          ဒီနေ့ခေတ်မှာ ဆယ်ကျော်သက်တွေကြားမှာ ဆံပင်အရောင်ဆိုးခြင်းက ခေတ်စားလှပါတယ်။ ဆံပင်အားလုံးကို တစ်ရောင်တည်းဆိုးတာပဲဖြစ်ဖြစ်၊ Highlight ဖောက်တာပဲဖြစ်ဖြစ်၊ သဘာဝနဲ့ နီးစပ်တာက ပိုကြည့်ကောင်းပါတယ်။ ဆယ်ကျော်သက် ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်မှာ နဂိုသဘာဝရှိနေတဲ့ အသားရောင်၊ မျက်နှာသွင်ပြင်၊ စတိုင်ဟန်ပန်တွေနဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင်မျိုးဖြစ်ဖို့ လိုပါတယ်။ Highlight ဖောက်ရင်လည်း မျက်နှာနားတစ်ဝိုက်မှာပဲ အများကြီးဖောက်ထားခြင်းက အပေါစားဆန်သွားစေနိုင်တာကို သတိထားသင့်ပါတယ်။


၅။ ဆံပင်ကို စတင်ညှပ်ခြင်း

          ဆယ်ကျော်သက်တွေမှာ ဘယ်လိုဆံပင်မျိုးပဲရှိရှိ အလွှာအထပ်တွေနဲ့ စတင်ညှပ်ခြင်းဟာ မမှားနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ စတင်ညှပ်ခြင်းဟာ ပါးတဲ့ဆံပင်ကို ယူသယောင်ဖြစ်စေပြီး ကောက်ဆံပင်ကိုလည်း အရမ်းမပွစေဘဲ ပြုပြင်ထိန်းသိမ်းရ လွယ်ကူစေပါတယ်။ လှိုင်းပါတဲ့ ဆံပင်ကိုလည်း ပိုပြီး ပုံကျလှပစေနိုင်ပါတယ်။ ဆယ်ကျော်သက်တွေကို ခေတ်နဲ့အညီလည်း လှပစေနိုင်ပါတယ်။


၆။ အဓိက အလှကုန်ပစ္စည်းအတွက် ငွေသုံးပါ

          ဆယ်ကျော်သက်တွေဟာ အသားအရေထိန်းပစ္စည်းတွေ ဝယ်မယ်ဆိုရင် နေ့စဉ်နှင့်အမျှ လိမ်းဖို့ ရည်ရွယ်တဲ့ အဓိကပစ္စည်းတွေကို အရည်အသွေးကောင်းတာကိုသာ ရွေးချယ်ပါ။ အစိုဓာတ်ထိန်းလိမ်းဆေး Moisturizer ၊ ပေါင်ဒါ၊ အိုင်းရှဲဒိုးနဲ့ နှုတ်ခမ်းနီတွေအတွက် ငွေကုန်ခံရမှာကို မနှမြောပါနဲ့။ ဒီပစ္စည်းတွေအတွက် အရည်အသွေးကောင်းတဲ့ပစ္စည်းနဲ့ အပေါစားပစ္စည်းတွေအကြား သိသိသာသာကွာခြားမှု ရှိတဲ့အတွက်ပါ။ ဒါပေမယ့် ဖန်စီ Mascara တွေ၊ အိုင်းလိုင်နာတွေနဲ့ Lip Gloss တွေအတွက်တော့ ငွေကုန်မခံပါနဲ့။


၇။ အလှကုန်ပစ္စည်းတွေရဲ့ သက်တမ်းကိုဂရုစိုက်ပါ

          ဆယ်ကျော်သက်တွေဟာ ဈေးပေါပေါနဲ့ ပေါ်ပင်အလှပြင်ပစ္စည်းတွေကို ဝယ်လိုက်ပြီး အရည်အသွေး မကောင်းလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် ကြိုက်လို့ပဲဖြစ်ဖြစ် ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို မသုံးဖြစ်လို့ မကုန်နိုင်ဘဲ စုမိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီပစ္စည်းတွေကို လွှင့်ပစ်ရမှာလည်း နှမြောတဲ့အတွက် သိမ်းထားရင်း သိမ်းထားရင်းနဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီပစ္စည်းတွေရဲ့ သက်တမ်းကုန်သွားပြီး ပျက်စီးသွားပါတယ်။ သက်တမ်းလွန်ပြီး ပျက်စီးနေတဲ့ အလှကုန်ပစ္စည်းတွေကို မသိဘဲသုံးမိရင် အန္တရာယ်ရှိပါတယ်။

          ဒါ့ကြောင့် ဆယ်ကျော်သက်တွေမှာ မသုံးဖြစ်ဘဲ နှစ်နဲ့ချီအောင်သိမ်းထားတဲ့ အလှကုန်ပစ္စည်းတွေရှိရင် အခုပဲ လွှင့်ပစ်လိုက်ပါတော့။ နောက်တစ်ကြိမ်အလှကုန်ပစ္စည်းတွေဝယ်မယ်ဆိုရင် ကိုယ်တကယ်လိုအပ်မယ့်ပစ္စည်း၊ ကိုယ်တကယ်သုံးချင်တဲ့ပစ္စည်း၊ အရည်အသွေးကောင်းတဲ့ပစ္စည်း ဟုတ်မဟုတ် သေချာဆန်းစစ်ပြီးမှ ဝယ်ပါ။ ဝယ်ထားတဲ့ပစ္စည်းကိုလည်း အရင်ဝယ်တာကို အရင်လိမ်းပါ။

Credit : ဒေါက်တာ ကျော်ကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18